Wednesday, April 2, 2008

ဒီကေဘီအေ ခေါင်းဆောင် လုပ်ကြံ သတ်ဖြတ်ခံရ

၂-၄-၂၀၀၈
ချင်းမိုင်။ ။ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တွင် ဒုတိယတန်းအဆင့် ခေါင်းဆောင်တဦး ဖြစ်သော - တပ်ရင်း ၉ဝ၆ မှ ဗိုလ်နှုတ်ခမ်းမွှေး (ခေါ်) ဦးကျော်မြင့် (၅၄ နှစ်) သည် ကရင်ပြည်နယ် မြဝတီမြို့အနီး လမ်းခုလပ် တနေရာတွင် ပြီးခဲ့သည့်လ ၂၉ ရက်နေ့ ညနေပိုင်းက လုပ်ကြံခံရ၍ သေဆုံးသွားသည်။

ကရင်ပြည်နယ် မြဝတီမြို့မှ ၄ မိုင်အကွာဝေးသော သင်္ကန်းညီနောင်ရှိ နေအိမ်သို့ ညနေ ၄ နာရီခန့်အချိန်က ဆိုင်ကယ်နှင့် အပြန်လမ်း၌ လုပ်ကြံ သတ်ဖြတ်ခံရသဖြင့် သေဆုံးသွားခြင်း ဖြစ်သည်။

"မြဝတီကနေ သူ့အိမ်ကို ဆိုင်ကယ်နဲ့ ပြန်တာ။ သူ့အိမ်လည်း မရောက်ဘူး။ ဆိုင်ကယ်တစီးပဲ တွေ့တယ်တဲ့။ ဆိုင်ကယ်ကို တွေ့တဲ့အခါကျတော့ လိုက်ရှာတော့ မနေ့ကမှ ကားလမ်းနဲ့ ၆ မိုင်လောက်ဝေးတဲ့ တောင်ကြော တနေရာမှာ သူ့ရဲဘော်တွေက အလောင်းကို ပြန်တွေ့ခဲ့တယ်။ အလောင်းက ပုတ်ပွနေပြီ။ ဗိုက်မှာတချက်၊ ခါးမှာ တချက် ဓားဒဏ်ရာ ရှိပြီးတော့ လည်ပင်းကိုလည်း ဖြတ်ထားတယ်" ဟု ဒီကေဘီအေ သတင်းရပ်ကွက်က ပြောသည်။

လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားပြီး မကြာမီပင် ပြိုင်ဘက် ကရင်အဖွဲ့အစည်းဖြစ်သော ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ)၏ လက်ချက်ဟူ၍ ကောလာဟလများလည်း ကပ်ပါလာသည်။သို့သော် ကေအန်ယူ ခေါင်းဆောင်များ ကတော့ စွပ်စွဲချက်များကို လုံးဝ ငြင်းဆိုလိုက်သည်။

ကေအန်ယူ ဗဟို ပြန်ကြားရေး တာဝန်ခံ ပဒို စောလှငွေက "နှုတ်ခမ်းမွှေး သေတဲ့ကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ KNU ရဲ့ လက်ချက်ဆိုတာက ကျနော်တို့ကလည်း သွားလုပ်ဖို့ အကြောင်း မရှိဘူးလို့ ကျနော်ကတော့ ပြောချင်တယ်" ဟု ပြောသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့က KNU အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာသည် ထိုင်း-မြန်မာနယ်စပ်ရှိ ချင်းမိုင်မြို့ နေအိမ်တွင် အမည်မသိ သေနတ်သမား နှစ်ဦးက လုပ်ကြံ သတ်ဖြတ်ခံရပြီးနောက် တလခွဲခန့်အကြာတွင် ယခုလုပ်ကြံမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

ရုပ်အလောင်းကို ယနေ့ မွန်းလွဲပိုင်း အချိန်တွင် မြဝတီမြို့ ဟေမာဦး ဘုန်းကြီးကျောင်းအနီးရှိ သုဿန်၌ သင်္ဂြိုဟ်သည့် အသုဘ အခမ်းအနားသို့ လူဦးရေ ၁ဝဝဝ ခန့် တက်ရောက်ခဲ့သည်ဟု ကိုယ်တိုင် သွားရောက်ခဲ့သူ တဦးက ပြောသည်။ နှုတ်ခမ်းမွှေးကျော်မြင့် သေဆုံးချိန်တွင် ဇနီးနှင့် သားသမီး ၆ ဦး ကျန်ရစ်ခဲ့သည်။

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဦးသုဇန ဦးဆောင်သော ဗုဒ္ဓဘာသာဝင် ကရင်များသည် ၁၉၉၄ ခုနှစ်တွင် ကေအန်ယူမှ ခွဲထွက်ကာ ဒီကေဘီအေကို ထူထောင်ခဲ့ကြသည်။ သို့သော် ဒီကေဘီအေ သည် နိုင်ငံရေးအဖွဲ့ထက် စီးပွားရေးကို ဇောင်းပေး လုပ်ဆောင်ခဲ့ပြီး ကေအန်ယူနှင့်လည်း တိုက်ခိုက်မှုများလည်း မကြာခဏ ဖြစ်ပေါ်ခဲ့သည်။
Mizzima မှကူးယူပါသည်

0 comments: