Monday, April 7, 2008

လူထုဒေါ်အမာ ကွယ်လွန်


7-4-2008
ချင်းမိုင်။ ။ ဝါရင့်သတင်းစာ ဆရာမကြီး လူထုဒေါ်အမာ (၉၃) နှစ်သည် ယနေ့နံနက် (၈) နာရီ (၃၇) မိနစ်တွင် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားသည်။

စာနယ်ဇင်းလောကတွင် အမေမာအဖြစ် လေးစား ချစ်ခင်ခြင်းခံရသော သတင်းစာဆရာမကြီးသည် ပြီးခဲ့သော တနင်္ဂနွေတကည်းက ဆေးရုံတင်ထားရခြင်း ဖြစ်သည်။

"ပြီးခဲ့တဲ့ တနင်္ဂနွေက တင်ရပါတယ်။ ကနေ့မနက် (၈) နာရီ (၃၇) မှာ အနိစ္စ ရောက်ပါတယ်" ဟု လူထုဒေါ်အမာ၏ သားဖြစ်သူ စာရေးဆရာ ညီပုလေးက တယ်လီဖုန်းမှ တဆင့် မဇ္ဈိမသို့ ပြောသည်။
သတင်းစာဆရာမကြီး လူထုဒေါ်အမာ
ရုပ်အလောင်းကို သမီးအကြီး မြမဉ္ဇူအိမ်တွင် ထားရှိပြီး ဈာပန အခမ်းအနားကို မနက်ဖြန် နံနက် (၁ဝ) နာရီတွင် ကြာနီကန် သုဿာန်တွင် ပြုလုပ်မည် ဖြစ်သည်။
လူထုဒေါ်အမာ ကွယ်လွန်သည့်သတင်းကြောင့် အံသြစိတ်မကောင်း ဖြစ်နေသော စာရေးဆရာကြီး ဒဂုန်ုတာရာက "ဒေါ်အမာက နှစ်ပေါင်းများစွာ ကြာပြီပဲ။ တိုင်းပြည်အတွက် ဆောင်ရွက်နေတာ။ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတာ။ အထူးသဖြင့် အမျိုးသမီးရေးရာတွေ မဟုတ်တော့ဘူး ပေါ့ဗျာ။ တိုင်းပြည်တပြည်လုံးနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာလည်း အတူတူ ဆောင်ရွက်ခဲ့တာ။ ကျနော် သိပ်ပြီးတော့ စိတ်မကောင်း ဖြစ်သွားပါတယ်" ဟု မဇ္ဈိမသို့ပြောသည်။
လူထု ဒေါ်အမာသည် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာကြီး ဒဂုံတာရာတို့နှင့် ခေတ်ပြိုင် ဖြစ်သည်။

၁၉၁၅ နိုဝင်ဘာ (၂၉) တွင် မန္တလေးမြို့တွင် အဖ ဦးထင်၊ အမိ ဒေါ်စုတို့မှ မွေးဖွားပြီး ၁၉၃ဝ တဝိုက်တွင် တက္ကသိုလ်ကျောင်းသားများ၏ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုတွင် သပိတ်မှောက် ကျောင်းသူအမာ ဖြစ်လာသည်။

၁၉၃၉ တွင် ကြီးပွားရေး ဦးလှနှင့် လက်ထပ်ပြီး ၁၉၄၅ တွင် လူထုဂျာနယ် ထုတ်ဝေသောအခါ လက်ထောက်အယ်ဒီတာ၊ ၁၉၄၆ လူထုသတင်းစာကို ထုတ်ဝေသောအခါ အယ်ဒီတာအဖွဲ့ဝင် ဖြစ်လာသည်။

၁၉၄၉ တွင် လူထုသတင်းစာနှင့် ကြီးပွားရေး ပုံနှိပ်စက်များ တည်ရှိရာ အဆောက်အအုံကို ဒိုင်းနမိုက်နှင့် ဖောက်ခွဲခံရသည်။

၁၉၅ဝ အလွန်ကာလများတွင် သခင်ကိုယ်တော်မှိုင်း ဦးဆောင်သော မြန်မာပြည် ငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင် ဆောင်ရွက်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ခင်ပွန်းဖြစ်သူ လူထုဦးလှ ဖမ်းဆီးခံရသည့် နောက်ပိုင်းတွင် လူထုသတင်းစာ ခေါင်းကြီးများကို တာဝန်ခံ ရေးသားခဲ့သည်။

၁၉၅၉မှ ၁၉၆ဝ အတွင်းလူထု သတင်းစာတိုက် အပိတ်ခံခဲ့ရသလို ၁၉၇၈ တွင် လူထုဦးလှ၊ သား ကိုငြိမ်ချမ်း (ညီပုလေး) တို့နှင့်အတူ တနှစ်ကျော်ကြာ ဖမ်းဆီးခံခဲ့ရသည်။

ဒေါ်အမာသည် ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဒေါက်တာသန်းထွန်း၊ အင်းစိန်ထောင်တွင် အကျဉ်းကျခံနေရဆဲ ဟံသာဝတီ သတင်းစာ ဆရာကြီး ဦးဝင်းတင်တို့နှင့် ပုဂ္ဂိုလ်ရေးရ င်းနှီးသည်။

ပြီးခဲ့သည် မတ်လတွင် ကျရောက်သော ဦးဝင်းတင်၏မွေးနေ့တွင် ဒေါ်အမာက သားသဖွယ် ချစ်ခင်သော ဦးဝင်းတင်ကို သူမသေခင် မြင်သွားရမည်ဟု မျှော်လင့်သည်ဟု မဇ္ဈိမသို့ ပြောကြားခဲ့သေးသည်။

နှစ်စဉ် နိုဝင်ဘာလ (၂၉) ရက်နေ့တွင် ကျရောက်သော ဒေါ်အမာ၏ မွေးနေ့ပွဲကို မန္တလေးမြို့ တောင်လေးလုံး ကျောင်းတိုက်တွင် နှစ်စဉ် ကျင်းပလေ့ရှိပြီး တနိုင်ငံလုံးမှ ဝါရင့်စာနယ်ဇင်းသမားများ တက်ရောက်လေ့ ရှိသည်။

အဆိုပါ မွေးနေ့အခမ်းအနားသည် ဝါရင့်သတင်းစာဆရာများအပြင် ဒီမိုကရေစီ ဘက်တော်သားများ အစုံအညီ တက်ရောက်လေ့ ရှိသဖြင့် အာဏာပိုင်းများက တားမြစ်ခဲ့သည့် အကြိမ်များလည်း ရှိခဲ့သည်။
MIZZIMA

0 comments: