Tuesday, May 13, 2008

အမေရိကန်လေယာဉ် ၂ စီးကို နောက်ထပ် ခွင့်ပြု

13-5-2008
ချင်းမိုင်။ ။ အမေရိကန်နိုင်ငံမှ နောက်ထပ် C-130 လေယာဉ် ၂ စီးကို ထပ်မံ ၀င်ခွင့်ပြုရန် မြန်မာ စစ်အစိုးရမှ မီးစိမ်း ပြလိုက်ကြောင်း အမေရိကန် ထောက်ပံ့ ကယ်ဆယ်ရေးအဖွဲ့ USAID မှ မစ္စ ဟင်နရီတာဖိုး က တင်္နလာနေ့က ပြောကြားသွားသည်။

အထောက်အပံ့ ပစ္စည်းများ တင်ဆောင်ထားသော C-130 လေယာဉ် ၂ စီးကိုသာ ၀င်ခွင့်ပေးပြီး၊ အမေရိကန် ကယ်ဆယ်ရေး အဖွဲ့များအတွက် ပြည်ဝင်ခွင့် ဗီဇာမှာတော့ မရသေးပါဟု သူက ပြောသည်။

မြန်မာ အစိုးရမှ နောက်ထပ် အကူအညီများအတွက် တစုံတရာ ကတိက၀တ်ပြုခြင်း မရှိကြောင်းကို မစ္စ ဖိုးက ယနေ့ ညနေခင်းက ဗန်ကောက်မြို့ 4 Seasons ဟိုတယ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

အဆိုပါ လေယာဉ် ၂စီး သည် နောက်ထပ် အထောက်အပံ့ ပစ္စည်းများကို မြန်မာနိုင်ငံသို့ ဆက်လက် ပို့ပေးသွားမည်။ ယူအက်စ်အိဒ် (USAID) အနေဖြင့်လည်း နောက်ထပ် အကူအညီများ ထပ်မံပေးနိုင်ရန် မြန်မာ အစိုးရနှင့် ဆက်လက်ဆွေးနွေး ဆောင်ရွက်သွားမည်ဟု သူက ဖြည့်စွက်ပြောသည်။

ပထမဆုံးသော အမေရိကန် စစ်လေယာဉ်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဒေသ စံတော်ချိန် နေ့လည် ၂ နာရီတွင် ဆိုက်ရောက်ပြီး အထောက်အပံ့ ပစ္စည်းများကို အာဏာပိုင်များလက်သို့ အပ်နှံခဲ့သည်။

ဤခရီးစဉ်သည် မြန်မာလေဘေး ဒုက္ခသည်များအတွက် အမေရိကန်နိုင်ငံမှ အထောက်အကူ ပစ္စည်းများကို မြန်မာနိုင်ငံသို့ ပေးပို့သော အမေရိကန် စစ်လေယာဉ်၏ ပထမဆုံး အကြိမ် ခရီးစဉ်ဖြစ်သည်။
MIZZIMA NEWS

0 comments: