Tuesday, April 22, 2008

ရန်ကုန်မြို့၌ ပေါက်ကွဲမှုနှစ်ခုဖြစ်ပွား ယာဉ်နှစ်စီး အနည်းငယ်ချို့ယွင်းပျက်စီးပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိ အကြမ်းဖက်အဖျက်သမားအား ပြည်သူလူထုက ပူးပေါင်

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်နှင့် ပန်းဘဲတန်းမြို့နယ်တို့၌ ဧပြီ ၂၀ ရက် ညက ပေါက်ကွဲမှု နှစ်ခု ဖြစ်ပွားခဲ့သဖြင့် ယာဉ်နှစ်စီး အနည်းငယ် ချို့ယွင်း ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းသိရှိရသည်။

ဧပြီ ၂၀ ရက် ည ၇ နာရီ ၅၅ မိနစ်တွင် ကျောက်တံတားမြို့နယ်၊ (၃) ရပ်ကွက် ၃၆ လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့် အနီးရှိ ABC စားသောက်ဆိုင်ဘေး ၃၆ လမ်းတွင် ရပ်ထားသည့် အငှားယာဉ်အမှတ် ခခ/၁၀၂၉ SUBARU အမျိုးအစား ယာဉ်၏ ရှေ့ဘက်ခြမ်းနှင့် ဘယ်ဘက် ဖလက်ဖောင်းကြားတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် အဆိုပါ ယာဉ်၏ ရှေ့လေကာမှန်အက်ကွဲခြင်း၊ ဘယ်တံခါး ပိန်ချိုင့်ပြီး မှန်အက်ကွဲခြင်း၊ နောက်ဆွဲတံခါးမှန်ကွဲခြင်းနှင့် ရှေ့ဘီးကြွဲုခင်းများဖြစ်ပွားခဲ့ကြောင်း၊ ထို့အတူ ည ၉ နာရီ ၁၀ မိနစ်တွင်လည်း ပန်းပဲတန်းမြို့နယ် (၁၁) ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ၃၂ လမ်းထောင့်ရှိ ကုန်သည်ကြီးများဟိုတယ် နောက်ဘက်တွင် ရပ်ထားသော ယာဉ်အမှတ် ပ/၇၀၆၂ Toyota Corona GX Salon အမျိုးအစား အဖြူရောင်ယာဉ်၏ အောက်တွင် ပေါက်ကွဲမှု တစ်ခု ထပ်မံဖြစ်ပွားခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် လမ်းပေါ်တွင် အကျယ် ၅ လက်မ၊ အနက် ၂ လက်မခန့်ရှိ ကျင်းတစ်ခု ဖြစ်ပေါ်ခဲ့ပြီး Corona ယာဉ်၏ နောက်ထိုင်ခုံနှင့် ယာဘက်ခြေနင်းပျက်စီးခြင်း၊ ယာဉ်ကြမ်းပြင် ၁၂ လက်မခန့် ပျက်စီးခြင်း၊ နောက်ဘန်ကာ ပြုတ်ထွက်ခြင်း၊ နောက်လေကာမှန်ပြုတ်ထွက်ခြင်း၊ ရှေ့ဘယ်ဘီးပေါက်ခြင်း၊ ဘယ်အချက်ပြမီး ပြုတ်ထွက် ခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ယင်းကဲ့သို့ ပေါက်ကွဲမှုများနှင့် စပ်လျဉ်းပြီး အဖျက်လုပ်ရပ်များအပေါ် မလိုလားသော တာဝန်သိပြည်သူအချို့၏ ၀ိုင်းဝန်း ကူညီ သတင်းပေးပို့ခဲ့မှုကြောင့် ဖောက်ခွဲမှု ကျူးလွန်ခဲ့သူမှာ မုန်တိုင်းဟူသည့် အမည်ဝှက်ဖြင့် တစ်ဖက်နိုင်ငံ နယ်စပ် စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့ (VBSW) တွင် ဖောက်ခွဲဖျက်ဆီးရေးသင်တန်း တက်ရောက်ခဲ့ကာ ပြည်တွင်း၌ အဖျက်လုပ်ငန်းများလုပ်ဆောင်ရန် တာဝန်ပေးစေလွှတ်ခံရသူဖြစ်ကြောင်း ဖော်ထုတ် သိရှိရသည်။

မဟာသင်္ကြန်ပွဲတော်နှင့် နှစ်သစ်ကူး ရုံးပိတ်ရက်ရှည်ပြီးဆုံး၍ နှစ်သစ်တွင် စိတ်ချမ်းမြေ့စွာ လွတ်လပ်တက်ကြွ ပျော်ရွှင် နေချိန်၌ ယခုကဲ့သို့ အကြမ်းဖက် အဖျက်လုပ်ရပ် ဖြစ်ပေါ်ခဲ့သဖြင့် ဤသတင်းကို ကြားသိရသည့် ပြည်သူများနှင့် ရန်ကုန်မြို့ရှိ ပြည်သူများအနေဖြင့် အမျက်ဒေါသဖြစ်ကာ မခံမရပ်နိုင်ဖြစ်နေကြကြောင်း သိရှိရသည်။

ဖောက်ခွဲဖျက်ဆီးရေးသမားမှာ အရပ် ၅ပေ ၆လက်မခန့်၊ အသားလတ်၊ ဆံပင်ကုပ်ထောက်၊ မျက်နှာသွယ်၊ အသက် (၃၀) ခန့်ရှိပြီး ၎င်း၏ ပုံပန်းသဏ္ဍန်ကို လုံခြုံရေးကင်မရာများမှ တစ်ဆင့် မှတ်တမ်းတင်နိုင်ခဲ့သဖြင့် ၎င်း၏ ဓာတ်ပုံအား ပြည်သူများ သိရှိနိုင်ရန် ဖော်ပြထားပြီး ၎င်းအား တွေ့ရှိပါက နီးစပ်ရာရဲတပ်ဖွဲ့၊ ရဲစခန်းအပါအ၀င် တာဝန်ရှိ အဖွဲ့အစည်း အသီးသီးသို့ သတင်းပေးတိုင်ကြား၍ ၀ိုင်းဝန်းကူညီဖော်ထုတ် ဖမ်းဆီးပေးကြရန် သက်ဆိုင်ရာက တိုက်တွန်းနှိုးဆော် ထားကြောင်း သတင်းရရှိသည်။

ကြေးမုံသတင်းစာ (၂၂-၄-၂၀၀၈)

0 comments: