Thursday, April 3, 2008

မြစ်ကြီးနားတွင် ကျောင်းသားလူငယ်များကို ရဲကရိုက်နှက်ဖမ်းဆီး၊

၃-၄-၂၀၀၈
ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် မကြာသေးမီရက်ပိုင်းအတွင်း ဈေးပွဲတော်မှပြန်လာ
သည့် ကျောင်းသားလူငယ်များအား ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ဖမ်းဆီးခဲ့ရာ အများအပြား ထွက်ပြေးလွတ်မြောက်သွားပြီး (၂) ဦး ဖမ်းဆီးခံခဲ့ရသည်။

ပြီးခဲ့သည့် မတ် (၃၁) ညပိုင်းက မြစ်ကြီးနားမြို့ထဲတွင်ပြုလုပ်သော ဈေးပွဲတော်မှ ပြန်လာသည့် ကျောင်းသားလူငယ် (၁၇) ဦးကို ဂျာမိုင်ဂေါင်ရပ်ကွက်အနီးတွင် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေး မေးမြန်းရာမှ ရိုက်နှက်မှုများ စတင်ခဲ့သည်ဟု ကျောင်းသားများနှင့်နီးစပ်သူ ဒေသခံတဦးက ပြောသည်။

၎င်းက “ဂျာမိုင်ဂေါင်ရပ်ကွက်ကိုပြန်လာတော့ ဒီသံလမ်းအကူးအနားမှာ ကင်းစောင့်နေတဲ့
ရဲ (၂) ယောက်နဲ့တွေ့တော့ ဒီရဲတွေက ဓားကိုထုတ်ပြပြီး တခါတည်းလစ်သွားတာ၊ သွားပြီး သိပ်မကြာဘူး၊ သူတို့ ဆိုင်ကယ် (၆) စီးနဲ့ ပြန်ရောက်လာတယ်။ နံပါတ်တုတ်တွေ၊ ခွတွေ၊ ဓားမြောင်တွေ ခါးချိတ်ပြီးတော့လေ၊ လူငယ်တွေကလည်း အင်အားချင်းသိပ်မကွာတော့ ပြန်ရိုက်တာပေါ့။ ဒါပေမယ့် ရဲတွေက လက်နက်တွေနဲ့ဆိုတော့ လူငယ်တွေနာတာပေါ့။ အဲဒီမှာ လာဆန်းနဲ့ဒွဲလာကို ဖမ်းသွားတယ်၊ ကျန်တဲ့သူတွေကတော့ ရှောင်ပြေးသွားတာပေါ့” ဟု ပြောသည်။

အခင်းဖြစ်ပွားပြီး နောက်တနေ့တွင် ရဲစခန်းသို့ သွားရောက်တွေ့ဆုံခဲ့သည့် အဆိုပါ လူငယ်
(၂) ဦး၏ မိဘများကို အမှတ် (၂) ရဲစခန်း တာဝန်ရှိသူများက လူငယ် (၂) ဦးကို ထောင်ဒဏ်
(၃) လနှင့် (၁) နှစ်စီအသီးသီးချမှတ်လိုက်ပြီဖြစ်သဖြင့် နယ်သို့ပြောင်းလိုက်ပြီဟု ပြန်လည်
ဖြေကြားကြောင်း အဆိုပါလူငယ်က ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ သီးခြားအတည်ပြုချက်ရယူရန် အမှတ် (၂) ရဲစခန်းသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း အလှည့်ကျတာဝန်မှူးက ပြန်လည်ဖြေကြားခြင်းမရှိပေ။

မကြာသေးမီ လများကစပြီး ကချင်ပြည်နယ်တွင် ကျောင်းသားလူငယ်များက စစ်အစိုးရ
ကျင်းပမည့် ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲအစီစဉ်တို့ကို ဆန့်ကျင်ကန့်ကြရန် အကြိမ်ကြိမ်
လှုံ့ဆော် ခဲ့ကြသည်။

သို့သော် ယခုရိုက်နှက်ဖမ်းဆီးခံခဲ့ရသော ကျောင်းသားလူငယ်များသည် ၎င်းတို့နှင့် ပတ်သက်မှု မရှိဟု ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားလူငယ်များကွန်ဂရက်မှ ဒု-ဥက္ကဋ္ဌလီယိုနတ်က ပြောသည်။

၎င်းက “ကချင်ပြည်နယ်မှာ ကျောင်းသားလူငယ်တွေက စစ်အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှု
တွေကို တက်တက်ကြွကြွလုပ်လာကြတယ်လေ။ ကျနော်တို့ AKSYU က လုပ်တာရှိသလို တခြားကျောင်းသားတွေက သူတို့ဟာသူတို့ စည်းရုံးပြီး လုပ်ကြတာ ရှိတယ်လေ။ အဲလိုမျိုး
ရှိတော့ အခုလို ရိုက်နှက်ထောင်ချလိုက်တာဟာ ခြောက်လှန့်တဲ့ သဘောပေါ့နော်၊ ချိုးထား ချင်တဲ့သဘောပေါ့။ အခုဖြစ်သွားတဲ့သူတွေက ကျောင်းသားလူငယ်လှုပ်ရှားမှုတွေနဲ့ ဘာမှ မပတ်သက်ဘူးလေ” ဟု ပြောသည်။

သြဇာကြီးသော အပစ်ခတ်ရပ်အဖွဲ့ဖြစ်သည့် ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) သည် စစ်အစိုးရအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်မှု မရှိသော်လည်း လူငယ်ကျောင်းသားများမှာမူ စစ်အစိုးရဆန့်ကျင်ရေးလုပ်ငန်းများကို ကချင်လူထုအကြား အခွင့်ကြုံသလို စည်းရုံးလှုံ့ ဆော်လျက်ရှိသည်။
khitpyaingan မှယူပါသည်

0 comments: