Monday, April 28, 2008

သံရုံးအမှုထမ်းအားလုံးသို့ မေတ္တာရပ်ခံချက်

ရက်စွဲ-၂၈၊ ၀၄၊ ၂၀၀၈ တနင်္ဂနွေနေ့
နိုင်ငံတကာရှိ မြန်မာသံရုံးများတွင် အမှုထမ်းနေကြသော သံရုံးအမှုထမ်းအားလုံးသို့ သီရိလင်္ကာရောက် မြန်မာ ကျောင်းသား ရဟန်းတော်များအဖွဲ့အနေဖြင့် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
သင်တို့သည် နိုင်ငံရပ်ခြားတိုင်းတပါးတွင် တာဝန်ထမ်းဆောင်နေသူများပီပီ ကမ္ဘာ့အခြေအနေ အရပ်ရပ် ကို နားလည် သဘောပေါက်သည်-ဟု ယုံကြည်ပါသည်။ မည်သူမှန်သည်၊ မှားသည်-ဟု မပြောလိုပါ။ လူတိုင်း၏ မွေးရာပါအခွင့်အရေးအရ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိပါသည်။ သို့သော် သင်တို့သည် ပြည်သူတို့၏ ဘဏ္ဍာကို စားသုံးနေကြသည့် ပြည်သူ့ဝန်ထမ်းများဖြစ်ကြသည်-ဆိုတာကို မမေ့သင့်ကြပါ။
နိုင်ငံတစ်နိုင်ငံတွင် တာဝန်ထမ်းဆောင်ခွင့်ရနေခြင်းသည် မိမိနိုင်ငံသားတို့၏ ကောင်းကျိုးကို ဆောင် ရွက်ဖို့ ဖြစ်ပါသည်။ ပြည်သူကို ဒုက္ခပေးရန် မဟုတ်ပါ။ အမှန်မှာ ပြည်သူ့ဝန်ထမ်းသည် ပြည်သူတို့၏ “အရှင် သခင်” လုံးဝမဟုတ်ပါ။ ပြည်သူတို့၏ “ကျွန်” ဖြစ်သည်-ဆိုသည်ကို သတိချပ်သင့်ပါသည်။ သင်တို့သည် ပြည်သူ့ကျွန် ဖြစ်ရမည့်အစား လက်တဆုပ်စာ န အ ဖ-စစ်အာဏာရှင်တို့၏ စစ်ကျွန်ဖြစ်နေခြင်းသည် သင်တို့ အတွက်သာ မက သင်တို့၏ သားစဉ်မြေးဆက်အတွက်ပါ ရင်နင့်ဖွယ်ဖြစ်နေပါသည်။
သင်တို့သည် ခေတ်ပညာတတ် သံတမန်များပီပီ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးတွင် သင်တို့ တာဝန် ထမ်းဆောင်နေကြသည့် နိုင်ငံများနှင့် ကောင်းသောအရာတို့တွင် ရင်ဘောင်တန်းနိုင်ရန် တစ်ထောင့်တစ်နေရာ မှ ပါဝင်ဆောင်ရွက်နိုင်မည်-ဟု အလေးအနက် ယုံကြည်ပါသည်။ ယခုအခါ အချို့နိုင်ငံများရှိ သံရုံးအမှုထမ်းတို့ သည် ပြည်သူ့မျက်နှာကို မကြည့်ပဲ အာဏာရှင်အလိုကျ မောက်မာစွာ ပြုမူဆက်ဆံနေသည်ကို ကြားသိရသဖြင့် အလွန်ပင် စိတ်မချမ်းမြေ့ ဖြစ်ရပါသည်။
ထို့ကြောင့် သင်တို့သည် န အ ဖ-စစ်အာဏာရှင်အလိုကျ ပြည်သူများအပေါ် မောက်မာစွာ ဆက်ဆံ ခြင်း၊ မချေမငံ ပြုမူပြောဆိုခြင်းများကို ရှောင်ကြဉ်ပြီး ယခုဖြစ်ပေါ်နေသောအခြေအနေတွင် အမှန်တရားဘက်မှ ပြတ်သားစွာ ရပ်တည်ပေးခြင်းဖြင့် ပြည်သူ့အကျိုး သည်ပိုးပေးပါရန် အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။
သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့

0 comments: