16-52008
နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ဒဏ်ကြောင့် ဧရာဝတီ တိုင်းနှင့် ရန်ကုန်တိုင်းတို့ရှိ အဆောက်အဦ အိမ်ရာစသည့် ပျက်စီး ဆုံးရှုံးမှုများ ပြန်လည်တည်ဆောက်ရေးအတွက် စစ်အစိုးရ၏ မြို့ရွာ ပြန်လည်ထူထောင်ရေးအဖွဲ့က ပုဂ္ဂလိက ကုမ္ပဏီ ၄၃ ခု ကို လုပ်ငန်းများ ခွဲဝေချထားပေးရန် လျာထားကြောင်း ရန်ကုန် စီးပွားရေး အသိုင်းအဝန်း မှ သိရှိရသည်။
အဆိုပါစီမံကိန်းအတွက် မြို့နယ်အလိုက်လုပ်ငန်းများခွဲဝေရရှိမည့် ကုမ္ပဏီများတွင် စစ်အစိုးရနှင့် နီးစပ်ပြီး အကျိုး စီးပွား များစွာ ဖြစ်ထွန်းနေသော နာမည်ကြီး ဧရာရွှေဝါ၊ ဇေကမ္ဘာ၊ ယုဇန၊ အေးရှားဝေါလ်၊ ထူး၊ ဧဒင်၊ ရွှေသံလွင်၊ မက်စ် မြန်မာနှင့် အက်ဖ် အမ် အိုင် စသည့် ကုမ္ပဏီများ ထိပ်ဆုံးမှ ပါဝင်ကြောင်း နီးစပ်သူများကပြောဆိုသည်။
ရန်ကုန်မြို့မှ စီးပွားရေးသမားတဦးကမူ“မကြာခင်သေးခင်ကပဲ အစိုးရက ကုမ္ပဏီတွေကို ပိုက်ဆံချမပေးနိုင်ဖြစ်ခဲ့သေးတယ်၊ ဒါပေမယ့် အဲဒီ ကုမ္ပဏီတွေကို ကားပါမစ်တွေတော့ ထုတ်ပေးလိုက်တယ်တဲ့”ဟု ပြောသည်။
ယင်းကုမ္ပဏီများထဲမှ ဧရာရွှေဝါ ကုမ္ပဏီသည် နအဖ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ သား ဦးအောင်သက်မန်းပိုင် ကုမ္ပဏီဖြစ်ပြီး လပွတ္တာမြို့နယ်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ရမည်ဖြစ်သည်။ ၎င်းကုမ္ပဏီ သည် နေပြည်တော် စစ်ရုံးဆောက်လုပ်ရေး လုပ်ငန်း ကန်ထရိုက်ရရှိခဲ့ဖူးသည်။
လပွတ္တာမှ ကူညီကယ်ဆယ်ရေးလုပ်နေသူတဦးကမူ ယင်း ဧရာရွှေဝါကုမ္ပဏီသည် စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်း များတွင် ခိုလှုံနေသည့် လေဘေး ဒုက္ခသည်များကို အဓမ္မခေါ်ယူ၍ တနေ့ ကျပ် ၈၀၀ ဖြင့် အလုပ်ခိုင်းစေမှုများ ရှိကြောင်း ပြောပြသည်။
လပွတ္တာတွင်ပင် ဇေကမ္ဘာ၊ မက်စ်မြန်မာ နှင့် ဝါဝါဝင်း ကုမ္ပဏီတို့သည်လည်း လုပ်ငန်းများ လုပ်ကိုင်ခွင့်ရမည်ဖြစ်သည်။ ယင်း လပွတ္တာမြို့နယ် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ တာဝန်ခံမှာ ဗိုလ်ချုပ်ဌေးဦး ဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နီးစပ်သူဟု လူအများပြောဆိုနေကြသော ဦးတေဇ ၏ ထူး ကုမ္ပဏီမှာမူ ဘိုကလေးမြို့ လုပ်ငန်း များကို လုပ်ကိုင်ခွင့်ရမည်ဖြစ်ကြောင်းသိရသည်။ ဒိုင်းမွန်းမာကျူရီအမည်ရှိ ကုမ္ပဏီတခုလည်းဘိုကလေးတွင် လုပ်ကိုင်ခွင့် ရမည်ဟု ဆိုသည်။ ဘိုကလေးမြို့၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ တာဝန်ခံမှာ ဗိုလ်မှူးချုပ် သိန်းအောင် ဖြစ်သည်။
ဘိန်းဘုရင် လော်စစ်ဟန်၏သား ဦးထွန်းမြင့်နိုင်(စတီဗင်လော) ပိုင်ဆိုင်သော အေးရှားဝေါလ် ကုမ္ပဏီသည် ကွမ်းခြံကုန်းမြို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ၎င်းတဦးတည်းလုပ်ကိုင်ခွင့်ပေးရန် လျာထားခံရကြောင်း နှင့် ဧဒင် ဆောာက်လုပ် ရေး ကုမ္ပဏီကိုလည်း ဒေးဒရဲ မြို့အတွက် တဦးတည်း လုပ်ကိုင်ခွင့်ပေးရန် လျာထား ကြောင်း တို့ကိုလည်း သိရှိရသည်။
ကွမ်းခြံကုန်းနှင့် ဒေးဒရဲ မြို့တို့၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ တာဝန်ခံမှာ ဗိုလ်မှူးချုပ် လွန်းသီ ဖြစ်သည်ဟု ဆိုသည်။
ရွှေသံလွင် နှင့် အက်ဖ်အမ်အိုင် ကုမ္ပဏီတို့မှာ ရေတပ်အခြေစိုက် ဟိုင်းကြီးကျွန်းနှင့် ငပုတောမြို့တို့၏ ထူထောင်ရေး လုပ်ငန်းများရရှိမည်ဖြစ်ပြီး အရုဏ်ဦး၊ တက်လမ်း၊ မိုးကြယ်စင်နှင့် သိဏ်းအမည်ရှိ ကုမ္ပဏီများလည်း ပါဝင်ကြောင်း သိရသည်။ ယင်းဒေသ၏ ပြန်လည်ထူထောင်တည်ဆောက်ရေး တာဝန်ခံမှာ ဗိုလ်မှူးချုပ် မျိုးမြင့်သန်း ဆိုသူ ဖြစ်သည်။
ရန်ကုန်အခြေစိုက် ဝါရင့် မဂ္ဂဇင်း အယ်ဒီတာ တဦးကမူ အစိုးရအနေနှင့် ဒုက္ခသည်များအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကိုသာ ဦးစားပေးလုပ်သင့်ကြောင်း ပြောဆိုသည်။
“အစိုးရအနေနဲ့ အခုအချိန် ဦးစားပေးလုပ်ရမှာက ဒုက္ခသည်တွေလိုအပ်နေတဲ့ အစားအစာ၊ အမိုးအကာတွေနဲ့ သောက်သုံး ရေသန့် တွေရအောင်လုပ်ပေးသင့်ပါတယ်၊ အစိုးရက ဒုက္ခသည်တွေကို ကျပ် ၁ သောင်းလောက်တန်တဲ့ သွပ် တချပ်ကို ၄၅၀၀ နဲ့ရောင်းပေးတယ်တဲ့၊ ဒါပေမယ့် ဒုက္ခသည်တွေမှာက ဝယ်စရာ ပိုက်ဆံတပြားမှ မရှိဘူး”ဟု အထက်ပါ ဝါရင့် အယ်ဒီတာ က ပြောသည်။
ယင်းသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ခွင့်ပေးရန်လျာထားသည့် ကုမ္ပဏီများတွင် တခြားသော ဒဂုံ၊ ယုဇန၊ ပြည့်ဖြိုးကျော်၊ အေဝမ်း၊ တီဇက် တီအမ်၊ Original ၊ မောင်ဝိတ်၊ Golden Flower ၊ ဖွံ့ဖြိုးအောင်၊ Tosta ၊ ရွှေတောင်၊ Asia Express ၊ Naing Group ၊ Universal ၊ သော်တာဝင်း ၊ Shine ၊ အက်ပီဒင် ၊ အေရိပ်မွန် ၊ Excel ၊ ရွှေကမ္ဘာ ၊ နောင်တုံ ၊IEG ၊ ရွှေဘုရင်၊ မြန်မာ့အလှ ၊ Opal ၊ ချမ်းသာ ၊ WHK ၊ KMA ၊ ဌေးမိသားစု စသည့် ကုမ္ပဏီများလည်း ပါဝင်ကြောင်း သိရသည်။
မုန်တိုင်းဒဏ်ကြောင့် ပြန်လည်ထူထောင် တည်ဆောက်ရေးလုပ်ငန်းများပြုလုပ်မည့် မြို့နယ်များမှာ ဧရာဝတီတိုင်းမှ လပွတ္တာ၊ ဘိုကလေး၊ ဖျာပုံ၊ မော်လမြိုင်ကျွန်း၊ ကျိုက်လတ်၊ ဒေးဒရဲ ၊ ငပုတော(ဟိုင်းကြီး) စသည့် (၇) မြို့နယ် အပါအဝင် ရန်ကုန်တိုင်းမှ တွံတေး၊ သံလျင်/ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဒလ ၊ ဆိပ်ကြီး/ ခနောင်တို မြို့နယ် များ နှင့် ရန်ကုန်မြို့ရှိ အရှေ့ပိုင်း ခရိုင် (အေ) (ဘီ) နှစ်ပိုင်းနှင့် အနောက်ပိုင်းခရိုင် (စီ) (ဒီ) နှစ်ပိုင်း တို့ ဖြစ်ကြောင်း သိရသည်။
ယနေ့ထုတ် အစိုးရ မြန်မာ့အလင်းသတင်းစာတွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိန်က ကယ်ဆယ်ရေးလုပ်ငန်းများကို ထိန်းသိမ်း ဆောင်ရွက်ထားပြီးဖြစ်၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများ အတွက် ပုဂ္ဂလိကကုမ္ပဏီများ၏အကူအညီကို ရယူသွားမည်ဖြစ်ကြောင်း ပြောဆိုချက်ကို ဖော်ပြ ထားသည်။
မေလ ၁၂ ရက်နေ့က ရန်ကုန်တိုင်း စစ်ဌာနချုပ်တွင်ပြုလုပ်သည့် လေဘေးသင့်ဒေသများ ပြန်လည်ထူထောင် တည်ဆောက် ရေး အစည်းအဝေးတွင်လည်း ပုဂ္ဂလိက ကုမ္ပဏီများနှင့် လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး သိန်းစိန်က ပြောကြားခဲ့သည်ဟု မေလ ၁၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာက ဖော်ပြသည်။
Irrawaddy news
Friday, May 16, 2008
လေဘေး ပြန်လည်ထူထောင်ရေး စစ်အစိုးရက စီးပွားရေးကုမ္ပဏီများကို ကန်ထရိုက်ပေး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment