Wednesday, April 23, 2008

ပြည်ပရောက် မြန်မာနိုင်ငံသားများ အခြေခံဥပဒေ အတည်ပြုရေး အဝေးရောက်ဆန္ဒမဲ ပေးနိုင်ပြီ

23-4-2008
ပြည်ပနိုင်ငံများတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအား အတည်ပြုရေး အဝေးရောက်ဆန္ဒမဲပေး ရေးကို သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများတွင် ဧပြီလနှောင်းပိုင်းမှစတင်၍ မဲပေးနေကြပြီဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ အဝေးရောက် ဆန္ဒမဲ ပေးမှုအစီအစဉ်ကို တောင်ကိုရီးယား၊ စင်္ကာပူ၊ ဂျပန်၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့ တွင် စတင်နေပြီဖြစ်သည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးတွင် ဧပြီလ ၁၉ ရက်နေ့မှ ၂၇ ရက်နေ့ အတွင်း နံနက် ၉ နာရီ ၃၀ မိနစ်မှ ညနေ ၅ နာရီ အထိလည်းကောင်း၊ စကာင်္ပူနိုင်ငံရှိ မြန်မာ သံရုံးတွင် ဧပြီလ ၂၅ ရက်မှ ၂၉ ရက်အတွင်းလည်းကောင်း၊ တောင်ကိုရီးယားရှိ မြန်မာသံရုံးက ဧပြီ ၂၇ ရက်တွင်လည်းကောင်း၊ ဂျပန်နိုင်ငံရှိ မြန်မာသံရုံးတွင် ဧပြီလ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့များတွင်လည်းကောင်း၊ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးတွင် ဧပြီ ၂၂ ရက်နေ့မှ စ၍ ဧပြီလ ၂၇ ရက်နေ့ အတွင်း နံနက် ၆ နာရီမှ ညနေ ၄ နာရီ အထိ လည်းကောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း ၂၀၀၈ အား အတည်ပြုနိုင်ရေး လာရောက်ဆန္ဒမဲများပေးကြရန် ဧပြီလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့ များတွင် သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများမှ မြန်မာနိုင်ငံ သားများထံသို့ ဖိတ်စာများပေးပို့၍ အသိပေးကြေညာချက်များ ထုတ်ပြန်ပေးပို့ ထားကြောင်းသိရှိရသည်။

ယင်းသို့ ဆန္ဒမဲလာရောက်ပေးရာတွင် မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားများနှင့် နိုင်ငံကူးလက်မှတ်ကို ယူဆောင်လာကြရန် အကြောင်းကြားထားသည်။

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား ၁ သိန်း ၈ သောင်းခန့် တရားဝင် နိုင်ငံကူး လက်မှတ် နှင့် နေထိုင်လုပ်ကိုင်နေကြပြီး တောင်ကိုရီးယားတွင် လက်ရှိ မြန်မာနိုင်ငံသား ၂၀၀၀ ခန့်ရှိကြောင်းသိရသည်။ ဂျပန်နိုင်ငံတွင် ဗီဇာရက်လွန်နေထိုင်သူ မြန်မာနိုင်ငံသား ၃ဝဝဝ ခန့်ရှိပြီး၊ ဗီဇာသက်တမ်း မကုန် သေးသူပေါင်း ၅ဝဝဝ ကျော်ရှိမည်ဟု ခန့်မှန်းရသည်။

အဆိုပါ ဆန္ဒမဲပေးရေးအတွက် ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ တောင်ကိုရီးယားတွင် နေထိုင်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအား ထောက်ခံမဲ ပေးရန် တိုက်တွန်းစည်းရုံးမှုများ ပြုလုပ်နေပြီး မြန်မာနိုင်ငံသားတချို့မှ လာမည့် ၂၇ ရက်နေ့တွင် ထောက်ခံမဲပေးနိုင်ဖွယ်ရှိကြောင်း မြန်မာ့အရေးလှုပ် ရှားသူတစ်ဦးမှ ပြောကြားသွားခဲ့သည်။

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့၌ ဧပြီလ ၂၂ ရက်နေ့ ညနေပိုင်းတွင် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံရေးသမားများနှင့် စာပေအသိုင်း အဝိုင်းက ဦးဆောင်ဖွဲ့စည်းထားသည့် ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ၏ အစီအစဉ်ဖြင့် ပြည်ဝင်ခွင့်ဗီဇာ သက်တမ်းလွန် မြန်မာနိုင်ငံသား ၁ဝဝ ကျော်တို့က အဝေးရောက် ဆန္ဒမဲထည့်ဝင်ခွင့်ပေးရေးကို ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ဆိုးလ်မြို့ မြန်မာသံရုံးရှေ့တွင်လည်း ဧပြီလ ၂၇ ရက်နေ့တွင် ကန့်ကွက်ပါသည်ဆိုသည့် ကန့်ကွက်မဲပုံးကြီးထောင်၍ မြန်မာ့အရေးလှုပ်ရှား သူများ စုဝေးပြီးဆန္ဒပြရန် စီစဉ်ထားကြသည်။ အလားတူ စင်္ကာပူနိုင်ငံရှိ မြန်မာ့ဒီမိုကရေစီရေး လိုလားသူများကလည်း ဧပြီ ၂၇ ရက်နေ့တွင် မြန်မာ သံရုံးသို့ သွားရောက်၍ ကန့်ကွက်မဲပေးရေး လှုပ်ရှားမှုများပြုလုပ်ရန် စီစဉ်လျှက်ရှိသည်။
Myanmarforum news

0 comments: