Saturday, March 29, 2008

လူ့အခွင့်အရေးသမား အရိုက်ခံ ဒဏ်ရာနှင့် ဆေးရုံမှ ဆင်း

29-3-2008
ချင်းမိုင်။ ။ ညအချိန်တွင် နောက်ဘက်မှ ဦးခေါင်းကို အရိုက်ခဲ့ရပြီးနောက် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသခံခဲ့သော လူ့အခွင့်အရေး လှုပ်ရှားသူ ဦးမြင့်အေး ယနေ့ညနေပိုင်းတွင် ဆေးရုံမှ ပြန်ဆင်းလာပြီ ဖြစ်သည်။

လူ့အခွင့်အရေး ပညာပေးအဖွဲ့ဝင် အသက် ၅၇ အရွယ် ဦးမြင့်အေးကို ယမန်နေ့ည ၉ နာရီခန့်က စမ်းချောင်းမြို့နယ် မြေနီကုန်း မီးပွိုင့်အနီး ဗားကရာလမ်းနှင့် ပဒုံမ္မာလမ်းထောင့်တွင် ကားစောင့်နေစဉ် အမည်မသိသူများက အလစ်ဝင်ရောက် ရိုက်နှက်ခံရရာမှ ရန်ကုန်ဆေးရုံကြီးတွင် ကုသခံယူပြီးနောက် ယနေ့ညနေ ၅ နာရီတွင် နေအိမ်သို့ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်။

ဦးမြင့်အေးက “ကျနော် အိမ်စားဖို့ ခေါက်ဆွဲဝယ်ပြီးတော့ ဗားကရာလမ်းနဲ့ ပဒုံမာလမ်းထောင့်က TAXI စီးတဲ့ နေရာမှာ အနောက်ကနေ ‘ဒုတ်’ လို့ ကြားလိုက်ပြီးတော့ ရှေ့ကို ဇောက်ထိုးကျသွားတယ်။ ပြီးတော့ ကျနော် ပြန်သတိရတဲ့အချိန်မှာ ကျနော် လမ်းလျှောက်နေတယ်” ဟု ပြောသည်။

အခင်းဖြစ်ပွားပြီးနောက် သွေးသံရွဲရွဲဖြင့် ကြည့်မြင်တိုင် နေအိမ်သို့ ပြန်လာသော ဦးမြင့်အေးကို ဇနီးဖြစ်သူက ဆေးရုံပို့ခဲ့သည်။

ဇနီးဖြစ်သူ ဒေါ်လဲ့လဲ့က “ပြန်လာတော့ တကိုယ်လုံး သွေးတွေ ရွှဲပြီးတော့၊ တံခါးဖွင့်ပြီးတော့ ဘာဖြစ်တာလဲလို့ မေးတော့ သူက ပြောတယ်၊ မြေနီကုန်းမှာ လူတယောက်က ရိုက်လိုက်တယ်။ ခေါင်းကွဲ သွားပြီတဲ့။ ကျမလည်း ဘာလုပ်လို့ လုပ်ရမှန်း မသိဘူး ဖြစ်သွားတယ်။ ရဲစခန်းကို အမှုဖွင့်ပြီးတော့ ဆေးရုံ သွားမယ်ပေါ့နော်။ အနောက်ပိုင်း ဆေးရုံသွားတော့ ဆရာမတွေက နား သွေးထွက်များတော့ နားဆရာဝန် မရှိဘူး ဆိုပြီး ဆေးရုံကြီးကို သွားလိုက်တယ်လေ။ ဆေးရုံရောက်တော့ ပထမဆုံး ဓာတ်မှန် ခေါင်းကို ရိုက်ခိုင်းတယ်။ ဒဏ်ရာက ၂ လက်မလောက် နက်သွားတယ်။ ၅ ချက် ချုပ်ရတယ်လေ” ဟု ပြောသည်။

ဦးအေးမြင့်၏ လုပ်ဖော်ကိုင်ဘက်တဦးက “ရှင်းရှင်းပဲလေ။ ကိုမြင့်အေးတို့ လုပ်နေတဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုကို မကြိုက်တဲ့ အဖွဲ့အစည်းက လုပ်တယ်လို့ ထင်တယ်လေ။ အဲဒီအဖွဲ့အစည်းက ဘယ်သူတွေလဲ ဆိုတာ ကျနော် ပြောစရာတောင် မလိုတော့ဘူး၊ ရှင်းနေတာပဲလေ” ဟု သူ၏ ထင်မြင်ချက်ကို ပြောသည်။

ကာယကံရှင် ဦးမြင့်အေးက ယခုအဖြစ်အပျက်နှင့် ပတ်သက်၍ မည်သူကိုမျှ မစွပ်စွဲလိုဟု ပြောဆိုလိုက်ပြီး သူ၏ လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းများ ရပ်တန့်သွားမည်မဟုတ်ဟု ဆိုသည်။

“ကျနော်ကို ဘယ်သူရိုက်တယ်ဆိုတာ မမြင်လိုက်ဘူးပေါ့ဗျာ။ ကျနော်လည်း ရိုက်တာ၊ ပုတ်တာ၊ ဖြတ်တာတွေနဲ့ အကြောင်းမရှိတော့ ကျနော်တို့ သတိမထားမိဘူး။ တခုပြောနိုင်တာက ကျနော့် အသက်အရွယ်က လမ်းပေါ် ရန်ဖြစ်ရမယ့် အနေအထေား မဟုတ်တော့ သတိမထားမိပါဘူး။ ဘယ်တုန်းကမှ မထင်ခဲ့ဘူး” ဟု ဦးမြင့်အေးက ပြောသည်။

သူက ဆက်ပြီး “ကျနော်က မစွပ်စွဲပါဘူး။ ကျနော့်မှာ အထောက်အထားလည်း မရှိပါဘူး။ ဒါပေမဲ့ ကျနော် ပြောနိုင်တာက တခုရှိပါတယ်။ ပုဂ္ဂိုလ်ရေး ရန်စ မရှိတဲ့ အနေအထား မရှိတဲ့အတွက် ကျနော့် ကိုယ်ရေးကိုယ်တာအတွက် အရိုက်ခံရတာ မဟုတ်ပါဘူး။ ဒါက အခိုင်အမာ ပြောပါတယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှ မစွပ်စွဲပါဘူးဗျာ။ တကယ်လို့များ ကျနော်ဟာ လူ့အခွင့်အရေး လုပ်တာကို မကြိုက်ဘူးလို့ ကျနော့်ကို ခြိမ်းခြောက်တဲ့ အနေနဲ့ ဒါမှမဟုတ် အန္တရာယ် ပြုတဲ့အနေနဲ့ လုပ်တယ် ဆိုရင်တော့ ကျနော် အဲဒီ ပုဂ္ဂိုလ်ကို ကျနော် ထပ်ပြောလိုက်ပါ့မယ်။ လာထပ်ရိုက်ပါ၊ ကျနော် နောက်မဆုတ်ဘူးလို့ ပြောပါရစေ” ဟု ပြောသည်။

ဦးမြင့်အေးသည် လူ့အခွင့်အရေး ချိုးဖောက်ခံနေရသူများကို ဥပဒေလမ်းကြောင်းအရ ဦးဆောင် ဖြေရှင်းပေးနေသူ ဖြစ်ပြီး ပြည်မြို့မှ ကိုမင်းမင်း၊ လှိုင်မြို့နယ်မှ ကိုမျိုးသန့်၊ ဟသာင်္တမြို့နယ်မှ ကိုမြင့်နိုင် စသည့် လူ့အခွင့်အရေး လှုပ်ရှားသူများမှာလည်း ထောင်ကျခံနေရသည်။

ယခုလ ၂၆ ရက်နေ့ကလည်း လူ့အခွင့်အရေး ကြေငြာစာတမ်းကို ကြည့်မြင်တိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေး အပေါ်ထပ်မှ စာတမ်း ဖြန့်ဝေခဲ့သည့် ကိုထွန်းမင်းအောင်နှင့် စန်းလွင်ဦးလည်း ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ် အကျခံရသည်။

mizzima

0 comments: