2-5-2008
ရွှေလီ။ ။ ဆန္ဒခံယူပွဲတွင် ရဲတပ်ဖွဲ့ဝင်များက မဲရုံလုံခြုံရေး ယူရမည်ဟု အကြောင်းပြကာ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင်များအား ဧပြီလ ၃ဝ ရက်နေ့က ကြိုတင် ထောက်ခံမဲ ပေးခိုင်းခဲ့သည်။
ကြိုတင်မဲ ပေးခိုင်းရာတွင် လျှို့ဝှက်မဲပေးစနစ် မဟုတ်ဘဲ သက်ဆိုင်ရာ ရဲအရာရှိများ ရှေ့မှောက်တွင် ဆန္ဒမဲပြား၌ ကိုယ်ပိုင်နံပါတ်၊ အမည်၊ မှတ်ပုံတင်နံပါတ်များ ထည့်သွင်းပေးရကာ ထောက်ခံမဲအဖြစ် အမှန်လက္ခဏာ ခြစ်ပေးရသဖြင့် ရဲတပ်ဖွဲ့ဝင် အများစုက မကျေမနပ် ဖြစ်ခဲ့ကြသည်။
“ရဲတွေကတော့ တော်တော် မကျေမနပ် ဖြစ်နေကြတာပေါ့။ သူတို့က ဥပဒေမှာတော့ လျှို့ဝှက် မဲပေးစနစ်နဲ့ ကိုယ့်ဆန္ဒအတိုင်း မဲပေးရမယ် ဆိုပြီးတော့ တကယ်တမ်းကျတော့ ရဲမှူးတွေ၊ အရာရှိတွေရှေ့မှာ ဘာမှ လျှို့ဝှက်လို့ မရဘူး။ မဲပြားမှာက ကိုယ်ပိုင်နံပါတ်တို့၊ အဆင့်တို့ ရေးထားတဲ့ အတွဲကို မစုတ်ဘဲ ဒီအတိုင်းပဲ ထည့်ရတာဆိုတော့ ကြောက်လို့ ထည့်ရတဲ့မဲ ဖြစ်သွားတာပေါ့။ အဲဒါကို မကျေမနပ် ဖြစ်ကြတာ” ဟု ရဲတပ်သား၏ မိခင်ဖြစ်သူက ပြောပြသည်။
ဗန်းမော် ရဲတပ်ဖွဲ့ဝင် အများစုကြီးက ကန့်ကွက်မဲ ပေးလိုသော်လည်း လျှို့ဝှက် မဲပေးစနစ် မဟုတ်သည့်အတွက် ထောက်ခံမဲ ပေးခဲ့ရကြောင်းနှင့် အဆိုပါ နေ့က မဲပေးရာတွင် ရဲများ၏ မိသားစုဝင်များ မပါဝင်သေးကြောင်း သိရသည်။
အလားတူ ဗန်းမော် ခရိုင်၊ မြို့နယ် အာဏာပိုင်များဖြစ်သည့် ခယကနှင့် မယကတို့မှ ပညာရေးဌာန ဝန်ထမ်းများ အားလုံး ထောက်ခံမဲပေးကြရန် ပညာရေးမှူး ဦးအုန်းငွေကို ဖိအားပေးပြောဆိုမှုများ ရှိနေသည်ဟု ပညာရေး ဝန်ထမ်းတဦးက ပြောသည်။
“သူတို့ပြောတာက ကျောင်းဆရာ၊ ဆရာမတွေက သီးသန့်မဲ ပေးရမယ်ပေါ့။ မဲရုံကို သွားစရာမလိုဘူး။ ကန့်ကွက်မဲ ပါလာရင် လက်မခံတဲ့သဘော အဲလိုတွေ ပြောနေတယ်” ဟု အဆိုပါ ဝန်ထမ်းက ပြောသည်။
ဗန်းမော်အခြေစိုက် စစ်တပ်များ အနေနှင့် ဆန္ဒခံယူပွဲတွင် မဲထည့်စရာ မလိုတော့ကြောင်းနှင့် ထောက်ခံမဲ ပေးပြီးသားအဖြစ် မှတ်ယူပြီး ဖြစ်ကြောင်း တပ်နှင့်နီးစပ်သည့် သတင်းရပ်ကွက် အဆိုအရ သိရသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ကြိုတင်မဲပေးရသူများသည် နအဖ ကိုယ်တိုင် ထုတ်ပြန်ထားသည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဆိုင်ရာ နည်းဥပဒေ သတ်မှတ်ချက်နှင့်အညီ မဲပေးခွင့် မရဘဲ ဒေသအာဏာပိုင်များ၏ နည်းမျိုးစုံဖြင့် ထောက်ခံမဲပေးရန် ဖိအားပေးမှုကို ခံနေကြရခြင်း ဖြစ်သည်။
MIZZIMZ NEWS
Friday, May 2, 2008
ဗန်းမော် ရဲများ ကြိုတင်ထောက်ခံမဲ ပေးနေရ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment