Monday, May 19, 2008

မြန်မာစစ်အစိုးရလည်း ၀မ်းနည်းတော့မည်

19-5-2008

မုန်တိုင်းတိုက်ပြီး လ၀က်တိတိ အကြာတွင် ရန်ကုန်မြို့စွန်မှ ဒုက္ခသည်စခန်းတခုကို ပထမဆုံးအကြိမ် လာရောက်စစ်ဆေးနေသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် လက်အုပ်ချီ ကြိုဆိုနေရသော ဒုက္ခသည် ကလေးငယ်

တရုတ်အစိုးရက လွန်ခဲ့သည့်တပတ် တရုတ်ငလျင်ဘေးတွင် အသက်ဆုံးရှုံးသူများအတွက် အမျိုးသားဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ် သုံးရက်တာ ကို တနင်္လာနေ့မှ စတင် သတ်မှတ်ကြေညာခဲ့ပြီး နောက်တရက်တွင် ပြစ်တင်ဝေဖန်ခံနေရသော မြန်မာစစ်အစိုးရကလည်း ၀မ်းနည်းခြင်း အထိမ်းအမှတ် သုံးရက် သတ်မှတ်ကြောင်း အစိုးရ ရုပ်မြင်သံကြား သတင်းတွင် ကြေညာသွားသည်။

သို့သော် မြန်မာ စစ်အစိုးရ၏ ၀မ်းနည်းခြင်းနေ့ရက် ကြေညာမှုသည် မေ ၂ ရက်နှင့် ၃ ရက်နေ့များက ဧရာဝတီ မြစ်ဝကျွန်းပေါ်တွင် လူ သိန်းနှင့်ချီ၍ သေကြေခဲ့ရသော နာဂစ်မုန်တိုင်းအပြီး ၁၆ ရက် အကြာမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။ တရုတ်အစိုးရ ခေါင်းဆောင်များက ငလျင်ဒဏ် ခံလိုက်ရသော နေရာများသို့ သွားရောက်ကြောင်းနှင့် ငလျင်ကိစ္စကို အရေးတယူ ရှိကြောင်း စီစီတီဗွီ သတင်းတွင် အသားပေး ထုတ်လွှင့်ပြီးနောက် လူမြင်ကွင်းကို ရှောင်တိမ်းနေသော ကျပ်ပြေးမြို့သစ်မှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ရန်ကုန်သို့ အထူးလေယာဉ်ဖြင့် ခေတ္တ ရောက်ရှိလာကာ မြို့စွန်ရှိ ဒုက္ခသည်စခန်းတခုကို လိုက်လံစစ်ဆေးပုံကို တီဗွီ အရိုက်ခံပြီး မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသစေခဲ့သည်။

တရုတ်အစိုးရက ငလျင်ကြောင့် သေဆုံးသူများအတွက် ၀မ်းနည်းခြင်း သုံးရက်ကာလကို မေလ ၁၈ ရက်နေ့မှ စတင်ကြောင်း ကြေညာပြီးနောက် နိုင်ငံတကာ အကူအညီများကို ငြင်းဆန်မှုနှင့် ကယ်ဆယ်ရေးသမားများကို ပြည်ဝင်ခွင့်ပေးရန် တွန့်ဆုတ်မှုတို့ကြောင့် ရှုတ်ချခံနေရသော မြန်မာစစ်အစိုးရကပါ ၀မ်းနည်းကြေကွဲခြင်း သုံးရက် သတ်မှတ်ကြောင်း ယနေ့ ကြေညာခဲ့ရသည်။ ယနေ့နံနက် ၉ နာရီမှ စတင်၍ သုံးရက်တိတိ နိုင်ငံတော်အလံကို တိုင်ဝက် လွှင့်ထူထားမည် ဖြစ်ကြောင်းလည်း ကြေညာချက်တွင် ပါရှိသည်။

နာဂစ်မုန်တိုင်းကြောင့် မြန်မာနိုင်ငံသားများ အကြီးအကျယ် သေကြေပျက်စီးပြီးနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဖုန်းဆက် စကားပြောခွင့်ရရန် အကြိမ်ကြိမ် တောင်းပန်သော်လည်း ငြင်းဆန်ခံခဲ့ရသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် ယခုအပတ်ထဲတွင် မြန်မာပြည်သို့ လာရောက်မည် ဖြစ်သည်။
hittaing news

0 comments: