Tuesday, April 8, 2008

အမေမာအတွက် ဒေါ်စု ပေးပို့သည်ဆိုသော ပန်းခြင်းတခြင်း ရောက်ရှိ

8-4-2008
နယူးဒေလီ။ ။ လူထုဒေါ်အမာ၏ ဈာပနသို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမည်နှင့် လွမ်းသူ့ပန်းခြင်းတခု ယမန်နေ့ညက ပို့ဆောင်ခဲ့သည်။

အနီရောင် နှင်းဆီဖူး ၁ဝဝ ကျော် ထည့်ထားသည့် ပန်းခြင်းအား ယမန်နေ့ည ၁၁ နာရီခွဲတွင် လူအချို့က ၃၈ လမ်းရှိ လူထုဒေါ်အမာ ရုပ်ကလပ် ထားရှိရာ နေအိမ်တွင် လာရောက် ပို့ဆောင်သွားခြင်း ဖြစ်သည်။

"ဒေါ်စု ပန်းခြင်းပို့တယ် ဆိုတာ ဟုတ်ပါတယ်။ နှင်းဆီဖူး အနီရောင်တွေ ချည်းပါပဲ။ မန္တလေးက လုပ်ဖော် ကိုင်ဖက်တွေကနေ စီစဉ်တာ ဖြစ်ပါလိမ့်မယ်။ ဘယ်သူတွေ ယူလာတယ် ဆိုတာတော့ မတွေ့လိုက်ရဘူး ခင်ဗျ။ စာတမ်းက 'ဒေါ်အောင်ဆန်းစုကြည် လွမ်းသူ့ပန်းခွေ' ဆိုပြီးတော့ စာတမ်း ထိုးထားပါတယ်" ဟု လူထုဒေါ်အမာ၏ သားဖြစ်သူ စာရေးဆရာ ညီပုလေးက မဇ္ဈိမကို ပြောသည်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် ကျခံနေရချိန်တွင် မည်ကဲ့သို့ ပန်းခြင်း ပေးပို့ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ လာရောက် ပို့ဆောင်သူများကို ဈာပနတွင် ရှိနေသူများ မသိကြဟု ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက "အဖွဲ့ချုပ်ကနေ ပြီးတော့ ပန်းခြင်း၊ ပန်းခွေ ၂ ခု ပို့ပါတယ်။ တခုက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာမည်နဲ့ ဖြစ်ပြီးတော့ နောက်တခုက ဒေါ်အောင်ဆန်းစုကြည် နာမည်နဲ့ မနေ့က ပို့ပါတယ်။ ရပြီးပြီ လို့လည်း ကြားပါတယ်။ မန္တလေးအဖွဲ့ချုပ်နဲ့ ပေါင်းပြီး ကျနော်တို့ စီစဉ်တာပါ။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည် ကနေပြီးတော့ သင်္ကန်း ၅ စုံ လှူတယ်လို့ ပြောပါတယ်။ အဲဒါတော့ ဘယ်သူတွေ စီစဉ်လည်းဆိုတာ ကျနော်မသိပါဘူး" ဟု ပြောသည်။

မန္တလေး ၃၈ လမ်းနေအိမ်တွင် ရုပ်ကလပ်အား ထားရှိရာ ယနေ့နံနက်မှ နေ့လည် ထမင်းစားချိန်အထိ ဂါရဝပြုသူ ဧည့်ပရိသတ် ၁ဝဝဝ ကျော်ရှိပြီး၊ စာပေအသိုင်းအဝိုင်းမှ ဆရာမောင်မိုးသူ၊ ဆရာဦးကြည်အောင်၊ ဆရာမောင်သာနိုး၊ ဆရာမ သန်းမြင့်အောင်၊ ဒေါ်ကလျာနှင့် သားဂျာနယ်ကျော် တို့လည်း လာရောက်ခဲ့သည်။

နေအိမ်အပြင်ဘက်တွင်မူ အရပ်ဝတ်နှင့် စောင့်ကြည့်နေသည့် လူ ၅ ဦးခန့် ရှိပြီး၊ ပန်းခွေ၊ ပန်းခြင်း လာရောက်ပို့ဆောင်သူများကို ဓာတ်ပုံရိုက်ယူ ကြသော်လည်း အခြားနည်းနှင့် နှောင့်ယှက်ခြင်း မရှိကြောင်း သိရသည်။

ရန်ကုန်ရှိ နိုင်ငံရေးအသိုင်းအဝိုင်းကလည်း ဈာပနပွဲအမီ မန္တလေးသို့ ကားများနှင့် လာရောက်နေသည်။

လူထုဒေါ်အမာ ကွယ်လွန်ချိန်တွင် အသက် ၉၃ နှစ် ရှိပြီး၊ ကျန်ရစ်သည့် ရုပ်ကလပ်အား မနက်ဖြန် နံနက် ၁ဝ နာရီတွင် နေအိမ်မှ ကြာနီကန် သုဿန်သို့ ပို့ဆောင်ကာ မီးသင်္ဂြိုဟ်မည် ဖြစ်သည်။
mizzima

0 comments: