Thursday, April 17, 2008

စင်္ကာပူတွင် ကန့်ကွက်မဲပေးရေး လှုပ်ရှားမှုများပြုလုပ်

17-4-2008
စင်္ကာပူနိုင်ငံရှိ မြန်မာနိုင်ငံသားများအနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း ၂၀၀၈ အတည်ပြုဆန္ဒမဲ လာရောက်ပေးကြရန် စင်္ကာပူနိုင်ငံဆိုင်ရာမြန်မာသံရုံးက ဖိတ်ကြားသည့်အပေါ် မြန်မာ့ဒီမိုကရေစီရေး လိုလားသူများက ကန့်ကွက်မဲပေးရန် လှုပ်ရှားမှုများ ပြုလုပ်နေကြောင်း သိရသည်။

“ဧပြီလ ၂၇ ရက် တနင်္ဂနွေနေ့ မနက် ၉ နာရီမှာ အားလုံးပြိုင်တူသွားပြီး ကန့်ကွက်မဲကို ပြတ်ပြတ်သားသားပေးကြပါလို့ တိုက်တွန်းချင်ပါတယ်”ဟု စင်္ကာပူရှိ ကန့်ကွက်မဲပေးရေးလှုပ်ရှားသူတဦးက တယ်လီဖုန်းမှတဆင့်ပြောသည်။

ယင်းသို့ သံရုံးကိုသွား၍ တရက်တည်း တချိန်တည်း ကန့်ကွက်မဲပေးမည်ဆိုပါက ပြည်သူသည်အင်အားဆိုသည်ကို သက်သေပြနိုင်မည်ဖြစ်ကြောင်း၊ ဤလုပ်ဆောင်ချက်သည် နိုင်ငံသားအားလုံး၏ လွတ်လပ်ခွင့်အတွက်ဖြစ် သောကြောင့် အလေးအနက် လုပ်ဆောင်သင့်ကြောင်းလည်း ၎င်းက ဆိုသည်။

ဧပြီလ ၁၀ ရက်နေ့ ရက်စွဲဖြင့် စင်္ကာပူနိုင်ငံရှိမြန်မာနိုင်ငံသားများကို ဖြန့်ဝေသော အဆိုပါဖိတ်ကြားစာတွင် မြန်မာ နိုင်ငံကူး လက်မှတ်၊ မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားများကို ကိုင်ဆောင်၍ ဧပြီလ ၂၅၊ ၂၆၊၂၇၊ ၂၈၊ ၂၉ ရက်များတွင် နံနက် ၉ နာရီ မှ ညနေ ၅ နာရီအတွင်း မြန်မာသံရုံးသို့ လာရောက် ဆန္ဒမဲပေးကြပါရန် သံအမတ်ကြီးကိုယ်စား သံမှူး ဦးကျော်ဆွေတင့်က လက်မှတ်ထိုးထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ ယင်းဖိတ်ကြားစာမှာ လူအများထံသို့ ပြန့်နှံ့ရောက်ရှိနေ ကြောင်း ဖိတ်ကြားစာရရှိသည့် စင်္ကာပူတွင် နေထိုင်သူ တဦးက ပြောသည်။

စင်္ကာပူနိုင်ငံရှိ ဆက်သွယ်ရေးနည်းပညာ အင်ဂျင်နီယာ ကိုလှက မြန်မာနိုင်ငံသားအများစုသည့် မဲမပေးလိုသူနှင့် ကန့်ကွက်မဲ ပေးလိုသူကများသည်ဟု ဆိုသည်။

“ကျနော်ကြားရသလောက်တော့ ထောက်ခံမဲပေးမယ့်သူ မရှိသလောက်ပါဘဲ”ဟု ကိုလှက ဧရာဝတီသို့ ပြောပြသည်။

အခြေခံဥပဒေအတည်ပြုရေး ဆန္ဒမဲသည် မြန်မာနိုင်ငံသားဖြစ်သည့် မိမိအတွက်လည်းအရေးကြီး၍ မဲပေးရမည် ဖြစ်ကြောင်း စင်္ကာပူတွင် ဆောက်လုပ်ရေး အင်ဂျင်နီယာလုပ်နေသော ကိုမျိုးထက်က ပြောသည်။

“ပြည်တွင်းက လူတွေတောင် ကန့်ကွက်မဲဆန္ဒရှိကြရင် ကျနော်တို့က ဘာကြောင့် သူတို့လို ကန့်ကွက်မဲမထည့်နိုင်ရမှာလဲ”ဟု လည်း ကိုမျိုးထက်က ဆိုသည်။

စင်္ကာပူသင်္ဘောကျင်းအလုပ်သမားတဦးကမူ ၎င်းအနေနှင့် သံရုံးသို့ သွားရောက်၍ မဲမပေးလိုကြောင်း ပြောသည်။

“ကျနော် ခွင့်ယူဖို့ မလွယ်လို့ မဲပေးလို့ရမှာမဟုတ်ဘူး”ဟု သူက ပြောပြသည်။

တချိန်တည်းတွင်ပင် အမေရိကန်နိုင်ငံရှိ မြန်မာသံရုံးက အခွန်ကောက်ခံသည့် စာရင်းပေါ်အခြေခံ၍ မဲစာရင်းများ ပြုစု နေကြောင်းလည်းသိရသည်။
Irrawaddy news

0 comments: