Monday, May 12, 2008

အမေရိကန် ကယ်ဆယ်ရေးလေယာဉ် ဆိုက်ပြီ

12-5-2008
အမေရိကန်လေတပ်မှ လက်နက်တပ်ဆင်ထားခြင်း မရှိသော လေယာဉ်တစီးသည် ရန်ကုန် မင်္ဂလာဒုံ လေဆိပ်သို့ ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လျက် ယနေ့ ဆိုက်ရောက်လာသည်။ စီ-၁၃၀ သယ်ယူပို့ဆောင်ရေးလေယာဉ်သည် မူလ စီစဉ်ထားသည့်အတိုင်း ထိုင်းနိုင်ငံ အူတာပေါင် လေဆိပ်မှ ရန်ကုန်သို့ ပျံသန်းဆင်းသက်လာခြင်း ဖြစ်သည်။

စစ်အစိုးရသည် အမေရိကန်အစိုးရ၏ ထောက်ပံ့ရေး ပစ္စည်းများ သယ်လာမည့် နောက်ထပ် လေယာဉ်နှစ်စီးကို လက်ခံရန် သဘောတူထားသည်။ နောက်လာမည့် နှစ်စီးစလုံးမှာ မနက်ဖြန် ထိုင်းနိုင်ငံမှ ထွက်ခွာလာမည် ဖြစ်သည်။

ကယ်ဆယ်ရေးလေယာဉ် မြန်မာနိုင်ငံသို့ ဆင်းသက်သည့် နေ့မှာပင် အမေရိကန် ရေတပ်မတော် အမှတ် (၇)မှ စစ်သင်္ဘောသုံးစီးသည် မြန်မာစစ်အစိုးရက လက်ခံလျှင် ကယ်ဆယ်ရေး ကူညီနိုင်ရန်အတွက် မြန်မာ့ရေကြောင်းပိုင်နက်သို့ ဦးတည်ခုတ်မောင်းလာရာ ဘင်္ဂလားပင်လယ် အော်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အမေရိကန်စစ်လေယာဉ် ဆင်းဆက်လာပြီးနောက် ပါလာသည့် ကယ်ဆယ်ရေးပစ္စည်းများကို စစ်တပ် ထရပ်ကားများဖြင့် သယ်ဆောင်သွားကြောင်း အေပီ သတင်းဌာနက ရေးသားသည်။ အမေရိကန် တာဝန်ရှိသူများက နောက်ထပ် တင်ပို့နိုင်ရေးအတွက် ယခုကယ်ဆယ်ရေးပစ္စည်းများ ပထမဆုံးအကြိမ် ဖြန့်ဝေမှု ချောချောမွေ့မွေ့ ရှိရေးကို စိုးရိမ်နေကြောင်း ပြောကြားသည်။ ဆင်းသက်လာသော အမေရိကန် စစ်လေယာဉ်ကို မြန်မာစစ်အစိုးရ ၀န်ကြီးများ၊ စစ်အရာရှိများနှင့် အမေရိကန်သံရုံး ယာယီတာဝန်ခံ မစ္စ ရှာရီ ဗီလာရိုစာတို့က လေဆိပ်တွင် ဆီးကြိုကြသည်။

ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေရာတွင် အခြေခံ လိုက်နာရမည့် စည်းကမ်းများမှာ လေတပ်လေယာဉ်သည် မြန်မာ့ဝေဟင်ပိုင်နက်အတွင်း ပျံသန်း၊ ဆင်းသက်ပြီး ပြန်လည် ထွက်ခွာရန် ဖြစ်သည်။ မြန်မာစစ်အစိုးရက အရပ်ဘက်လေယာဉ် အသုံးပြုရန် မတောင်းဆိုသော်လည်း ယခုစစ်လေယာဉ်ပေါ်ပါလေယာဉ်မှူးများ၊ လေယာဉ်ဝန်ထမ်းများနှင့် အခြား တာဝန်ရှိသူများကို ပြည်ဝင်ခွင့်ဗီဇာ မပေးပေ။ လေယာဉ် ၀န်ထမ်းများကိုလည်း စစ်ယူနီဖောင်းများ ၀တ်ဆင်ခွင့် ပြုထားသည်။

ယခု လေယာဉ်သည် မြန်မာဆိုက်ကလုံးဘေးအတွက် အမေရိကန်က ကူညီရန် သတ်မှတ်ထားသော အမေရိကန် ကယ်ဆယ်ရေး အကူအညီ ဒေါ်လာ ၃ ဒသမ ၂၅ သန်း၏ ပထမအရစ် ဖြစ်သည်။

စစ်အစိုးရသည် ကယ်ဆယ်ရေး ကြိုးပမ်းမှုတွင် နိုင်ငံခြားသားများ ပါ၀၀င်မှု သို့မဟုတ် အခန်းကဏ္ဍကို လျှော့ချရန်လည်း ကြိုးစားနေပုံ ရသည်။ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်အဖွဲ့ (WFP) က ဗီဇာ ၁၆ စောင် လျှောက်ထားရာတွင် တစောင်သာ ချပေးကြောင်း ပြောကြားသည်။ ဝေါလ်ဗစ်ရှင်း အဖွဲ့ကလည်း အစောင် ၂၀ လျှောက်ထားရာတွင် နှစ်စောင်သာ အတည်ပြုခံရသည်။ ပြင်သစ်အခြေစိုက် နယ်စည်းမထား ဆရာဝန်များ အဖွဲ့သည်လည်း နည်းပညာပိုင်း အကူအညီပေးမည့် ၀န်ထမ်းများအတွက် ဒါဇင်နှင့်ချီသော ပြည်ဝင်ခွင့်ဗီဇာများ ခွင့်ပြုချက်ရရန် ဇွဲကောင်းကောင်းနှင့် စောင့်ဆိုင်းနေဆဲ ဖြစ်သည်။

ကမ္ဘာစားနပ်ရိက္ခာ အစီအစဉ် အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ပေါလ် ရစ်ဇ်လေက စစ်အစိုးရက ပြည်တွင်းသို့ သွင်းခွင့်ပြုသော ကယ်ဆယ်ရေး ပစ္စည်းများမှာ အမှန်တကယ် လိုအပ်နေသော ပမာဏ၏ ဆယ်ပုံတပုံသာ ရှိကြောင်း ပြောကြားသည်။

ရန်ကုန်တိုင်း လက်လုပ်လက်စား ရပ်ကွက်များမှ ဒုက္ခသည်များက ကယ်ဆယ်ရေးပစ္စည်းများ စုဆောင်းဖြန့်ဝေရန်လာသည့် စေတနာရှင်များကို “အမေရိကန်တို့၊ ပြင်သစ်တို့က ကျမတို့ကို ကူညီဖို့လာတာ အစိုးရက လက်မခံဘူးဆို”ဟု မေးကြောင်း အလှူရှင် တဦးက ဟစ်တိုင်သို့ ပြောကြားသည်။ ကျော်သူ၊ ဇာဂနာတို့အပြင် လူမင်း၊ စိုင်းစိုင်းခမ်းလှိုင်နှင့် မင်းသားမင်းသမီးများ၊ အဆိုတော်များပါ ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင်လာနေသည်။ ဆရာဝန် အနုပညာသမား တဦးကလည်း အမည်မခံဘဲ နောက်ကွယ်မှ အားပေးကူညီလျက် ရှိသည်။
HitTaing news

0 comments: