Wednesday, May 14, 2008

နောက်ထပ် မုန်တိုင်းတခု မြန်မာနိုင်ငံသို့ ဦးတည်နေပြန်

ဗုဒ္ဓဟူးနေ့၊ မေလ 14 2008 15:37 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ နောက်ထပ်ဆိုင်ကလုန်းမုန်တိုင်းသည် မကြာမီတွင် ဧရာဝတီတိုင်းဆီ ၀င်ရောက်လာနိုင်သည်ဟု ကုလသမဂ္ဂက သတိပေးသည်။
ဟာဝိုင်အီတွင် အခြေစိုက်သော တိုက်ဖွန်မုန်တိုင်း သတိပေးဌာန၏ ကြိုတင်သတိပေးချက် အရ ၂၄ နာရီအတွင်း အားကောင်းလာဖွယ် ရှိသော အဆိုပါမုန်တိုင်းသည် ဧရာဝတီတိုင်းဆီ ဦးတည်နေသည်ဟု ဆိုသည်။

ယခုလ (၃) ရက်နေ့က လူသိန်းချီသေဆုံးပြီး သန်းချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ ဒေသတွင် အများစုသည် ယခုအချိန်အထိ အမိုးအကာအောက် မရောက်သေးသည့်အချိန်တွင် နောက်ထပ် မုန်တိုင်းဝင်ရောက်မည့် သတိပေးချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဧရာဝတီတိုင်း လပွတ္တာမှ အမည်မဖော်လိုသော ကျန်းမာရေးဝန်ထမ်းတဦး၏ အဆိုအရ ယခုအခါ ဒေသတွင်း၌ လူနာများတိုးလာနေပြီး ဆေးဝါးမလုံလောက်မှုများ ကြုံနေရသည်ဟု သိရသည်။

လောလောဆယ်တွယ် ဒေသတွင်း၌ ကလေးငယ်များ ၀မ်းရောဂါ စတင်ဖြစ်ပွားနေပြီး ဆေးဝါးများ အရောက်မစောလျင် နောက်ထပ်ကူးစက်ရောဂါများဖြစ်ပွားနိုင်သည်ဟု ဆိုသည်။

လူနာက တိုးလာပြီးဆေးဝါးက မလုံလောက်သဖြင့် လက်ပွတ္တာတွင် ဆရာဝန်နှင့် သူနာပြုများသည် လူနာများအတွက် မျက်ရည်ကျနေကြသည်ဟု အဆိုပါ ကျန်းမာရေး ၀န်ထမ်းက ပြောသည်။

ကုလသမဂ္ဂအဖွဲ့များက အရေးပေါ် အကူအညီလိုအပ်သူ လူတသန်းအနက် (၃) ပုံ (၂) ပုံသည် ယခုအချိန်အထိ အကူအညီမရကြသေးဟု ပြောသည်။

နာဂစ်မုန်တိုင်းနှင့် ပတ်သက်သော ကြိုတင်သတိပေးမှုများ ပြုလုပ်ရန် ပျက်ကွက်ခဲ့သဖြင့် အပြစ်တင်ခံခဲ့ရသော စစ်အစိုးရသည် နိုင်ငံတကာမှ ကယ်ဆယ်ရေး အကူအညီ များကို လမ်းဖွင့်မပေးသဖြင့်  ဝေဖန်ခံနေရသည်။

မုန်တိုင်းနောက်ထပ်တခု မြန်မာနိုင်ငံသို့ ဦးတည်နေသည်ဆိုသော သတင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ နေပြည်တော်အခြေစိုက် မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနမှ အရာရှိတဦးက "မုန်တိုင်းကြီးမဟုတ်ဘူး။ လေဖိအားနည်း ရပ်ဝန်းလောက်ဘဲ ဖြစ်မယ်၊ မိုးတော့ ကြီးမှာဘဲ။ အဲဒီလောက်ဘဲ သိရသေးတယ်" ပြောသည်။

ချောင်းသားကမ်းခြေမှ ဂရင်းဟိုတယ်မှ ဝန်ထမ်းတဦးက တယ်လီဖုံးမှတဆင့် ပြောကြားရာတွင်

" အခုတလောက လာတဲ့ဧည့်သည်တောင် မရှိဘူး၊ လောလောဆယ်တော့ အခုလက်ရှိတော့ ကျမတို့ ဟိုတယ်မှာကျတော့ ဝန်ထမ်းတွေကတော့ နေတဲ့လူတွေလည်း နေတာဘဲ ။ ပြန်ချင်တဲ့ လူတွေကလည်း ပေးပြန်တယ်။ မုန်းတိုင်းလာမယ်လို့တော့ ပြောနေတာဘဲ၊ ဟိုတခေါက်ဖြစ်တုန်းကတော့ သတိပေးတယ်လေ။ အခုတော့ ဘာမှ မပြောသေးဘူး " ဟု ပြောသည်။
MIZZIMA

0 comments: