Wednesday, March 26, 2008

မြန်မာပြည်သူလူထုကို အကာအကွယ်ပေးရန် ပျက်ကွက်ဟု

  • ပီတာအောင်/ ၂၆ မတ် ၂၀၀၈
စစ်အစိုးရ၏ ဖိနှိပ်ခံနေရသည့် မြန်မာပြည်သူတို့ကို ကုလသမဂ္ဂက အကာအကွယ်ပေးရန် ပျက်ကွက်ကြောင်း သံဃာ့တပ်ပေါင်းစုနှင့် ၈၈ မျိုးဆက်ကျောင်းသားများက ယနေ့ ပူးတွဲ ကြေညာချက်ထုတ်ပြန်၍ ပြစ်တင်ရှုတ်ချလိုက်သည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီသည် မတ်လ (၁၈) ရက် က လုံခြုံရေးကောင်စီသို့ မြန်မာကိစ္စအစီရင်ခံရာ၌ မြန်မာနိုင်ငံ၏အခြေအနေမှန်ကို ပကတိ အတိုင်းတင်ပြခြင်းမရှိဘဲ တလွှဲလမ်းညွှန်မှုပေးခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အဓိပ္ပာယ်ပြည့်ဝသည့် ဆွေးနွေးမှုလုပ်ရန် စစ်အစိုးရကို ဆွဲဆောင်ရမည့်အစား စစ်အစိုးရ
၏ တဖက်သတ်လုပ်ဆောင်နေမှုတို့ကိုသာ ပံ့ပိုးပေးသလိုဖြစ်နေသဖြင့် အံ့သြ၀မ်းနည်းမိ ကြောင်း ကြေညာချက်တွင် ဖော်ပြသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်က “မစ္စတာဂမ်ဘာရီက ဘာ ပြောလဲဆိုတော့ တစုံတရာတိုးတက်မှုတော့ရှိပါတယ်။ အရင်တုန်းက နအဖနဲ့ဒေါ်စုကြားမှာ ဆက်ဆံရေးလမ်းကြောင်း မရှိခဲ့ဘူး။ အခု တွေ့ဆုံဆွေးနွေးရေး စကားပြောနေပြီ။ လူထု ဆန္ဒခံယူပွဲအတွက် အချိန်ဇယား သတ်မှတ်ထားပြီးပြီးတဲ့။ တကယ်တော့ ဒါ တိုးတက်မှုမှ မဟုတ်တာ။ တိုင်းသူပြည်သားတွေနဲ့ ကမ္ဘာသူကမ္ဘာသားတွေကို ပြဖို့လုပ်ထားတဲ့ ပြယုဂ် တခုထက် ဘာမှမပိုဘူး။ ဒါကို တွေ့ဆုံဆွေးနွေးမှုလို့ ယူဆနေရင် ကျနော်တို့ မြန်မာပြည် အရေးကိစ္စကို မစ္စတာဂမ်ဘာရီက လှည့်စားလိုက်သလို ဖြစ်သွားတယ်” ဟုပြောသည်။

မြန်မာနိုင်ငံအပေါ် ထိရောက်သည့်အရေးယူမှုပြုလုပ်ရန် လုံခြုံရေးကောင်စီ၏ ပျက်ကွက်မှု နှင့် မစ္စတာဘန်ကီမွန်းအနေဖြင့် လုံခြုံရေးကောင်စီထံသို့ မလိုက်နာမနေရဆုံးဖြတ်ချက်ချ မှတ်ပေးရေး တောင်းဆိုရန် ပျက်ကွက်ခဲ့မှုတို့ အပေါ် စိတ်ပျက်မိကြောင်း၊ ထို့အပြင် ပြီးခဲ့ သည့် (၁၈)နှစ်တာကာလအတွင်း ကုလသမဂ္ဂက အထူးကိုယ်စားလှယ်အမျိုးမျိုးကို မြန်မာ နိုင်ငံသို့ (၃၅) ကြိမ် စေလွှတ်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

“ကျနော်တို့ တိုင်းပြည်ရဲ့ရောဂါအခြေအနေမှန်ကို သူတို့မကုစားနိုင်ဘူးဆိုရင်တော့ ကမ္ဘာ့ အသိုင်းအ၀န်းကို ရောဂါရဲ့အခြေအနေမှန်ကို အမှန်အတိုင်းတင်ပြရမယ်။ မစ္စတာဂမ်ဘာရီ တို့၊ ယူအန်တို့လုပ်နေပုံက ရောဂါအခြေအနေမှန်ကိုမတင်ပြတော့ ဆေးဝါးအစစ်အမှန်ကို ပေးဖို့ခက်နေပြီ။ ကျနော်တို့ ပြည်သူပြည်သားတွေအနေနဲ့ ကိုယ့်ရောဂါကိုယ်အသိဆုံး။
အဲဒီတော့ကိုယ့်ဆေးကို ကိုယ်ဖော်ပြီးတော့ ကျနော်တို့ရဲ့ ဒီမိုကရေစီရေး တိုင်းပြည်လွတ် မြောက်ရေးအတွက်ကို ကျနော်တို့ပြည်သူတွေ ကျားကုတ်ကျားခဲနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီးတော့ လုပ်သွားမှရမယ်” ဟု ကိုထွန်းမြင့်အောင်က ပြောသည်။

အမေရိကန်၊ ယူကေ၊ ပြင်သစ်၊ ကနေဒါ၊ သြစတြေးလျ၊ အီးယူစသည့်နိုင်ငံတို့၏ အားပေး ထောက်ခံမှုများကို အင်အားတခုအဖြစ် အသိအမှတ်ပြုကြောင်းနှင့် မြန်မာ ပြည်သူများ အနေဖြင့် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်၍ တရားမမျှတမှုနှင့် စစ်အစိုးရ၏ဖိနှိပ်မှုတို့ကို ငြိမ်းချမ်းသည့်နည်းဖြင့် ရင်ဆိုင်ကာ လူထုဆန္ဒခံယူပွဲတွင် နအဖ၏ဖွဲ့စည်းပုံကို ကန့်ကွက် ကြမည်ဟု သံဃာနှင့် ကျောင်းသားအဖွဲ့တို့က ပြောသည်။

“ကျနော်တို့ရဲ့ ကန့်ကွက်မဲပေးမှုဟာ အတုအယောင်ဖွဲ့စည်းပုံကိုသာမက စစ်အစိုးရကိုပါ ကန့်ကွက်ခြင်းဖြစ်ပါတယ်။ လုံခြုံရေးကောင်စီရဲ့ အကူအညီရရ မရရ ကျနော်တို့ရဲ့ အနာ ဂတ်ကို ကျနော်တို့ ဆုံးဖြတ်ချက်ချထားပြီးဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်က မကြာ သေးခင်က ကျနော်တို့ကိုပြောထားပါတယ်။ အကောင်းဆုံးကိုမျှော်လင့်ထားပြီး အဆိုးဆုံး အတွက် ပြင်ဆင်ထားကြပါတဲ့” ဟု ကြေညာချက်၌ပါရှိသည်။

ထိုကြေညာချက်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂများအဖွဲ့ချုပ်နှင့် သံဃာ့သာမဂ္ဂီ အဖွဲ့ချုပ်တို့ ပေါင်းစည်းထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုနှင့် ၈၈ မျိုး ဆက်ကျောင်းသားများက ပူးတွဲထုတ်ပြန်ခြင်းဖြစ်သည်။ ။

0 comments: