2-4-2008
ကရင်ပြည်နယ် သာမညတောင်ရှိ အများပြည်သူဖူးမြော်နိုင်ရန်ထားရှိသည့် သာမညဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်ကို ယမန်နေ့ည ၁၂ နာရီနှင့် တနာရီအကြား ပြောက်ကျားဝတ်စုံများဝတ်ဆင်ထားသည့် အမည်မသိလူအုပ်စုတစုက အဓမ္မလုယူသွားသည်ဟု သာမညတောင်ရှိ ဒေသခံတဦးက ပြောသည်။
ဘောလုံးပွဲကြည့်နေကြတဲ့အချိန်မှာ Toyota Hilux Tiger ကားသုံးစီးနဲ့ လာတာ … ပြောက်ကျားဝတ်စုံတွေနဲ့ လာပြီးတော့ ကပ္ပိယတွေကို အခန်းထဲ ပိတ်ထားပြီးတော့ အခေါင်းကိုဖွင့်ပြီး ဆရာတော်ရဲ့ရုပ်ကလာပ်ကို ဘားအံ ဘက်သယ်သွားကြတာ။ အခုတော့ ရဲတွေနဲ့ရှုပ်နေတယ်။ စစ်ဆေးတာတွေ လုပ်နေကြတယ်” ဟု သာမညတောင်ရှိ ဒေသခံက ဧရာဝတီကို ပြောသည်။
သာမညဆရာတော်၏ ရုပ်ကလာပ်ကို ၂၀၀၃ ခုနှစ် နိုဝင်ဘာလ ဆရာတော် ပျံလွန်တော်မူကတည်းက သာမည တောင်ပေါ်ရှိ မြစောညီနောင်ဘုရား ကုန်းတော်ပေါ်တွင် အများပြည်သူ ဖူးမြော်နိုင်ရန် မှန်ခေါင်းဖြင့် ထားရှိသည်။
သာမညတောင်သည် ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့အနီးတွင်တည်ရှိပြီး ပအို့လူမျိုးဖြစ်သည့် သာမည ဆရာတော်ကြီးက ၎င်းတောင်ပေါ်တွင် သာသနာပြုသီတင်းသုံးရာမှ မြန်မာနိုင်ငံအနှံ့အပြားရှိ ဗုဒ္ဓဘာသာဝင်များ လာရောက်ကိုးကွယ်ကြရာမှ လူသိများလာသည့် ဒေသဖြစ်သည်။
“ဆရာတော်ရှိတုန်းကလောက် မစည်ကားတော့ပေမယ့် ဆရာတော့်ရုပ်ကလာပ်ကို လာဖူးတဲ့ ဘုရားဖူးတွေ လာကြပါတယ်” ဟု သာမည ဒေသခံက ပြောသည်။
ဆရာတော်ကြီး၏ရုပ်ကလာပ် အဓမ္မလုယူခံရသည်ဟုကြားသဖြင့် ဘားအံမြို့ရှိ ဒေသခံအများအပြားလည်း သာမညတောင်သို့ ယနေ့သွားရောက်ကြည့်ရှူကြသည်ဟု ဘားအံမြို့ခံက ပြောသည်။
“ဘားအံမှာလည်း ရဲတွေက ရှုပ်နေတယ်။ လူတွေကလည်း အတော်စိတ်မကောင်း ဖြစ်နေကြတယ်” ဟု ဘားအံမြို့ခံက ပြောသည်။
သာမညဆရာတော်ကြီး သက်ရှိထင်ရှားရှိစဉ်အခါက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၂ ကြိမ်တိုင် သွားရောက်ဖူးမြော်ခဲ့သည်။ ဆရာတော်အား ရန်ကုန်သို့ကြွရန်နှင့် နိုင်ငံတော်ကဆက်ကပ်သည့် ဘွဲ့တံဆိပ်တော်များ လက်ခံရန် အာဏာပိုင်တို့ကလျှောက်ထားခဲ့ဖူးသော်လည်း ဆရာတော်က လက်ခံခြင်း မရှိပေ။
သာမညဆရာတော်ဘုရာကြီး၏ ဘွဲ့အမည်မှာ ဦးဝိနယဖြစ်ပြီး သက်တော် ၉၃ နှစ်တွင် ပျံလွန်တော်မူသည်။ လက်ရှိ သာမညတောင်တွင် သာမညဆရာတော်၏အရိုက်အရာကို ပန်းတနော်ဆရာတော်က ဆက်ခံလျက် ရှိသည်။ [Top]
Irrawaddy ကူးယူပါသည်
Wednesday, April 2, 2008
သာမညဆရာတော်၏ရုပ်ကလာပ် အဓမ္မအလုခံရ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment