Wednesday, June 4, 2008

ဒဏ်ရာရ အဖြူရောင်လေးတွေက … ကျောင်းနေပျော်နိုင်ပါ့မလား …

အေးချမ်းမြေ့ | ဇွန် ၄၊ ၂၀၀၈

ကျောင်းဆိုတဲ့ အသံကိုကြားလိုက်တာနဲ့ အဖြူအစိမ်းဝတ် နေ့ရက်ကလေးတွေကို ပြန်မြင်ယောင်ရင်း စိတ်က အလိုလို နုပျိုသွားကြမှာပါ။ ကျမဆို သူငယ်တန်း စတက်တဲ့ နေ့ကိုတောင် မှတ်မိနေသေးတယ်။ ကျမကို သိပ်ချစ်တဲ့ မနာယော ဆိုတဲ့ လားဟူအမကြီးတယောက် လက်ဆောင်ပေးခဲ့တဲ့ လွယ်အိတ် စိမ်းကလေးကို လွယ်ရင်း လိုက်ပို့တဲ့ အဖေ့ကို လုံးဝလှည့် မကြည့်ဘဲ ကျောင်းထဲ တန်းတန်းမတ်မတ် ဝင်သွားခဲ့တာ။ ကျောင်းတက်ရဖို့ စိတ်လှုပ်ရှား ပျော်ရွှင်ခဲ့တာပါ။

ကျမသားကြီး သူငယ်တန်းစတက်တဲ့ နေ့ကိုလည်း မှတ်မိနေသေးတယ်။ ကျောပိုးအိတ်ကလေးကို လွယ်ပြီး လက်ပြ နှုတ်ဆက်နေတဲ့ အဖေနဲ့ အမေကို လုံးဝလှည့်မကြည့်ဘဲ ကျောင်းထဲကိုတန်းတန်းမတ်မတ် ဝင်သွားခဲ့၊ ကျောင်းက သူငယ်ချင်းတွေအကြောင်း ပြောပြလို့ မဝခဲ့တဲ့ သားကြီးရဲ့ သူငယ်တန်းနေ့ရက်တွေကလည်း ဖြစ်မှ ဖြစ်ပါ့မလားလို့ စိတ်ပူခဲ့တဲ့ ကျမကို စိတ်အေးစေခဲ့ရတယ်။

ခု ကျောင်းတွေဖွင့်ပြန်ပြီ…။ ကျောင်းဖွင့်ရာသီမို့ ကျောင်းတွေပြန်ဖွင့်တာ မဆန်းပေမယ့် လောလော လတ်လတ် ဒဏ်ရာ အနာတရတွေ ရခဲ့တဲ့ကျောင်းတွေ၊ အခက်အခဲတွေ တင်းကြမ်းပြည့်နေတဲ့ ကျောင်းသား မိဘတွေနဲ့ ဆရာဆရာမတွေ၊ စိတ်ဒဏ်ရာတွေနဲ့ ကလေးတွေ..။ ဒါတွေအားလုံး စုစည်းပြီး ကျောင်းဆိုတာကို ဘယ်လို ပုံဖော်မလဲဆိုတာ စဉ်းစားစရာ တော်တော်ကောင်းပါတယ်။

ဧရာဝတီတိုင်းက မုန်တိုင်းဒဏ် ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ ဒေသတွေကလွဲရင် ကျန်တဲ့ဒေသတွေမှာ ဒီနေ့ ကျောင်းတွေ စဖွင့်ပါပြီ။ ရန်ကုန်တိုင်းအတွင်းက ကျောင်းတော်တော်များများမှာ အနည်းဆုံးတော့ အမိုးလန်ခဲ့၊ တချို့ ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာပဲ ကွမ်းခြံကုန်းလို၊ တွံတေးလို၊ ကော့မှူးလို ဒေသတွေမှာ ဆိုးဆိုး ရွားရွား ပျက်စီးခဲ့တယ်၊ လူတွေလည်း သေခဲ့ပါတယ်။

ဧရာဝတီတိုင်းမှာက ရွာလုံးကျွတ်ကို ပျောက်တာတွေ အများကြီးဆိုတော့ အဲဒီထဲမှာ ကျောင်းတွေလည်း အများကြီး ပါသွား ခဲ့မှာပါ။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးရုံး (UNOCHA) ကတော့ မြန်မာပြည်ရဲ့ မုန်တိုင်းဒဏ်ခံ ရတဲ့ ဒေသတွေမှာ မူလတန်းကျောင်း ၂၄၀၀ ကျော် ပျက်စီးခဲ့တယ် လို့ ဆိုပါတယ်။ အဲဒီလို ပျက်စီးခဲ့တဲ့ အတွက် ကလေး ပေါင်း ၃ သိန်း ၆ သောင်းကျော် ပညာရေး ထိခိုက်မယ်လို့ အဲဒီ ဌာနရဲ့ အစီအရင်ခံစာအရ သိရပါတယ်။

မြန်မာစစ်အစိုးရကတော့ ကျောင်းတွေကို အမြန်ဆုံး ပြန်လည် တည်ဆောက်ပြီး နောက်နှစ်ပတ်မှာ ဖွင့်နိုင်အောင် ကြိုးစား မယ်လို့ ကြေညာထားပါတယ်။ ကျောင်းဆိုတဲ့ အဆောက်အဦရယ်၊ တက်မယ့် ကလေးတွေရယ်၊ သင်မယ့် ဆရာ ဆရာမရယ် ရှိရင် ဖွင့်လို့ရပြီလို့ ယူဆထားပုံရပါတယ်။

ကျောင်းတွေဖွင့်တာကတော့ ဖွင့်လို့ရမှာပါ။ ကလေးတွေကိုလည်း တက်ချင်သည်ဖြစ်စေ မတက်ချင်သည် ဖြစ်စေ တက်ရ မယ်လို့ အမိန့်နဲ့ တက်ခိုင်းမယ်ဆိုရင် တက်ကြရမှာပါပဲ။ ဒါပေမယ့် ဒီကလေးတွေအားလုံးက သာမန်၊ ပုံမှန် စိတ်အခြေအနေ ရှိနေတဲ့ ကလေးတွေမဟုတ်ကြပါဘူး။ မိဘ ဆွေမျိုးတွေ ရုတ်တရက် ပျောက်ဆုံးသွားရတဲ့ ကလေးတွေ၊ ဆာနေ ငတ်နေတဲ့ ကလေးတွေ၊ အိမ်မရှိတော့တဲ့ နေစရာ အမိုးအကာ ပျောက်ဆုံးခဲ့ရတဲ့ ကလေးတွေ ဖြစ်နေမှာပါ။ လူကြီးတွေတောင် ဘယ်လောက်ခံစားခဲ့ရ၊ ခံစားနေရသလဲ။ သိပ်ကို နုနယ်တဲ့ ကလေးငယ်လေးတွေရဲ့ ရင်ထဲက အနာတရတွေက ပိုပြီး ကြီးမားလိမ့်မယ်လို့ ကျမ ယုံကြည်တယ်။

အမေရိကန်နိုင်ငံမှာ မုန်တိုင်းတွေ ဝင်သွားခဲ့ပြီးနောက်ပိုင်း သဘာဝဘေးဒဏ်အပြီး ကလေးတွေအတွက် စိတ်အင်အားနဲ့ ပတ်သက်လို့ လိုအပ်တဲ့ သင်ခန်းစာတွေထည့်၊ သေသေချာချာ ပြင်ဆင်ပြီးမှ ကျောင်းပြန်ဖွင့်လေ့ရှိတယ် လို့သိရပါတယ်။

“မြန်မှာပြည်မှာကျတော့ ကျောင်းဖွင့်ချိန်မို့လို့ ဖွင့်တယ် ဆိုတာမျိုးဆိုတော့ တကယ့်တကယ်မှာ ကလေးတွေက ဘာမှ အဆင်သင့်မဖြစ်ဘဲ ပိုပြီး ကစဥ့်ကလျားဖြစ်လိမ့်မယ်” လို့ ကထိက ဟောင်း တဦးဖြစ်တဲ့ ဆရာမ မေငြိမ်းက ကျမကိုပြောပြ ပါတယ်။ ဆရာမက RFA ရေဒီယို အစီအစဉ်မှာ မြန်မာပြည် ပညာရေးနဲ့ ပတ်သက်လို့ အပတ်စဉ် သုတေသနပြု တင်ဆက် နေသူ တဦးလည်း ဖြစ်ပါတယ်။

ပတ်ဝန်းကျင်အရကော ကျောင်းစာသင်ခန်းအနေနဲ့ကော။ ဆရာဆရာမတွေကိုယ်တိုင်က စိတ်အနာတရ ဖြစ်နေတာမျိုးရှိ နိုင်တယ်။ စာသင်ခန်းဆိုရင်လည်း အရင်ကတည်းက မြန်မာပြည်ကကျောင်းတွေက ကျောက်သင်ပုန်းနဲ့ မြေဖြူလောက်ပဲ ရှိတာမှာ ခုချိန်မှာကျတော့ ဒီ ကျောက်သင်ပုန်းကိုတောင် သစ်ပင် အောက်မှာ ထောင်ပြီးသင်ရမှာလား၊ ကွင်းပြင်ထဲမှာ သင်ရမှာလား ဆိုတာမျိုး ဖြစ်နိုင်တယ် လို့ ဆရာမက ဆက်ပြောပါတယ်။

“အဲဒီလို အကျိုးဆက်တွေက ကလေးတွေအတွက် စိတ်အားငယ်စေတဲ့ အခင်းအကျင်းတွေ ဖြစ်နေလိမ့်မယ်” လို့ သူက ဆိုပါတယ်။ ကလေးတွေခမျာ စိတ်ဖိစီးမှုဒဏ်ကို အပြင်းအထန် ခံစားနေရစဉ်မှာပဲ သူတို့ စိတ် မဝင်စားနိုင်တဲ့ သင်ခန်းစာ တွေကို သင်ယူဖို့ဆိုတာ လဲနေတဲ့သူကို ထပ်ဖိထောင်းသလို ဖြစ်နေမှာပါ။

လပွတ္တာမြို့နယ်အတွင်းမှာရှိတဲ့ ကန်ညီနောင်၊ ပီတွတ်၊ ချောင်းဝ စတဲ့ ရွာတွေကနေ မနေ့ကမှ ပြန်လာတဲ့ မသန္တာ ကတော့ ကလေးတွေရဲ့ အနေအထားက ကျောင်းပုံမှန်တက်ပြီး စာသင်နိုင်တဲ့ အနေအထား မရှိဘူးလို့ဆိုပါတယ်။ သူတို့လို အလှူ လာလုပ်တဲ့ သူတွေကို ကြောင်ငေးကြည့်နေတဲ့ ကလေးလေးတွေကို မြင်တဲ့အခါမှာ ဘယ်သူမှစိတ်မထိန်းနိုင်ဘဲ ငိုမိကြ တယ်တဲ့။

“မိဘမဲ့တွေများတယ်။ အဲဒီဘက်တွေကို အကူအညီတွေမရောက်တော့ အစားလည်း ပုံမှန်မစားကြရဘူး။ ကလေးတွေကို ကြည့်ရတာ စိတ်မချမ်းသာဘူး။ ကျမတို့အားလုံး မျက်ရည်မကျဘဲ မနေနိုင်ဘူး။ ကျမ အထင်တော့ သူတို့ကို ပုံမှန်အနေ အထားရောက်အောင် ပြန်လုပ်ဖို့ကို ကလေးစိတ်ပညာ တကယ်နားလည် တတ်ကျွမ်းသူ တွေ အများကြီးလိုလိမ့်မယ်” လို့ သူက ကျမကိုပြောပြတယ်။

ဆောက်လုပ်ရေး လုပ်ငန်းတချို့ကတော့ အဲဒီဒေသတွေဘက်မှာ စာသင်ကျောင်းတွေ ဆောက်ဖို့ အပြင်း အထန် ကြိုးစား နေတယ်လို့ ဆိုပါတယ်။ ကျောင်းတွေ ဆောက်ပြီးရုံ၊ စာသင်ခန်းတွေ ရှိရုံနဲ့တော့ ဒီကလေး တွေအတွက် ပြည့်စုံနိုင်မယ် မထင်ဘူးလို့ သူကဆက်ပြောပါတယ်။

နာဂစ်မုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေမှာ ကလေးပေါင်း ၁.၁ သန်း ပညာသင်ကြားနိုင်မယ့် ကျောင်းပေါင်း ၄၀၀၀ ကျော် ပျက်စီးသွားရပြီး ဆရာဆရာမပေါင်း အနည်းဆုံး ၁၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ကမ္ဘာ့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့ (UNICEF) က ပြောပြထားပါတယ်။

ဒီဒေသက မသေဆုံးဘဲ ကျန်နေမယ့် ဆရာ၊ ဆရာမတွေကိုယ်တိုင်ကကော သူတို့ကိုယ် သူတို့ အနိုင်နိုင် ရပ်တည်နေရတဲ့ ဒုက္ခသည်တွေထဲက ဒုက္ခသည်တွေပဲ ဖြစ်နေဖို့များတယ်။ သူတို့တွေက ကလေးတွေ စိတ်အင်အား မြင့်တက်အောင် ပြောဖို့ စနစ်တကျလေ့ကျင့်ထားတဲ့သူတွေ မဟုတ်နိုင်ဘူး။ ဒီတော့ သင်ခန်းစာတွေကိုပဲ ဒီတိုင်း အစဉ်လိုက်သင်သွား မယ်ဆိုရင် ကလေးတွေကလည်း ဒီသင်ခန်းစာတွေ အပေါ်မှာ အာရုံဝင်စားနိုင်ဖို့ မလွယ်ဘူးလို့ ဆရာမမေငြိမ်းက ပြောပါတယ်။

“ပိုဆိုးတာက မြန်မာပြည်မှာ အဆင့်မီတဲ့ Moral သင်ရိုးလုံးဝမရှိဘူး။ ဒီတော့ ကျောင်းသင်ခန်းစာထဲကနေ စိတ်အင်အား တိုးပွားစရာမရနိုင်တဲ့အပြင် စိတ် ဖိစီးမှုတခုပဲထပ်တိုးလာမယ်လို့ ကျမတော့ထင်တယ်” လို့ သူက ဆိုတယ်။

ဆရာ ဆရာမတွေကလည်း သူတို့လို စိတ်ဖိစီးမှုမျိုးရှိနေတာ ဖြစ်နေမယ်၊ ပတ်ဝန်းကျင်ကလူတွေကလည်း ဒီလိုမျိုးပဲဖြစ် နေမယ်၊ ပြီးတော့ အဲဒါကိုမှ ထူးပြီးကုစားပေးတာမျိုးမပါဘူး။ သင်ကြားနည်းပုံစံတွေလည်း မရှိ ဘူးဆိုရင် စိတ်ဒဏ်ရာရ နေတဲ့ ကလေးတွေအတွက် သိပ်ကိုအန္တရာယ်ကြီးတယ်လို့ သူက ဆက်ပြော ပါတယ်။

ကက်ထရီးနားမုန်တိုင်း ဖြစ်ပြီးတုန်းကဆိုရင် သူတို့သင်ခန်းစာတွေပြောင်းလိုက်ကြပါတယ်။ ဒီလို သဘာဝ ဘေးဒဏ် ထပ်ကြုံရမယ်ဆိုရင် ဘယ်လိုရင်ဆိုင်ကြမယ် ဆိုတာမျိုးကစပြီး အမူအရာတွေနဲ့ လုပ်ပြရ တာ မျိုးတွေ ပြောင်းလဲပစ်ရ တယ်လို့ ကြားဖူးပါတယ်။

“ကလေးတွေဟာ သိပ်ကြီးမားတဲ့ စိုးရိမ်ထိတ်လန့်မှုနဲ့ ပူဆွေးသောကကို ရင်ဆိုင်ခဲ့ရတာမို့ စိတ်ဒဏ်ရာတွေ ရနေပါတယ်။ ကလေးတွေကို နဂိုအခြေအနေရောက်အောင် ပြန်လည် ပြုစုပေးဖို့ ကျောင်းတွေ အမြန်ဖွင့်ဖို့ လိုအပ်ပါတယ်”လို့ UNICEF ရဲ့ ဒေသဆိုင်ရာ ပညာရေးအကြံပေး တဦးဖြစ်သူ ကလစ်မေယာက ဆိုပါ တယ်။

ကလေးတွေရဲ့ စိတ်ဟာ နဂိုကတည်းကမှ နုနယ်ပြီး အထိခိုက် ခံစားလွယ်တဲ့အတွက် ဒီကလေးတွေအတွက် သီးသန့် ကလေးစိတ်ပညာ ဆိုပြီးတောင် ခွဲထားရတာပါ။ UNICEF က ရစ်ချတ် ဘရစ်ဒယ်က ကလေးတွေ အတွက် ပုံမှန်ကလေး ဘဝကို ရပြီး ကြီးပြင်းသွားစေဖို့အတွက် ကျောင်းတွေကသာ အကောင်းဆုံးနေရာ ဖြစ်တယ်လို့ ဆိုပေမယ့် ဘယ်လိုကျောင်း မျိုးလဲ၊ ဘယ်လို သင်ခန်းစာမျိုးလဲ၊ ဘယ်လို ပတ်ဝန်းကျင်လဲ၊ ဘယ်လို ဆရာဆရာမတွေလဲ ဆိုတဲ့ မေးခွန်းတွေ အများကြီး ပေါ်လာနိုင်ပါတယ်။
တက်ခါစ အညွန့်အတက် ကလေးတွေကို အဆိတ်အဖဲ့ခံလိုက်ရတဲ့ အပင်ငယ်ကလေးတွေလို စိတ်ဒဏ်ရာ ဗရပွနဲ့ ဝမ်းနည်း၊ အားငယ်၊ ညှိုးနွမ်းနေမယ့် ကလေးလေးတွေအတွက် ပြီး ပြီးရော ဆိုတဲ့ ကျောင်း အဆောက်အဦး တွေနဲ့တင် လုံလောက်နိုင် ပါ့မလား။ စီမံကိန်းချပြီး ဒီနေ့ဒီရက်မှာ ဖွင့်ကို ဖွင့်ရမယ် ဆိုရုံနဲ့တင် ကျောင်းဆိုတဲ့ အဓိပ္ပာယ် ပေါ်လွင်နိုင်ပါ့မလား။ ဒီမေးခွန်း တွေအတွက် အဖြေမရှိခင် နောက်နှစ်ပတ်ဆိုရင်ပဲ မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွားခံခဲ့ရတဲ့ ဒေသတွေမှာ ကျောင်းတွေ ကသုတ်ကရက် ပြန်ဖွင့်ကြ ဦးတော့မှာ။
IRRAWADDY မှယူသည်

0 comments: