11-4-2008
ပြည်တွင်းပုဂ္ဂလိက ဘဏ်ကြီးတခုဖြစ်သည့်ရိုးမဘဏ်လီမီတက်က ငွေကြေးခ၀ါချမှုများကြောင့် ရပ်နားထား ရသော ၎င်း၏ ဘဏ်လုပ်ငန်းများကိုများမကြာမီ ပြန်လည်စတင်တော့မည်ဖြစ်ကြောင်း ရိုးမဘဏ်အစုရှယ်ယာ ပိုင်ရှုင်တဦးက ပြောသည်။
၂၀၀၃ ခုနှစ်တွင် စစ်အစိုးရက ပြည်တွင်းပုဂ္ဂလိက ဘဏ်များ ကိုငွေကြေးခ၀ါချမှုနှင့် စပ်လျဉ်းပြီး စုံစမ်း စစ်ဆေးမှုများပြု လုပ်ခဲ့ရာတွင်အာရှဓနဘဏ်၊ မေဖလားဝါးဘဏ်၊ မြန်မာယူနီဗာဆယ်ဘဏ်တို့တွင်ငွေမည်း ခ၀ါချမှုများ စစ်ဆေးတွေ့ရှိခဲ့ သောကြောင့် ထိုဘဏ်များကိုရပ်နားခဲ့သော်လည်း ရိုးမဘဏ်ကိုမူ ဘဏ်လုပ် ငန်းများ ယာယီရပ်တန့်ရန်ညွှန်ကြားခဲ့ပြီး ငွေလွှဲခြင်းလုပ်ငန်းတစ်ခုသာ လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်းသိရသည်။
“ရိုးမဘဏ်ကို စစ်ဆေးတော့ ဘဏ်က ချေးငွေပမာဏ၊ အပ်ငွေပမာဏတွေနဲ့ဘဏ်ရဲ့ဝင်ငွေ၊ ထွက်ငွေစာရင်းတွေ အရမ်း ကွာဟချက်များတော့ ဗဟိုဘဏ်ကဘဏ်လုပ်ငန်းတွေခဏရပ်ထားဖို့ညွှန်ကြားတယ်။ ဘဏ်လုပ်ငန်း တွေအားးလုံးကိုလုံးဝ ပိတ်ပင်တာမျိုးတော့မရှိပါဘူး” ဟု ရိုးမဘဏ်တွင် အစုရှယ်ယာ အများအပြား ပိုင်ဆိုင်ထားသည့် ဘဏ်ဒါရိုက်တာအဖွဲ့ဝင် တဦးကဆိုသည်။
အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ နေ့တွင် မြန်မာနိုင်ငံရှိ မြန်မာမေ ဖလားဝါး ဘဏ်၊ အာရှဓနဘဏ်တို့ကို မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် ဆက်စပ်ပြီး ငွေကြေးခဝါချမှု ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
F M I ( First Myanmar Investment Co.Ltd ) ကတည်ထောင်ထားသောရိုးမဘဏ်က ဘဏ်လုပ်ငန်းများ အပြည့်အ၀ ပြန်လည် လည်ပတ်နိုင်ရေးအတွက်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန နှင့် ညှိနှိုင်းမှုများဆောင် ရွက်ထားရှိပြီးဝန်ကြီး၏ လုပ်ငန်းပြန်လည်လုပ်ကိုင်ခွင့် အမိန့်ညွှန်ကြားလွှာကို တရားဝင်စောင့်ဆိုင်းနေကြောင်း နှင့်၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် လုပ်ငန်းပြန်လည်လုပ်ကိုင်ခွင့်ရရှိနိုင်မည်ဟုမျှော်လင့်ရကြောင်း အဆိုပါ ဒါရိုက်တာက ဆိုသည်။
ရိုးမဘဏ်သည် ငွေလွှဲလုပ်ငန်း တခုသာလုပ်ကိုင်ရပြီးငွေစု၊ ငွေချေးနှင့်အခြားဘဏ်လုပ်ငန်းများ ရပ် ဆိုင်းထားရသော်လည်း နေပြည်တော်တွင် ရိုးမဘဏ်တည် ဆောက်ရန်မြေနေရာ ခွင့်ပြုမိန့်ရရှိထားသည်ဟု အက်ဖ်အန်အိုင် ကုမ္ပဏီဥက္ကဌ ဦးသိမ်းဝေ အပါအဝင် ယင်းကုမ္ပဏီမှ ဒါရိုက်တာများနှင့် ရင်းနှီးသည့် ရန်ကုန်စီးပွားရေး လုပ်ငန်းရှင်ကြီး တဦးကဆိုသည်။
“ရိုးမဘဏ်လို မြန်မာပြည်မှာ ဘဏ်ခွဲတွေအများဆုံးရှိတဲ့ဘဏ်ကိုလုပ်ငန်းတွေ ပြန်လုပ်ခွင့်ပေးတော့မယ်ဆိုတာ ကောင်းတဲ့ လက္ခဏာပဲ။ စီးပွားရေးလုပ်ငန်းရှင်တဦးအနေနဲ့တော့ ကြိုဆိုပါတယ်” ဟု ရန်ကုန် တောင်ဒဂုံ စက်မှုဇုန် မှ စက်ရုံပိုင်ရှုင်တဦး ကဆိုသည်။
မြန်မာနိုင်ငံတွင် ဘဏ်ခွဲပေါင်း ၄၁ ခုရှိသောရိုးမဘဏ်လီမီတက်ကိုပိုင်ဆိုင်သည့် FMI ကို စစ်အစိုးရ၀န်ကြီးချုပ် ဟောင်း ထောက်လှမ်းရေးဗိုလ်ချုပ်ကြီး ခင်ညွှန့်၏ကူညီမှုများနှင့် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင်လည်း စစ်အစိုးရ ထိပ်တန်း ခေါင်းဆာင်များ၏ ဆွေမျိုးအသိုင်းအ၀ိုင်းများက ကုမ္ပဏီတွင် ရှယ်ယာပိုင်ဆိုင်မှုများ ရှိနေကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအ၀န်း ကသုံးသပ်သည်။
ရိုးမဘဏ်လုပ်ငန်းများ ပြန်လည်လုပ်ကိုင်ခွင့်ရရှိခြင်းသည် မြန်မာပြည်သူများအပေါ်မည်သို့မျှ အကျိုးသက် ရောက်မှုမရှိနိုင် ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ် MBA ဘွဲ့ရတချို့ကသုံးသပ်သည်။
“ဒီဘဏ် ပြန်လုပ်ခွင့်ရလည်း မြန်မာပြည်မှာ စီးပွားရေးဒီလောက်ကျနေတာ ဘာမှ သိပ်ထူးလာမယ်မထင်ဘူး။ အခုလက်ရှိ စီးပွားရေးလုပ်ငန်းတွေတောင်မနည်းရပ်တည်နေရတာ။ ပြည်သူအတွက်ကတော့ ဘဏ်ပြန်ဖွင့်လည်း သိပ်အကျိုး မထူးပါဘူး” ဟု MBA ဘွဲ့ရတဦးကဆိုသည်။
မြန်မာနိုင်ငံတွင် ရိုးမဘဏ် ၊ ပန်းလှိုင်ဆေးရုံ ၊ FMI ဥယျာဉ်အိမ်ရာ ၊ FMI ရှော့ပင်းစင်တာ၊ အက်စ်ပီအေမော်တာ အစရှိသည့် စီးပွားရေးလုပ်ငန်းအများအပြား ပိုင်ဆိုင်သော FMI ကုမဏီလိမိတက်ကို ၁၉၉၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင်ရန်ကုန်မြို့၌ စတင်တည်ထောင်ခဲ့ပြီး ရိုးမဘဏ်ကို ၁၉၉၃ ခုနှစ် သြဂုတ်လတွင် စတင်တည်ထောင်ခဲ့ သည်။ [Top]
Irrawaddy news
Friday, April 11, 2008
ရိုးမဘဏ် ပြန်လည် လည်ပတ်တော့မည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment