10-5-2008
မဲဆောက်လေယာဉ်ကွင်း၌ ရပ်နားထားသည့်
CH-53 ရဟတ်ယာဉ်နှစ်စီး
ယမန်နေ့ညနေပိုင်းက ထိုင်းနိုင်ငံ အူတာ ဖောက်မြို့ရှိ အမေရိကန်လေတပ် အခြေစိုက် စခန်းမှ CH-53 Super Stallion မရိန်းတပ် စစ်သုံးရဟတ်ယာဉ် နှစ်စီးသည် တပ်ဖွဲ့ဝင် အချို့လိုက်ပါလျက် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့လေယာဉ်ကွင်းသို့ ဆိုက်ရောက်ခဲ့သည်။
လေယာဉ်နှင့်လိုက်ပါလာသည့် မရိန်းတပ် ဗိုလ်ကြီး Jack Baker အပါအဝင် တပ်ဖွဲ့ဝင် (၁၀) ဦးသည် မဲဆောက်မြို့တွင် လေယာဉ်
လမ်းကြောင်းနှင့် နယ်မြေအနေအထားများကို လေ့လာရန် လာရောက်ခြင်းဖြစ်သည်။
မရိန်းတပ်ဗိုလ်ကြီး ဂျက်ဘေကာ က “ကျနော်တို့ကို အထက်က လမ်းကြောင်းအနေအထားနဲ့ နယ်မြေဒေသအနေအထားတွေကို လေ့လာဖို့အတွက် လွှတ်လိုက်တာဖြစ်တယ်” ဟု လေဆိပ်
တွင် ဒေသခံသတင်းထောက်များအား ပြောသည်။
၎င်းက မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အခြေအနေများကို ပြောကြားခြင်းမရှိသော်လည်း အမည် မဖော်လိုသူ ထိုင်းစစ်တပ်အရာရှိတဦးက “လေဘေးဒဏ်ခံနေရတဲ့ မြန်မာဒုက္ခသည်တွေကို အကူ အညီပေးဖို့ လာကြည့်ကြတာဖြစ်တယ်” ဟု လေဆိပ်တွင် သတင်းထောက်များအား အလွတ် သဘောပြောကြားခဲ့သည်။
အမေရိကန် မရိန်းတပ်ဖွဲ့ဝင်များ မဲဆောက်သို့ရောက်ရှိလာခြင်းနှင့် ပတ်သက်၍ မြန်မာ့အရေး လေ့လာစောင့်ကြည့်သူ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ NDD သုတေသနဌာနမှ ဦးဌေး အောင်က “အမေရိကန်တပ်ဖွဲ့ဝင်တချို့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ကို ရောက်လာတဲ့ကိစ္စ ကိုတော့ သူတို့ဘက်က စိုးရိမ်မှာတော့ အမှန်ဘဲ။ ထိုင်းအစိုးရကလည်း မြန်မာအစိုးရနဲ့ အနီးကပ် ဆက်ဆံနေရတဲ့အခါကြတော့ မြန်မာအစိုးရ ငြိုငြင်မှာကို လိုလားမှာမဟုတ်ဘူး။ ကျနော်မြင်တာ ကတော့ ကုလသမဂ္ဂရဲ့အကူအညီတွေ မဲဆောက်ကနေ ကုန်းလမ်းကနေတဆင့် မြန်မာပြည်ထဲ ကိုပို့ဖို့ ပြင်ဆင်နေတာတွေရှိတယ်ဆိုတော့ အမေရိကန်ရဲ့အကူအညီအချို့ဟာလည်း ရေကြောင်း လေကြောင်းက ပို့လို့ ခွင့်မပြုဘူးဆိုရင် ကုန်းလမ်းကတဆင့် ပို့ဖို့အတွက် လာရောက်လေ့လာ ကြိုတင်ပြင်ဆင်တာဖြစ်နိုင်တယ်" ဟု ပြောသည်။
ယမန်နေ့က မရိန်း ရဟတ်ယာဉ်နှင့် တပ်ဖွဲ့ဝင်များရောက်ရှိလာခြင်းကို ဒေသတွင်းရောက် မြန်မာ များမှ အကောင်းဘက်မှ မျှော်လင့်ရှုမြင်သုံးသပ်ကြသော်လည်း မြဝတီမြို့တွင် ခရိုင်အုပ်ချုပ်ရေး အဖွဲ့၊ ရဲ၊ စစ်တပ်အပါအဝင် ဒေသခံအာဏာပိုင်များအကြား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေကာ
အခြေအနေများကို လိုက်လံစုံစမ်းမှုများ ရှိနေကြောင်း မြဝတီမြို့မှ အာဏာပိုင်များနှင့် နီးစပ်သည့် ကုန်သည်တဦးက ပြောသည်။
.khitpyaing news
Saturday, May 10, 2008
ရဟတ်ယာဉ် (၂) စီးဖြင့် အမေရိကန်မရိန်းတပ်မှ တပ်ဖွဲ့ဝင်အချို့မဲဆောက်လေယာဉ်ကွင်းသို့ လာရောက်လေ့လာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment