7-5-2008
၂၀၀၈ ခုနှစ် မေလ ၁၀ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း (၂၀၀၈)ကို အတည်ပြုနိုင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်က ၂၀၀၈ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲ တွင် မဲဆန္ဒရှင်များအနေဖြင့် လွတ်လပ်ပြီး မျှတမှုရှိစေရန် စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။
မကြာမီ ကျင်းပမည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ဆန္ဒခံယူပွဲဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံ တကာစံနှုန်းများအတိုင်း Free and Fair ကျင်းပပေးရန် စီစဉ်ထားပြီးဖြစ်ကြောင်း၊ မဲစာရင်းများကို သတ်မှတ်ထားသည့် ရက်မှာ ကြိုတင်ကြေညာပေးမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်များ သိသာရန် အသံချဲ့စက်ဖြင့်သော်လည်းကောင်း၊ မဲစာရင်း ကပ်၍သော်လည်းကောင်း၊ အကြောင်းကြားစာ (Slip) ပေးပို့၍သော်လည်းကောင်း၊ အခြား တနည်းနည်း အသုံးပြု၍ သော်လည်းကောင်း ကြေညာပေးမည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးရန် အမည်ပါဝင်ခွင့်ရှိပါလျက် အမည်မပါဝင်သူများသည် မဲစာရင်း ကြေညာပြီး ခုနစ်ရက်အတွင်း သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲသို့ တင်ပြနိုင်ကြောင်း၊ ဤသို့တင်ပြလျှင် ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲက လိုအပ်သည့် စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး ထည့်သွင်းသင့် သူများ၏ အမည်စာရင်းကို ထည့်သွင်းပေးမည်ဖြစ်ကြောင်း၊ တစ်ယောက် သောသူဟာ တစ်ခုထက်ပိုပြီး မဲစာရင်းတွင် ပါနေလျှင် ဆန္ဒမဲပေးလိုသောမဲရုံကို ရွေးချယ်တင်ပြပြီး ကျန်မဲရုံများမှာပါသည့် ယင်း၏အမည်ကို ထုတ်ပယ် မည် ဖြစ်ကြောင်း သိရသည်။
အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးခွင့်အရည်အချင်းနှင့် ပြည့်စုံသည့် နိုင်ငံသားတိုင်း ဆန္ဒမဲပေးခွင့်ရရှိရေးအတွက် စာရင်းကောက်ယူခဲ့ရာတွင် ရန်ကုန်တိုင်းအတွင်း နေထိုင်ကြသူများအနက် အင်အားလေးသန်းကျော် မဲပေးခွင့် ရရှိကြောင်း ရန်ကုန်တိုင်းကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးလှစိုးက ပြောကြားသည်။ ၎င်းမဲဆန္ဒရှင်များ လွယ်လင့်တကူ အဆင်ပြေစွာမဲပေးနိုင်ရေးအတွက် ဆန္ဒခံယူပွဲဒေသများတွင် မဲဆန္ဒရှင် ၁၀၀ ကျော်မှ ၃၀၀၀ အထိ မဲပေးနိုင်သော လျှို့ဝှက်ဆန္ဒမဲပေးနိုင်သည့် မဲရုံပေါင်း ၂၅၀၀ ကျော် ဖွင့်လှစ်ပေးရန် စီစဉ်ထားပြီးဖြစ်သည့်အပြင် မဲပုံးများလည်း အဆင်သင့် ပြုလုပ်ထားပြီးဖြစ်ကြောင်း သိရှိရသည်။ တိုင်း၊ ခရိုင်၊ မြို့နယ် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်နှင့် မဲရုံအဖွဲ့များ၊ လုံခြုံရေးအဖွဲ့များကို ခန့်အပ်တာဝန်ပေးပြီး ဖြစ်သည့်ပြင် လုပ်ထုံးလုပ်နည်း သင်တန်းများလည်း ဖွင့်လှစ် ပို့ချပြီးဖြစ်ကြောင်း ၎င်းကပြောသည်။
နည်းလမ်းနှစ်သွယ်ဖြင့် ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်နိုင်ကြောင်း၊ သာမန်ဆောင်ရွက်ရမယ့် နည်းလမ်းကတော့ မေလ ၁၀ ရက်နေ့မှာ မဲရုံကိုသွားပြီး မဲသွားထည့်တဲ့နည်းလမ်းနှင့် အကြောင်းတစ်ရပ်ရပ်ကြောင့် မေလ ၁၀ ရက်နေ့တွင် မဲပေးဖို့ မဖြစ်နိုင်သူတွေ၊ မကျန်းမာသူတွေ၊ ဆေးရုံတက်ရောက်သူတွေ၊ အဆောင်နေ ကျောင်းသူ ကျောင်းသားတွေ၊ စစ်ဆင်ရေးတာဝန်ဆောင်ရွက်နေရသူတွေ၊ ဘိုးဘွားရိပ်သာနှင့် ဂေဟာများတွင် နေထိုင်သူတွေ၊ အစိုးရ Project လုပ်ငန်းခွင်ရောက်ရှိနေသူတွေ၊ ပြည်ပမှာ တာဝန်ထမ်းဆောင်နေရသူတွေနဲ့ မိသားစုဝင်တွေ၊ ပညာတော်သင်တွေ၊ ရဲစခန်းနဲ့ အကျဉ်းထောင်တွေမှာ အချုပ်ကျနေသူတွေကတော့ ဆန္ဒခံယူပွဲနည်းဥပဒေ အခန်း(၄)၊ (၅)၊ (၆)၊ (၇)၊ (၈)၊ (၉) ပါ ပြဋ္ဌာန်းချက်အရ ကြိုတင် ဆန္ဒမဲ လက်မှတ်မှာ ဆန္ဒပြုပြီး ဆန္ဒမဲ လက်မှတ်အပြင်ပိုင်းကို ထုတ်ပေးထားတဲ့ စာအိတ်မှာ ချိတ်ပိတ်ပြီး ဆန္ဒမဲပေးခွင့်ရရေး စီစဉ်ပေးထားကြောင်း ၎င်းကပြောသည်။
ရန်ကုန်တိုင်းအတွင်းရှိ မဲရုံများအပါအ၀င် မြန်မာတစ်နိုင်ငံလုံးရှိ မဲရုံများအားလုံးကို မေလ ၁၀ ရက်နေ့ နံနက် ၆ နာရီတိတိမှ ညနေ ၄ နာရီထိ ဖွင့်ထားပေးမည်ဖြစ်ကြောင်း၊ မဲရုံဖွင့်ချိန်တွင် မဲပေးဖို့ ပထမဦးဆုံး ရောက်ရှိလာသူငါးဦး၏ ရှေ့မှောက်တွင် မဲပုံးများအတွင်း တစ်စုံတစ်ရာမရှိကြောင်း စစ်ဆေးပြီးမှသာ မဲပုံးအဖုံးကို ပိတ်မည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးသူတစ်ဦးဟာ မဲရုံဝင်ပေါက် (၁)၊ (၂)၊ (၃)၊ (၄) ရှိသည့်အနက် ကြိုတင်ပေးပို့ထားတဲ့ Slip မှာ ဖော်ပြထားတဲ့ ၀င်ပေါက်ကနေ ၀င်ရမှာ ဖြစ်ကြောင်း၊ ဒီလို စီစဉ်ပေးရတဲ့ အကြောင်းကတော့ တစ်ပေါက်ထဲမှာ လူများ တန်းစီပြီး စောင့်ဆိုင်းဖို့မလိုအောင် မဲစာရင်းစစ်ဆေးသူ မဲရုံအဖွဲ့ဝင်ကလည်း မဲစာရင်း ထောင်ဂဏန်းများထဲက တစ်ဦးစီကို ရှာဖွေပြီး ဆန္ဒမဲပေးသူရဲ့ မှတ်ပုံတင်နဲ့ မဲဆန္ဒရှင်စာရင်း တိုက်ဆိုင်စစ်ဆေးရာမှာ လွယ်ကူ စေမှာဖြစ်ကြောင်း၊ စစ်ဆေးတွေ့ရှိချက် ကိုက်ညီရင်တော့ လာရောက် ဆန္ဒပြုကြောင်း မဲစာရင်းစာရွက်ပေါ်မှာ လက်မှတ်ရေးထိုးပြီး ဆန္ဒမဲ လက်မှတ်ထုတ်ပေးသူထံမှ ဆန္ဒမဲလက်မှတ်ကို ထုတ်ယူနိုင်ကြောင်း၊ ပြီးရင် ခန်းဆီး လိုက်ကာ အတွင်းက ဆန္ဒပြုခန်းထဲမှာ လျှို့ဝှက် ဆန္ဒမဲပေးစနစ်အတိုင်း တစ်ဦးတည်း လွတ်လပ်စွာ ဘောပင်နဲ့ခြစ်ရ မယ့်နည်း ဆန္ဒပြုနိုင်ကြောင်း၊ ဆန္ဒပြုပြီး သွားပါက ဆန္ဒမဲလက်မှတ်ကို ခေါက်ချိုးချိုးပြီး ထွက်ပေါက်အနီးထားရှိ ပေးထားတဲ့ မဲပုံးများအနက် နှစ်သက်ရာ မဲပုံးအတွင်း ထည့်သွင်း နိုင်ကြောင်း၊ မဲပေးပြီးသွားပါက နောက်အကျဆုံး ညနေ ၄ နာရီ မှာ မဲရုံပိတ်မှာ ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
"မဲရုံပိတ်ချိန်မှာ နောက်ဆုံးမဲပေးသူ ၁၀ ဦးကို သက်သေပြုပြီး မဲရုံမှူးနဲ့အဖွဲ့က မဲပုံးများကိုဖောက်ပြီး စနစ်တကျ ရေတွက်ရပါမယ်။ ထောက်ခံမဲ၊ ကန့်ကွက်မဲ၊ ပယ်မဲနဲ့ ကျန်ရှိနေတဲ့ မဲလက်မှတ်ရှိသေးရင် အရေအတွက် စာရင်းဇယား များပြုစုပြီး စာအိတ်ကြီးထဲမှာ အမျိုးအစားခွဲခြားချိန်ပိတ်လို့ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်ရုံးသို့ သွားရောက် ပေးပို့ပါမယ်။ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်အနေနဲ့ ဆန္ဒခံယူဖို့နည်းဥပဒေ အခန်း(၃)ပါအတိုင်း ဆက်လက် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။
"တစ်ကြိမ်ထက်ပို၍ မဲပေးခွင့်မရှိရပါဘူး။ တခြားသူ ကိုယ်စားလည်း မဲပေးခွင့်မရှိရပါဘူး။ အရေးအကြီးဆုံးကတော့ ဆန္ဒမဲလက်မှတ်အတု လက်ဝယ်ဆောင်ထားခြင်း၊ ဖျက်ဆီးခြင်း၊ ဆန္ဒမဲလက်မှတ်ကို မဲရုံပြင်ပသို့ ယူဆောင်သွားခြင်း၊ မဲပုံးကို အခွင့်အာဏာမရှိဘဲဖွင့်ခြင်း၊ ဖျက်ဆီးခြင်း၊ မဲရုံကိုဖျက်ဆီးခြင်း၊ ကော်မရှင်အဆင့်ဆင့်က ထုတ်ပြန်သော အကြောင်းကြားစာများကို ဖတ်ရှုမရစေရန် တမင်ကြံရွယ်ချက်ဖြင့် ပြုလုပ်ခြင်း၊ သို့မဟုတ် ဖျက်ဆီးခြင်း၊ ဆန္ဒခံယူပွဲ ပျက်ပြားစေရန် ဟောပြောခြင်း၊ စာရွက်စာတမ်းကမ်းလှမ်းခြင်း၊ ပိုစတာများ အသုံးပြုခြင်း၊ သို့မဟုတ် ဆန္ဒမဲပေးခြင်းကို အခြား တနည်းနည်းဖြင့် နှောင့်ယှက်ခြင်း၊ အားပေးကူညီခြင်းတို့ကြောင့် ပြစ်မှုထင်ရှားစီရင်ခံရပါက သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ အောင်မြင်ရေးသည် ဆန္ဒမဲပေးခွင့်ရှိသူ၏ ၅၀ ရာခိုင်နှုန်းကျော် ဆန္ဒမဲပေးပြီး ထောက်ခံမဲ ၅၀ ရာခိုင်နှုန်းကျော်ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း (၂၀၀၈)ကို အတည်ပြုနိုင်မည် ဖြစ်ပါသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း (၂၀၀၈) သည် ပြည်ထောင်စု မပြိုကွဲရေးကို အခြေခံထားပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသည့် ပြည်သူများပိုင်သော အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာကို ပိုင်းခြားကျင့်သုံးခြင်းနှင့် အပြန် အလှန် ထိန်းကျောင်းခြင်းပြုနိုင်သည့်ပြင် မြန်မာနိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ အပြည့်အ၀ ရရှိရန် ရေးဆွဲထားသည့် ဥပဒေမူကြမ်း ဖြစ်သည်ဟု ၎င်းကပြောသည်။
အဆိုပါ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း (၂၀၀၈) စာအုပ်ကို ပြန်ကြားရေးဝန်ကြီး ဌာန စာအုပ် အရောင်းဆိုင်များနှင့် ပြန်/ဆက် ဦးစီးဌာနများတွင် တစ်အုပ်လျှင် ကျပ် ၁၀၀၀ နှုန်းဖြင့် ၀ယ်ယူနိုင်ကြောင်း နှင့် ငှားရမ်းဖတ်ရှုလိုပါက ကျောင်းနှင့် ပြန်ကြားရေး စာကြည့်တိုက်များတွင် ဖတ်ရှုနိုင်သည်။
Myanmar Forum news
Wednesday, May 7, 2008
လွတ်လပ်ပြီးမျှတရန် စီစဉ်ထားသည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ရန်ကုန်တိုင်းအတွင်း မဲဆန္ဒပေးခွင့်ရှိသူ လေးသန်းကျော်ရှိ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment