Saturday, April 26, 2008

မြန်မာအစိုးရနှင့် အတိုက်အခံတို့ ဆွေးနွေးရန်း ကုလလုံခြုံရေးကောင်စီ ဥက္ကဋ္ဌ ကြေညာချက် ထုတ်ပြန်နိုင်

26-4-2008


ထိန်းသိမ်းခံထားရတဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးသွားရန် မြန်မာအစိုးရအား တိုက်တွန်းထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်မူကြမ်းကို ဗုဒ္ဓဟူးနေ့က အဖွဲ့ဝင်နိုင်ငံများအကြား ထပ်မံဖြန့်ဝေလိုက်သည်။ အဆိုပါမူကြမ်းအား ကြာသပတေးနေ့တွင် လုံခြုံရေးကောင်စီသို့ တရားဝင် တင်သွင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ယခုတစ်ကြိမ်ထပ်မံဖြန့်ဝေလိုက်သည့် အဆိုပါမူကြမ်းမှာ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့က ကမကထပြု ရေးဆွဲထား ခဲ့သည်။ ဧပြီလအစောပိုင်းတွင် ဖြန့်ဝေခဲ့သည် အဆိုပါကနဦး မူကြမ်းအား တရုတ်နိုင်ငံက ကန့်ကွက်ခဲ့ပြီးနောက် ပြန်လည်ပြင်ဆင်ထားသည့် မူကြမ်းအား ယခုတစ်ကြိမ် ထပ်မံဖြန့်ဝေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အခြေခံဥပဒေမူကြမ်းအား အတည်ပြုနိုင်ရေး လူထုဆန္ဒခံယူပွဲ ကျင်းပပြုလုပ်မည့်အပေါ် ယုံကြည်ရလောက်သည့် လုပ်ငန်းစဉ် မဟုတ်သောကြောင့် ယခုလို ထုတ်ပြန်ချက်မူကြမ်းကို ပြန်လည်တင်သွင်းရန် ကြိုးပမ်းရခြင်းဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ပြည်ထောင်စု သံအမတ်က ပြောကြားသွားခဲ့သည်။

မြန်မာအစိုးရ၏ မေလ ၁၀ ရက်နေ့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းအား အတည်ပြုနိုင်စေရေးအတွက် လူထုဆန္ဒခံယူပွဲ ကျင်းပပြုလုပ် ပေးသွားမည့်အပေါ် ပြည်တွင်းပြည်ပရှိ မြန်မာ့အရေးလှုပ်ရှားသူများမှ ပြည်သူလူထုအနေဖြင့် အဆိုပါဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲများပေးကြရန် လှုံ့ဆော် တိုက်တွန်းနေပြီး မြန်မာအစိုးရက အခြေခံဥပဒေကိုထောက်ခံမှသာလျင် ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်းနှင့် ပြည်သူတစ်ရပ် လုံး၏ အမျိုးသားရေး တာဝန်တစ်ရပ်ပင်ဖြစ်ကြောင်း အစိုးရပိုင် သတင်းမီဒီယာကဏ္ဍများမှ ကျယ်ကျယ်ပြန့်ပြန့် နှိုးဆော်လျက်ရှိသည်။
Myanmarforum news

0 comments: