Tuesday, April 29, 2008

မြန်မာ ဆန္ဒခံယူပွဲ စိတ်ချယုံကြည်ဖွယ်ရာဖြစ်မည်ဟု ထိုင်းမျှော်လင့်

29-4-2008
မြန်မာနိုင်ငံတွင်ပြုလုပ်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူသစ် ဆန္ဒခံယူပွဲသည် စိတ်ချယုံကြည်နိုင် ဖွယ်ရာဖြစ်မည်ဟု ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး နော့ပ်ပဒွန် ပတ္တမားက မြန်မာနိုင်ငံဝန်ကြီး
ချုပ် ထိုင်းနိုင်ငံသို့ ရောက်ရှိမည့် တရက်အလို ယမန်နေ့ည၌ ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံသို့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ရောက်ရှိနေစဉ် ကာလအတွင်း ၂၀၁၀ ပြည့်နှစ် တွင် ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲအတွက် မြန်မာစစ်အစိုးရက ပြုလုပ်ပေးမည့် ဆန္ဒ ခံယူပွဲနှင့် ပတ်သက်ပြီး ဆွေးနွေးမည်ဟု နော့ပ်ပဒွန်က ပြောသည်။

“လာမယ့် မေ (၁၀) ရက်မှာ ပြုလုပ်မယ့် ဆန္ဒခံယူပွဲကို အောင်အောင်မြင်မြင်နဲ့ စိတ်ချလက်ချ ရှိစေချင်တဲ့အတွက် ထိုင်းနိုင်ငံအနေနဲ့ ပြောဆိုဆွေးနွေးကြရာမှာ ဒီမိုကရေစီ လုပ်ငန်းစဉ် အကြောင်းလည်း ပါလာနိုင်ပါတယ်။ မြန်မာနိုင်ငံ တိုးတက်ကောင်းမွန်တဲ့ လမ်းကြောင်းပေါ် ရောက်တာကို ကျနော်တို့ မြင်ချင်ပါတယ်” ဟု ပတ္တမားက သတင်းထောက်များကို ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ပါ ပြဋ္ဌာန်းထားချက်အရ နိုင်ငံခြားသားကို လက်ထပ်ထားခြင်းအတွက် နိုင်ငံအကြီးအကဲရာထူးတွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်မရစေရန် ပြုလုပ်ထားသည့် ကိစ္စနှင့်ပတ်သက်ပြီး မြန်မာ့ပြည်တွင်းရေး ဖြစ်နေသောကြောင့် ထိုင်းနိုင်ငံက
ပါဝင်စွက်ဖက်ခြင်း မပြုလိုကြောင်း ပတ္တမားက ပြောသည်။

(၂) နိုင်ငံခေါင်းဆောင်များသည် မူးယစ်ဆေးဝါးကိစ္စ၊ ထိုင်းတွင် လူဦးရေ (၂) သန်းခန့် အထိ ရှိနေသော တရားမ၀င် မြန်မာနိုင်ငံသားများကိစ္စနှင့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းပြီး ထိုင်းနိုင်ငံတွင် နေထိုင်နေသည့် လူဦးရေ (၂) သိန်းခန့်အကြောင်းတို့ကို ဆွေးနွေးသွားမည်ဖြစ်သည်။

မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် (၃) ရက်ကြာ လည်ပတ်မည့် ခရီးစဉ်တွင် မြန်မာနိုင်ငံခြား ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး၊ အလုပ်သမားဝန်ကြီးနှင့် ဆောက်လုပ်ရေးဝန်ကြီးတို့ လိုက်ပါကြမည်ဖြစ်သည်။

ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ထိုင်းဝန်ကြီးချုပ် ဆမတ် ဆန်ဒါရာဝပ်၊ ထိုင်းဘုရင် ဘူမိဘောတို့နှင့် လည်း ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံမည်ဖြစ်သည်။

မြန်မာနှင့် ကုန်သွယ်ဖက်လည်းဖြစ်သည့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံများထဲတွင် ပါဝင်ပြီး ထိုင်းနိုင်ငံအတွက် လိုအပ်နေသည့် သဘာဝဓာတ်ငွေ့နှင့် ဟိုက်ဒြိုပါဝါ အရင်းအမြစ်များကို မြန်မာနိုင်ငံမှ နှစ်စဉ် ဒေါ်လာ ဘီလီယံပေါင်းများစွာ ပေးဝယ်နေသော နိုင်ငံ လည်း ဖြစ်သည်။
.khitpyaing news

0 comments: