Friday, April 18, 2008

Hip Hop အဆိုတော် ရန်ရန်ချမ်း ဖမ်းဆီးခံရ

18-4-2008
နယူးဒေလီ။ ။ မြန်မာ့ဂီတလောကတွင် နာမည်ရ အက်စစ်အဖွဲ့မှ Hip Hop အဆိုတော်တဦးဖြစ်သူ ရန်ရန်ချမ်းအား ယမန်နေ့ (နှစ်ဆန်းတရက်နေ့) တွင် မုံရွာ အာဏာပိုင်များက ဖမ်းဆီးသွားသည်။
ကိုရန်ရန်ချမ်း (၃ဝ နှစ်ဝန်းကျင်) အား စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ အသိမိတ်ဆွေ အိမ်တအိမ်တွင် တည်းခိုနေစဉ် ဒေသ အာဏာပိုင်များက ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်သည်။
“မနေ့မနက်ကပဲ မုံရွာ အသိတယောက်ဆီမှာ တည်းနေတဲ့အချိန်မှာ ဖမ်းသွားတယ်ဆိုတာပဲ ကျနော်တို့ ကြားလိုက်ရတယ်” ဟု ရန်ရန်ချမ်း၏ သူငယ်ချင်းဖြစ်သူ ထိုင်းနိုင်ငံသို့ မကြာခင်က ရောက်ရှိလာသည့် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး Generation Wave - GW အဖွဲ့မှ ကိုမင်းရန်နိုင်က မဇ္ဈိမကို ပြောသည်။
ရန်ရန်ချန်းသည် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ယခုနှစ် ဖေဖော်ဝါရီ လကုန်ပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည့် GW မှ ကိုကျော်ကျော် ခေါ် ကိုဇေယျာသော်နှင့်အတူ အက်စစ်အဖွဲ့ကို စတင် ထူထောင်ခဲ့သူ ဖြစ်သည်။
ဖမ်းဆီးခံရသည့် အကြောင်းအရင်းနှင့် ယခုအခါ သူ့ကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကိုမူ ရန်ကုန်ရှိ မိသားစုဝင်များအား အာဏာပိုင်များက တစုံတရာ အကြောင်းကြားခြင်း မရှိသေးပါ။
“ကျမတို့လည်း ကြားတယ်။ ဒါပေမဲ့ သေချာ ဟုတ်၊ မဟုတ် ကျမတို့ စုံစမ်းနေတုန်းပဲ ရှိတယ်။ အာဏာပိုင်တွေက ဘာမှ အကြောင်းကြားတာ မရှိသေးပါဘူးရှင်” ဟု မိသားစုဝင် တဦးက ပြောသည်။
Mizzima news

0 comments: