4-5-2008
ရွှေလီ။ ။ ကြံ့ခိုင်ဖွံ့ဖြိုးရေး ခေါင်းဆောင်ငယ်တဦး အပါအ၀င် အခြေခံဥပဒေ ထောက်ခံမဲ ပေးရန် လိုက်လံ စည်းရုံးနေသူ လူ ၃ ဦးကို သေနတ်သမားများက လုပ်ကြံသတ်ဖြတ်မှု ယနေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည်။
ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ် ကြံ့ဖွံ့အတွင်းရေးမှူးနှင့် အမျိုးသား ညီလာခံ ကိုယ်စားလှယ် ဦးကျော်မြင့်၊ လျှပ်စစ်ဌာနမှ ဦးကျော်စိန်၊ မြေစာရင်းဌာနမှ ဦးတင်အောင်တို့က စစ်အစိုးရ စိတ်ကြိုက် ရေးဆွဲထားသော အခြေခံဥပဒေကို ထောက်ခံမဲပေးရန် နောင်ခံကျေးရွာတွင် ဟောပြောပွဲ ပြုလုပ်နေစဉ် လူ ၃ ယောက်က ပစ်ခတ်သွားခြင်း ဖြစ်သည်ဟု ဒေသတွင်းမှ လာသော သတင်းများအရ သိရသည်။
ဦးကျော်မြင့်သည် မေးစေ့နှင့် ရင်အုံများတွင် သေနတ်ထိမှန်၍ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ ဦးကျော်စိန်နှင့် ဦးတင်အောင်တို့ကတော့ ပြင်းထန်စွာ ဒဏ်ရာအသီးသီး ရသွားသည်။ ဒဏ်ရာရသူများမှာ နမ့်ခမ်းဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသလျှက် ရှိသည်။
ရှမ်းပြည်နယ်အတွင်း ကြံ့ဖွံ့အတွင်းရေးမှုးများ လုပ်ကြံ သတ်ဖြတ်ခံရမှု ၂ ကြိမ်ရှိသွားပြီ ဖြစ်သည်။
ဧပြီ ၉ ရက်နေ့က အခြေခံ ဥပဒေမူကြမ်းကို ထောက်ခံမဲပေးရန် စည်းရုံးနေသည့် မူဆယ်ခရိုင် ပန်ဆန်းမြို့နယ် ကြံ့ဖွံ့အတွင်းရေးမှုးကို လူ ၃ ဦးက သေနတ်ဖြင့် ပစ်သတ် သွားခဲ့သည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင်တော့ ထောက်ခံမဲ တောင်းနေသည့် ကြံ့ဖွံ့နှင့် မခံရပ်နိုင်သူ အရပ်သားတဦးတို့ ဓားထိုးမှု ဧပြီ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့သည်။
ကြံ့ဖွံ့စည်းရုံးရေးမှူး ထွန်းသိန်း အသက် ၂၆ နှစ်ကို အသက် ၁၉ နှစ်အရွယ် ကိုထွန်းလင်းက ဓားနှင့် ထိုးလိုက်သည်။ ကိုထွန်းသိမ်းက ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းထဲဝင်ပြီး အခြေခံဥပဒေကို ထောက်ခံမဲပေးရန် အတင်းကာရော စည်းရုံးနေ၍ အခင်း ဖြစ်ပွားရသည်ဟု ဒေသခံများက ပြောသည်။
MIZZIMA NEWS
Sunday, May 4, 2008
ကြံ့ဖွံ့အတွင်းရေးမှူး အပါအ၀င် လုပ်ကြံသတ်ဖြတ်ခံရ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment