Wednesday, April 30, 2008

ကျောင်းသားခေါင်းဆောင် နှစ်ဦးကို ရုံးမထုတ်ဘဲ ရမန်ယူ

30-4-2008
ချင်းမိုင်။ ။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ၂ဝဝ၇ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုနှင့် ကိုဉာဏ်လင်းအောင်ကို ယနေ့တွင် ရုံးမထုတ်ဘဲ ရမန် ယူလိုက်သည်။

ပြီးခဲ့သည့်နှစ် ရွှေဝါရောင် တော်လှန်ရေးတွင် တက်ကြွစွာ ပါဝင် ခေါင်းဆောင်ခဲ့ပြီး နောက်ပိုင်း ရှောင်တိမ်းနေရာမှ ယခုနှစ် မတ်လ ၁၆ ရက်တွင် သူတို့နှစ်ဦးအား အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပုဒ်မ ၅ဝ၅ (လူထုဆူပူစေရန် လှုံ့ဆော်မှု) ဖြင့် မရမ်းကုန်းမြို့နယ် တရားရုံးတွင် ယခုအခါ တရားစွဲဆိုထားခြင်း ခံနေရသည်။

“ဒီနေ့ အမှု မစစ်ဖြစ်ဘူး။ ခရိုင်ရုံးကို အမှုစွဲတင်မယ်လို့ တရားသူကြီးက ပြောပါတယ်။ ဒီမှာ မစစ်တော့ဘူး။ ခရိုင်ရုံးမှာ ဒီထက်ပိုပြီးတော့ စီရင်ပိုင်ခွင့် ပိုမြင့်တဲ့၊ ဒီထက်ပိုပြီး၊ ပြစ်ဒဏ် ပိုပြီးတော့ ပေးနိုင်တဲ့ တရားရုံးမယ်လို့ ပြောပါတယ်” ဟု အကျိုးဆောင်ရှေ့နေ ကိုဖိုးဖြူက မဇ္ဈိမကို ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းစာအုပ်ကို ဗကသ ခေါင်းဆောင်နှစ်ဦးက ဖတ်ရှုလိုသဖြင့် အကျိုးဆောင် ရှေ့နေများမှတဆင့် တရားသူကြီးများထံ တောင်းဆိုရာတွင် မူကြမ်းစာအုပ် သွင်းခွင့်ရသော်လည်း ဆန္ဒခံယူပွဲ ဥပဒေနှင့် နည်းဥပဒေကို မူရင်း ဥပဒေပြဋ္ဌာန်းချက် စာအုပ် မဟုတ်သည့်အတွက် သွင်းခွင့်မရကြောင်း ကိုဖိုးဖြူက ပြောသည်။

သူက “ကျနော်က ပြောတယ်။ အဲဒီ ဆန္ဒခံယူပွဲ ဥပဒေဆိုတာဟာ သတင်းစာထဲမှာ ကြော်ငြာ ထုတ်ထားတာလည်း မရှိဘူး၊ စာအုပ်အနေနဲ့လည်း ရှေ့နေချုပ်ရုံးကနေပြီးတော့ စာအုပ် ထုတ်ပြန်တာလည်း မရှိဘူး။ အစိုးရပြန်တမ်းမှာ တရားဝင် ထုတ်ပြန်ချက်ပဲ ရှိတယ်။ တရားဝင် ထုတ်ပြန်ချက်ကို တရားဝင် ကြည့်ရှုနိုင်ဖို့အတွက် မိတ္တူကူးယူပြီးတော့ ဥပဒေအရ ဖတ်ရှုခွင့် ရှိတယ်။ လက်ဝယ် ထားရှိခွင့် ရှိတယ်။ သွင်းခွင့်ပြုပါလို့ သီးခြား လျှောက်ထားပါတယ်” ဟု ပြောသည်။

လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး လူထု လှုပ်ရှားမှုများ ဖြစ်ပွားနေစဉ် ၂ဝဝ၇ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့က ဗကသ အဖွဲ့ချုပ် ပြန်လည် ဖွဲ့စည်းရာ၌ သူတို့နှစ်ဦးသည် ဦးဆောင်ခဲ့ပြီး စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေးတွင် တက်ကြွစွာ ခေါင်းဆောင်ခဲ့သူများလည်း ဖြစ်သည်။

ကိုကျော်ကိုကိုသည် စီးပွားရေး တက္ကသိုလ် ဝါနိဇ္ဇဗေဒ မဟာတန်းကျောင်းသားနှင့် ကိုဉာဏ်လင်းအောင်မှာ စီးပွားရေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသား ဖြစ်သည်။
MIZZIMA NEWS

ဆက်လက်ဖတ်ရှုရန်...

“ဒေါ်စုကို ဆက်ထိန်းသိမ်း ထားရတဲ့ မြန်မာ စစ်အစိုးရကို နားလည်နိုင်ပါတယ်” (ထိုင်းဝန်ကြီးချုပ် ခွန် စမတ်)

30-4-2008

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရအနေနဲ့ ပြန်လွှတ်ပေးဖို့ မရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို အနှောက်အယှက်မပေးပဲ ကောင်းကောင်းမွန်မွန် ထားရှိ တယ်လို့ ထိုင်းဝန်ကြီးချုပ် စမတ်ဆွန်ဒရာဝေက ဒီကနေ့ပဲ ထိုင်းကိုရောက်နေတဲ့ မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ တွေ့ဆုံအပြီး ပြောဆိုခဲ့ပါတယ်။ ဘန်ကောက်မြို့မှာ ရောက်နေတဲ့ ဦးသားညွန့်ဦးက ဒီအကြောင်း ကို တင်ပြပေးပါတယ်။

ထိုင်းနိုင်ငံကို သုံးရက်ကြာ အလည်အပတ်ရောက်နေတဲ့ မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ ထိုင်းဝန်ကြီးချုပ် စမတ်ဆွန်ဒရာဝေတို့ ဦးဆောင်တဲ့ နှစ်ဖက်ဝန်ကြီးအဖွဲ့တွေ ဒီနေ့ မနက်မှာ တရားဝင် အပြန်အလှန် ထိုင်း အစိုးရ၀န်ကြီးချုပ်ရုံးမှာ ဆွေးနွေးခဲ့ကြပါတယ်။ ကနဦးအားဖြင့် နှစ်ဖက် အပြန်အလှန် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ သဘောတူညီချက် စာချွန်လွှာတခုကို လက်မှတ်ထိုးဖို့ လျာထားကြပေမယ့် မြန်မာနိုင်ငံဖက်က ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး အဆင်သင့် မဖြစ်တာကြောင့် လက်မှတ်ထိုးတာ မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။ ဒီနေ့ အစည်းအဝေးက ပြန်အထွက် မှာ ထိုင်းဝန်ကြီးချုပ် စမတ်ကို သတင်းထောက်တွေ ၀ိုင်းမေးတော့ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာနဲ့ ပတ်သက်လို့ မှတ်ချက်စကား ထိုင်းဝန်ကြီးချုပ်က ပြောခဲ့တာပါ။

“ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာအစိုးရအနေနဲ့ လွှတ်ပေးဖို့မရှိပေမယ့် အနှောက်အယှက်မရှိ ကောင်းကောင်းမွန်မွန်ထားတယ်။ ဒါကို နိုင်ငံခြားသားတွေအနေနဲ့ လက်ခံနိုင်စရာရှိမှာ မဟုတ်ပေ မယ့် သူတို့အနေနဲ့တော့ ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းကောင်းမွန်မွန် ထားတယ် ဆိုရင်ပဲ လက်ခံလို့ရပါတယ်”လို့ ထိုင်းဝန်ကြီးချုပ်စမတ်က ပြောခဲ့ပါတယ်။

ဒီအတွက်လည်း မြန်မာအတိုက်အခံ ဒီမိုကရေစီ လှုပ်ရှားသူတွေအဖို့တော့ မကျေမနပ် ဖြစ်စရာလို့ ပြောရမှာပါ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဥာဏ်ဝင်းကတော့ ဒေါ်အောင်ဆန်း စုကြည်ကို ဖမ်းဆီးထားတာဟာ တကယ်တမ်းက မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေတွေနဲ့တင် မညီညွတ် ဘူးလို့ အခုလို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို အခု ထိန်းသိမ်းထားတာဟာ လုံးဝ ဥပဒေနဲ့ မညီဘူး။ အဲဒီလို ဥပဒေနဲ့ မညီတာကို ဥပဒေ ပြဌာန်းချက်နဲ့ အညီ အယူခံယူဖို့ ကြိုးစားတဲ့အခါမှာလည်း လုံးဝ လက်မခံဘူး။ အယူခံခွင့်ကို ပိတ်ထားတယ်။ အဲဒါတွေ အားလုံးဟာ ဥပဒေနဲ့ မညီဘူး။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ အခုပြောဆိုနေတာတွေဟာ တချက်မှ မမှန်ဘူး။ အဲဒီ နှစ်ခုပဲ ပြောချင်တယ်။”

အန်ကယ်တို့ကို ပြည်ပနဲ့ရော ဆက်သွယ်ခွင့်ပေးသလား ခင်ဗျာ။

“မရပါဘူး ခင်ဗျာ။”

မြန်မာဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန်ကတော့ သတင်းထောက်တွေကို ရှောင်ထွက်သွားလို့ ဘာမှ သူဆီက တုန့်ပြန်ချက် မထွက်လာပါဘူး။ ဒီကနေ ဆွေးနွေးပွဲမှာတော့ နှစ်ဖက်အပြန်အလှန် စီးပွားရေး ရင်းနှီးမြုပ်နှံမှုကိစ္စတွေ စွမ်းအင် လုပ်ငန်းဆိုင်ရာ ကိစ္စတွေကိုပဲ အဓိကထား ဆွေးနွေးဖြစ်တယ်လို့ ၀န်ကြီးချုပ်ရုံး အရာရှိ တဦးက ပြောပါတယ်။ မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ရဲ့ နောက်ပိုင်း ထိုင်း ခရီးစဉ် ကိုတော့ သူက အခုလို ပြောပြပါတယ်။

“ဒီကနေ ညနေပိုင်းမှာတော့ ထိုင်းဝန်ကြီးချုပ်နဲ့အတူ ထိုင်းဘုရင်မင်းမြတ်ကို သွားရောက် တွေ့ဆုံမှာပါ။ ပြီးရင်တော့ အစိုးရ၀န်ကြီးချုပ်ရုံးမှာ ၀န်ကြီးချုပ်နဲ့အတူ ညစာစားပွဲလုပ်မှာပါ။ မနက်ဖြန်မနက်ပိုင်းကျရင်တော့ ချင်းရိုင်မှာရှိတဲ့ ဒွိုင်တုံ ဘုရင့်စီမံကိန်းတွေကို သွားကြည့်မှာပါ။ အဲဒီမှာ ဒေသခံတွေအတွက် ဖွံဖြိုးရေးစီမံကိန်းတွေ ဘယ်လိုလုပ်သလဲဆိုတာကို လေ့လာမယ်။ ဒီကနေပြီးရင်တော့ သူ မြန်မာနိုင်ငံကို မနက်ဖြန်ပဲ ပြန်ဖို့ရှိပါတယ်”လို့ ၀န်ကြီးချုပ်ရုံး အရာရှိတဦးက ဗိုလ်ချုပ်ကြီး သိန်းစိန်ရဲ့ နောက်ပိုင်း ထိုင်းခရီးစဉ်ကို ရှင်းပြခဲ့တာပါ။

အခြားမြန်မာဝန်ကြီး ငါးဦးနဲ့အတူ လာရောက်တဲ့ အခု ခရီးစဉ်အတွင်းမှာတော့ စွမ်းအင်ကိစ္စနဲ့ နယ်စပ်ဒေသ ဖွံဖြိုးရေး စီမံကိန်း ကိစ္စတွေကို အဓိက နှစ်ဖက် ဆွေးနွေးကြတယ်ဆိုပေမယ့် မြန်မာနိုင်ငံရဲ့လာမယ့် ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲကိစ္စ နိုင်ငံရေးကိစ္စတွေကိုလည်း ဆွေးနွေး ဖြစ်ကြ တယ်လို့ ပြောရမှာပါ။ ဒါကြောင့်လည်း ထိုင်းဝန်ကြီးချုပ် စမတ်ရဲ့ မှတ်ချက်ထဲမှာ မြန်မာနိုင်ငံဟာ ၅၀ရာခိုင်နှုန်းဒီမိုကရေစီတော့ဖြစ်လာလိမ့်မယ်လို့ ထိုင်းသတင်းထောက်တွေကို ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ဆန္ဒခံယူပွဲအတွက် ထိုင်းဖက်က အကူအညီတချို့ပေးလိုကြောင်း ကမ်းလှမ်းခဲ့ပေမယ့် မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ဘာမှ တုန့်ပြန်ချက်မပေးခဲ့ဘူးလို့လည်း ထိုင်းဝန်ကြီး ချုပ်က ပြောဆိုသွားပါတယ်ခင်ဗျား။
VOA NEWS

ဆက်လက်ဖတ်ရှုရန်...

ဆန္ဒခံယူပွဲလုံခြုံရေး အပစ်ရပ်အဖွဲ့များကို အကူအညီတောင်း

30-4-2008
တိုင်းရင်းသား လက်နက်ကိုင် အပစ်အခတ်ရပ်စဲရေး အဖွဲ့တချို့အား အခြေခံဥပဒေ ဆန္ဒခံယူပွဲ လုပ်ငန်းစဉ်တွင် ပါဝင် စောင့်ကြပ် ကြည့်ရှုရန်နှင့် လုံခြုံရေးတာဝန်ယူရန် စစ်အစိုးရက ပြောဆိုတိုက်တွန်းမှုများပြုလုပ်ကြောင်း သိရှိရသည်။

အဆိုပါ အပစ်ရပ်အဖွဲ့များမှာ မွန်ပြည်သစ်ပါတီ (NMSP)၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့ (DKBA)၊ ကရင် ငြိမ်းချမ်းရေး တပ်ဦး(KPF)၊ ပအိုး အမျိုးသား အဖွဲ့(PNO) စသည့် အဖွဲ့များဖြစ်သည်ဟု ယင်းအဖွဲ့များနှင့် နီးစပ်သူ များက ပြောသည်။

လွန်ခဲ့သည့် အပတ်အတွင်းက ထိုင်း မြန်မာနယ်စပ် ဘုရားသုံးဆူတွင် ပြုလုပ်သော အစည်းအဝေး၌ စစ်အစိုးရ ဆန္ဒခံယူ ပွဲကျင်းပရေးကော်မရှင် တာဝန်ရှိသူများက အထက်ပါ အစီအစဉ်ကို တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

ယင်း ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင် တာဝန်ရှိသူများက အပစ်ရပ်ဒေသများရှိ ဆန္ဒခံယူပွဲလုံခြုံရေးကို စိုးရိမ် သောကြောင့် မဲရုံများ၊ မဲပုံးများ၊ ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင် အဖွဲ့ဝင်များ၊ ဆန္ဒခံယူပွဲ ပြုလုပ်သည့် နယ်မြေ များ နှင့် ဆန္ဒခံယူပွဲ လုပ်ငန်းစဉ်များ၏ လုံခြုံမှုကို ကူညီ တာဝန်ယူပေးရန် အပစ်ရပ်တဖွဲ့ခြင်းသို့ အကြောင်းကြား ပြောဆိုခြင်းဖြစ်သည်ဟု ဆိုသည်။

သို့သော် အပစ်ရပ်အဖွဲ့ဝင်အများစုကမူ ယင်းအစီအစဉ်ကို စိတ်ဝင်စားမှုမရှိကြကြောင်း အပစ်ရပ်အဖွဲ့များနှင့် နီးစပ်သူ များက ပြောသည်။

“ဒါ မြန်မာစစ်အစိုးရ အလုပ်ပဲ၊ ကျနော်တို့ အလုပ်မှ မဟုတ်တာ၊ ဘာဖြစ်လို့ ကျနော်တို့က တာဝန်ယူရမှာလဲ” ဟု မွန်ပြည် သစ်ပါတီ တာဝန်ရှိသူ တဦးကပြောသည်။

ဧရာဝတီ၏ စစ်တမ်းကောက်ယူချက်အရ မွန်ပြည်နယ်အတွင်းရှိ မွန်ပြည်သူ အများစုမှာ အခြေခံဥပဒေ ဆန္ဒခံယူပွဲကို စိတ်ဝင်စားမှုမရှိကြောင်းသိရပြီး မွန်ပြည်နယ် ဝေဇင်ရွာ လက်ဖက်ရည်ဆိုင် ပိုင်ရှင် တဦး၏ ပြောဆိုချက်အရ ၎င်းနေထိုင်ရာ အရပ်ရှိ လူအများစုမှာ မဲသွားမပေးသူများလိမ့်မည်ဖြစ်ကြောင်း သိရသည်။

တချိန်တည်းတွင်ပင် DKBA တပ်ဖွဲ့ဝင်များကိုလည်း ၎င်းတို့ ထိန်းချုပ်ရာဒေသရှိ ဆန္ဒခံယူပွဲလုံခြုံရေးနှင့်ဒေသခံများ ထောက်ခံမဲထည့်ရေး စည်းရုံးလှုပ်ရှားမှုများ ပြုလုပ်ရန် စစ်အစိုးရက တိုက်တွန်းပြောဆိုကြောင်း ထိုင်း မြန်မာ နယ်စပ် မြဝတီမြို့မှ DKBA အဖွဲ့ဝင်တဦးကပြောသည်။

“ကျနော်တို့ နယ်မြေမှာလုပ်မယ့် ဆန္ဒခံယူပွဲလုပ်ငန်းစဉ် အားလုံးကို DKBA အဖွဲ့ဝင်တွေအနေနဲ့ စောင့်ကြပ် ကြည့်ရှုပေးဖို့ ၊ နယ်ခံလူထုတွေ ထောက်ခံမဲပေးရေးကို စည်းရုံးဖို့ ပြောတယ်၊ ပြီးတော့ အာဏာပိုင်တွေက ကန့်ကွက်မဲပေးရင် နောက်ထပ် အနှစ် ၂၀ ကြာသွားမယ် လို့လည်း ပြောပါတယ်”ဟု လည်း ၎င်းက ပြောပြသည်။

အခြေခံဥပဒေ ဆန္ဒခံယူပွဲကျင်းပစဉ် ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်၊ မြဝတီမြို့များ နှင့် ရွှေကုက္ကိုလ်ရွာ စသည့် ၎င်းတို့ ထိန်းချုပ်ရာနယ်မြေများကိုစောင့်ကြပ်ကြည့်ရှုရန် အာဏာပိုင်များက DKBA ကို ပြောဆို ညွှန်ကြားကြောင်း သိရသည်။

DKBA က ထိုင်း မြန်မာနယ်စပ် တလျှောက် လုံခြုံရေးနှင့် လှည့်ကင်းများပြုလုပ်နေပြီး စည်းရုံးလှုပ်ရှားမှုများ ပြုလုပ်လျှက် ရှိသည်ဟုလည်း အထက်ပါ DKBA တပ်ဖွဲ့ဝင်က ပြောဆိုသည်။

ထို့ပြင် အခြေခံဥပဒေ ဆန္ဒခံယူပွဲ နှင့်ပတ်သက်ပြီး ဗဟုသုတ နည်းပါးသော ရွာသားအများစုက အာဏာပိုင်များ စည်းရုံး ညွှန်ကြားသည့် ထောက်ခံမဲကိုသာ ပေးနိုင်ဖွယ်ရှိကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားသည်။

အလားတူ စစ်အစိုးရက PNO အပစ်ရပ်အဖွဲ့ကိုလည်း ၎င်းတို့ထိန်းချုပ်ရာနယ်မြေ ဆန္ဒခံယူပွဲနှင့် ပတ်သက်ပြီး စောင့်ကြပ် ကြည့်ရှုရန် ပြောဆိုညွှန်ကြားထားကြောင်း သိရသည်။

“ကျနော်တို့ နယ်မြေမှာ ဆန္ဒမဲပေးတာနဲ့ မဲပုံးတွေကို ကျနော်တို့ အဖွဲ့ဝင်တွေက စောင့်ကြပ်ကြည့်ရှုကြဖို့ အာဏာ ပိုင်တွေက လွန်ခဲ့တဲ့ ၂ ရက်က ညွှန်ကြားလာပါတယ်”ဟု PNO အဖွဲ့ဝင်တဦးက ဧရာဝတီသို့ ပြောသည်။

ယင်း PNO အဖွဲ့သည် ၁၉၉၁ ခု ဧပြီလ ၁၁ ရက်နေ့တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူ၍ အပစ်အခတ်ရပ်စဲ ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ ထိန်းချုပ်ရာ ရှမ်းပြည် တောင်ပိုင်း ကို အထူးဒေသ (၆) ဟု ခေါ်ဆိုကြောင်း သိရသည်။

တချိန်တည်းတွင် ဝ တိုင်းရင်းသား အပစ်ရပ်အဖွဲ့ဖြစ်သည့် ဝ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့(UWSA) က စစ်အစိုးရ၏ အစီအစဉ်ဖြင့် ပန်ဆန်းမြို့အပါအဝင် ၎င်းတို့ ထိန်းချုပ်ရာ နယ်မြေများတွင် ဆန္ဒမဲပေးရန် မဲရုံ များ ဆောက်လုပ်နေကြောင်း ရှမ်းသံတော်ဆင့် သတင်းစဉ်က ဖော်ပြထားသည်။

UWSA တာဝန်ရှိသူများအနေနှင့် ယခု ခြေခံဥပဒေ အတည်ပြု ဆန္ဒခံယူပွဲကို အမှန်တကယ် စိတ်ဝင်စားခြင်းမရှိ ဟုလည်း UWSA အဖွဲ့နှင့် နီးစပ်သူများက ပြောဆိုသည်။

တရုတ်မြန်မာ နယ်စပ် အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးအောင်ကျော်ဇောကလည်း“ဒီ ဆန္ဒခံယူပွဲလုပ်ငန်းစဉ် နဲ့ပတ်သက်ပြီး ဘယ်အတိုင်းအတာအထိ ပါဝင်ရမလဲဆိုတာ ဝ ခေါင်းဆောင်တွေအနေနဲ့ အခုထိ မဆုံးဖြတ်ရ သေးပါဘူး၊ စစ်တပ်အစိုးရဘက်ကလည်း ဝ ကို ဖိအားပေးဖို့ မလွယ်ဘူး၊ သူတို့ကြားမှာ မကြသေးခင်က ဖြစ်ထား တဲ့ တင်းမာမှု ရှိနေသေးတယ်”ဟု ရှင်းပြသည်။

ထို့ပြင် ၎င်း က တခြားသော ကချင်တိုင်းရင်းသား အပစ်ရပ်အဖွဲ့ဖြစ်သည့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO) ကို ယင်းသို့ ဆန္ဒခံယူပွဲလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်ရန် စစ်အစိုးရအနေနှင့် ဖိအားပေးမည်မဟုတ် ကြောင်း ဆက်လက်ပြောဆိုသည်။

KIO အဖွဲ့သည် တရုတ် မြန်မာနယ်စပ် လိုင်ဇာ အခြေစိုက်ဖြစ်ပြီး ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ က စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

ထို့အတူ မုန်းလား(NDAA-ESS) အဖွဲ့က အခြေခံဥပဒေ ဆန္ဒခံယူပွဲကို သပိတ်မှောက်မည်ဖြစ်ပြီး ကိုးကန့်အဖွဲ့ဝင်များ အနေနှင့် ဆန္ဒမဲပေးရေး မပေးရေးကို ယခုအချိန်အထိ မဆုံးဖြတ်ရသေးကြောင်း ဦးအောင်ကျော်ဇောက ပြော သည်။

မတ်လအစောပိုင်းတွင် အာဏာပိုင်များက မှတ်ပုံတင် မရှိသူများ ဆန္ဒမဲပေးရန်အတွက် ယာယီသက်သေခံ ကတ်ပြားများ ထုတ်ပေးရာ၌ KIO , UWSA , DKBA နှင့် NMSP အဖွဲ့များမှ မိသားစုဝင်များကိုလည်း ထုတ်ပေး ခဲ့သည်။

တိုင်းရင်းသား နိုင်ငံရေးပါတီ ၁၂ ဖွဲ့ ခေါင်းဆောင်များကမူ မြန်မာပြည်သူများ မဲရုံသို့ သွား၍ ကန့်ကွက်မဲပေးကြရန် နှိုးဆော်သည့် ကြေညာချက်တစောင် ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့ အခြေစိုက် ဇိုမီးအအမျိုးသား ကွန်ဂရက် ဥက္ကဌ ဦးကျင်ရှင်းထန်ကလည်း“ပြည်သူအများစုက ဒီအခြေခံ ဥပဒေကို လက်မခံဘူးဆိုတာ စစ်အစိုးရက သိပါတယ်၊ ဒါပေမယ့် လက်မခံလို့ မဲမပေးဘူးဆိုရင် သူတို့ အခြေခံ ဥပဒေက အတည်ဖြစ် ပြီးတော့ သူတို့ကပဲ အနိုင်ရသူတွေဖြစ်သွားမှာပါ” ဟု ပြောဆိုသည်။
“ဒီ အခြေခံ ဥပဒေသာ အတည်ပြုပြီးသွားရင် မြန်မာပြည်ဟာ အခုထက်ပိုဆိုးဖို့ပဲရှိပါတယ်၊ ဒါကြောင့် မြန်မာပြည်သူ အားလုံး ကန့်ကွက်မဲ ပေးကြပါလို့ တိုက်တွန်းချင်ပါတယ်”ဟုလည်း ဦးကျင်ရှင်းထန်က ပြောသည်။
irrawaddy

ဆက်လက်ဖတ်ရှုရန်...

မစိုးရိမ်ဆရာတော်ဘုရားကြီး၏ အန္တိမ ဈာပနအခန်းအနားအစီအစဉ်

30-42008
Viewing is available from

Saturday May 3rd. 8pm-11pm
Sunday May 4th. 10am-8pm

Place
Midwood Chapel
1625 Coney Island Ave
Brooklyn, NY 11230

http://www.midwoodchapel.com/

Cremation will be held at

Greenwood Crematory
500 25th street
Brooklyn, NY 11232

on Monday May 5th.
Time of cremation will be notified soon.
http://www.green-wood.com/

ဆက်လက်ဖတ်ရှုရန်...

တိုင်းရင်းသားပါတီ ၁၂ ပါတီက ကန့်ကွက်မဲ ထည့်ရန် တိုက်တွန်း

30-4-2008
ချင်းမိုင်။ ။ လူထုဆန္ဒ ခံယူပွဲတွင် တခဲနက် ကန့်ကွက်မဲပေးကြရန် မြန်မာပြည်တွင်းရှိ တိုင်းရင်းသားပါတီ ၁၂ ပါတီက ပြည်သူများကို ယနေ့ တိုက်တွန်းလိုက်သည်။

ဥပဒေမူကြမ်းကို ပြည်သူ့ ကိုယ်စားလှယ်များက ရေးခြင်းမဟုတ်ဘဲ စစ်တပ်က အာဏာ အရပ်ရပ်ကို ချုပ်ကိုင်မည့် ဗဟိုက ချုပ်ကိုင်သော အစိုးရ ပုံစံသာဖြစ်ပြီး ဒီမိုကရေစီ အနှစ်သာရ ပြည့်ဝသော စစ်မှန်သည့် ပြည်ထောင်စုကို မဖော်ဆောင်နိုင်သဖြင့် နိုင်ငံရေးအသိနှင့် သတိရှိသူတိုင်းက မိမိဆန္ဒ မဲတပြားဖြင့် သမိုင်းမှတ်ကျောက် တင်ရေးအတွက် ကန့်ကွက်မဲပေးရန် သူတို့က တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

ဇိုမီးအမျိုးသား ကွန်ဂရက်ပါတီ ခေါင်းဆောင် ပူးကျင်ရှင်းထန်က “ဒီအစိုးရကို ကန့်ကွက်တဲ့ သူက ကန့်ကွက်၊ ထောက်ခံတဲ့လူက ထောက်ခံ ပြောနေကြပေမယ့် အဲဒီလိုလုပ်ရင် နောက်မှာတခုခု ဖြစ်မလား ဆိုပြီးတော့ စိုးရိမ် ကြောင့်ကြမှုတွေ ရှိနေတော့၊ သွားပြီးတော့ မကန့်ကွက်မိမှာ စိုးလို့ ကျနော်တို့က ထုတ်တာပါ” ဟု ပြောသည်။

“ဒီမိုကရေစီ လိုချင်တဲ့ လူတယောက်မှာ ပေးပိုင်ခွင့်၊ အသည်းကြားက မဲတပြားဆိုတာ ဒီတခါရတယ်။ အဲဒီမှာ ကန့်ကွက်ချင်တယ်ဆိုရင် ရှိတဲ့ အခွင့်အရေးကို ရဲရဲတင်းတင်း ကန့်ကွက်ကြပါလို့ ပြောချင်တာပါ။ နောင်မှာ တခုခု ဖြစ်မယ်ဆိုတာကို ဒီအချိန်မှာ မတွက်ပါနဲ့။ နောင်ခါလာ နောင်ခါဈေး ထားပြီးတော့ လုပ်ပါ၊ တကယ်လို့ ကန့်ကွက်ရဲ့သားနဲ့ ထောက်ခံမဲ ဖြစ်သွားရင် ကျနော်တို့မှာ လုပ်ဖို့ အစီအစဉ် ရှိပါတယ်။ အဲဒါကြောင့် သွားပြီး ကန့်ကွက်မဲ ထည့်ပါ” ဟု သူက ဆက်ပြောသည်။

ပြည်သူများက စိုးရွံ့မှုကြောင့် ဆန္ဒအမှန်ကို မျိုသိပ်ထားခြင်း၊ မဲရုံသို့ မသွားဘဲနေခြင်း၊ ကြားနေခြင်းတို့ ပြုလုပ်ပါက ရလဒ်ဆိုးများကို သွယ်ဝိုက် ထောက်ခံရာ ရောက်ပြီး ပိုမိုဆိုးဝါးသော အနာဂတ်နှင့် ရင်ဆိုင်ရမည်ကို သတိချပ်ရန် လိုသည်ဟု ၁၂ ပါတီက ဆိုသည်။

စစ်အစိုးရက ထုတ်ပြန်ခဲ့သည့် ဆန္ဒခံယူပွဲ ဥပဒေအရ ပြည်သူများအနေနှင့် မဲရုံဖွင့်ချိန်နှင့် ဆန္ဒမဲ ရေတွက်ချိန်တို့တွင် စောင့်ကြည့်ကြရန်လည်း အလေးအနက် တိုက်တွန်းထားသေးသည်။

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ဦးအုံးတင်က “အခုအခြေခံ မူကြမ်းက နံပါတ် (၁) ဒီမိုကရေစီ အနှစ်သာရ မရှိဘူး၊ (၂) တိုင်းသူပြည်သား တဦးချင်းစီကို ဘယ်လိုမှ အကျိုးကျေးဇူး ပေးနိုင်တဲ့ အနေအထားမရှိဘူး၊ (၃) စစ်အာဏာရှင် စနစ်ကို ဆက်လက် တည်ရှိနေဖို့အတွက် အထောက်အကူ ပေးနေတာ တွေ့ရတယ်။ အဲဒါကြောင့် တနိုင်ငံလုံးမှာ ရှိနေတဲ့ မြန်မာ ပြည်သူပြည်သားများ အားလုံး ဆန့်ကျင်မဲ ထည့်ဖို့ ကျနော် တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။

တိုက်တွန်းချက်ကို ၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် အမတ်နေရာ ၂၃ နေရာ အနိုင်ရရှိခဲ့သည့် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၁၁ နေရာ ရခဲ့သည့် ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် အမတ်နေရာများ ရခဲ့သည့် စည်းလုံးညီညွတ်သော တိုင်းရင်းသား နိုင်ငံရေးပါတီ UNA က ထုတ်ပြန်ခြင်း ဖြစ်သည်။

UNA တွင် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးအမျိုးသား ကွန်ဂရက်၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်ပြည်နယ် အမျိုးသား ဒီမိုကရေစီကွန်ဂရက်၊ ကယားပြည်နယ် လူမျိုးပေါင်းစုံ ဒီမိုကရေစီအဖွဲ့ချုပ်၊ ကယန်းအမျိုးသား ညီညွတ်ရေးနှင့် ဒီမိုကရေစီ အဖွဲ့ချုပ်၊ မရာပြည်သူ့ပါတီ၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ် ပါတီနှင့် ရခိုင်ပြည်သူ့ ဒီမိုကရေစီ တပ်ပေါင်းစု ပါတီတို့ ပါဝင်သည်။ ယခုအခါ ရှမ်းနှင့် ကိုးကန့်ပါတီမှ လွဲလျှင် ကျန်ပါတီများအား စစ်အစိုးရက ဖျက်သိမ်းပြီး ဖြစ်သည်။
mizzima news

ဆက်လက်ဖတ်ရှုရန်...

ဘဏ်ဓားပြများ မိပြီ

30-4-2008
ချင်းမိုင်။ ။ ရန်ကုန်တိုင်း၊ သင်္ဃန်ကျွန်း မြန်မာ့စီးပွားရေးဘဏ် အတွင်းသို့ ၀င်ရောက် လုယက်ပြီး ဘဏ်ဝန်ထမ်းတဦးအား ဓားဖြင့် ထိုးသတ်သွားသူ တရားခံ (၂) ဦးအား ဖမ်းမိလိုက်ပြီ ဖြစ်သည်။

တရာခံများမှာ သင်္ဃန်းကျွန်းတွင် နေထိုင်သူ ဇော်ကြီးနှင့် သန်းထွေးဆိုသူတို့ ဖြစ်ပြီး ယခုလ (၂၅) ရက် (၂၈) ရက်နေ့ တို့တွင် တနေရာစီမှ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ဧပြီလ (၈) ရက်နေ့တွင် ဖြစ်ပွားသော ဘဏ်လုယက်မှုတွင် ဘဏ်မန်နေဂျာ ဦးခင်အေး၊ စာရင်းကိုင် ဦးအေးကြိုင်တို့ ဒဏ်ရာရရှိကာ ကြီးကြပ်ရေးမှူး ဦးစိန်ရွှေမောင်သည် ရင်ညွန့် ဓားဒဏ်ရာဖြင့် သေဆုံးသွားသည်။

မဇ္ဈိမက အစောပိုင်းက ရရှိထားသော သတင်းအရ လုယက်သူများသည် ကျပ်သန်းပေါင်း (၉ဝဝ) ခန့် လုယူ သွားသည်ဟု ဆိုသော်လည်း သတင်းစာတွင် ယင်းကိစ္စနှင့် ပတ်သက်၍ အသေးစိတ် ဖော်ပြထားခြင်း မရှိပါ။

တရားခံများသည် ယခင်ကလည်း လူသတ်မှု၊ ဓားခုတ်မှုတို့ဖြင့် ပြစ်ဒဏ် ကျခံဖူးသူများဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင် သင်္ဃန်းကျွန်းမှ တာဝန်ကျရဲများကို ၀တ္တရားနှောင့်ယှက်ကာ ထွက်ပြေးနေသူများ ဖြစ်သည် ဟု သတင်းက ဆိုသည်။

ဇော်ကြီး (ခ) ဇော်ဇော်ထွေး အား မြောက်ဥက္ကလာပမြို့နယ် (ဆ) ရပ်ကွက် သုနန္ဒာ (၉) လမ်းမ၊ (၁၇၄) နေ အစ်မတော်စပ်သူ ဒေါ်စန်းစန်းမြင့်နေအိမ်မှ (၂၅) ရက်နေ့ည (၁၁) နာရီ ခွဲတွင် ဖမ်းမိပြီး၊ သန်းထွေးအား ဒဂုံမြို့သစ် (တောင်ပိုင်း) ၅၆ ရပ်ကွက် စက်မှုဇုန် (၁) ရှိ ဦးဦး ခေါက်ဆွဲစက်ရုံ၌ ပုန်းခိုနေစဉ် ဧပြီလ (၂၈) ရက်၊ နံနက် (၅) နာရီခွဲတွင် ဖမ်းမိခဲ့သည် ဟု သတင်းတွင် ဆက်လက် ဖော်ပြထားသည်။

ဘဏ်လုယက်သူ တရားခံများကို ရက်ပေါင်း (၂၀) အတွင်း ဖမ်းဆီးမိသော်လည်း လွန်ခဲ့သော (၂) လ က ဖြစ်ပွားခဲ့သော ကမာရွတ်မြို့နယ်မှ (၅) လောင်းပြိုင် လူသတ် တရားခံများကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပါ၊

မတ်လ (၃) ရက်နေ့က ကုန်သည်ကြီး ဦးချာလီ၏ မိသားစု ၄ ဦး နှင့် အိမ်ဖေါ်တဦးကို ကမာရွတ်မြို့နယ် စိမ်းလဲ့ကန်သာလမ်း အမှတ် (၁၂၆) ရှိ နေအိမ်တွင် သေနတ်သမားများက သွေးအေးအေးဖြင့် ပစ်သတ်သွားခဲ့သည်။
mizzima news

ဆက်လက်ဖတ်ရှုရန်...

မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုမှာ ရှယ်ဗရွန်ရေနံကုမ္ပဏီကြီး ပါဝင် ပတ်သက်

30-4-2008

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံ
တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ
ကြောင့် စစ်အစိုးရကို စီးပွားရေးအရ ပိတ်ဆို့
အရေးယူ ဒဏ်ခတ်မှုတွေ လုပ်နေတဲ့ကြားကပဲ
အမေရိကန် စီးပွားရေးကုမ္ပဏီတခုဖြစ်တဲ့
ရှယ်ဗရွန်ရေနံကုမ္ပဏီဟာ မြန်မာနိုင်ငံတွင်း
ရင်းနှီးမြှုပ်နှံထားပြီး ဒီကုမ္ပဏီဟာ
နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့လည်း
ဆက်နွယ်ပတ်သက်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တခုက အပြစ်တင်လိုက်ပါတယ်။

ရှယ်ဗရွန်ကုမ္ပဏီအနေနဲ့ ဒီအချက်ကို
ထည့်မတွက်ဘူး၊ မစဉ်းစားနိုင်တော့ဘူး
ဆိုရင်တော့ သူ့ကို အမေရိကန်ဥပဒေနဲ့အညီ လူ့အခွင့်အရေးချိုးဖောက်မှုမှာ ပတ်သက်တဲ့
အတွက် တရားစွဲဆိုတာတွေပါ လုပ်သွားမယ်
လို့ Earth Rights International (ERI) သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးအဖွဲ့
ကြီးက ပြောလိုက်ပါတယ်။ ဒီအကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ
ကိုသားညွန့်ဦးက သတင်းပေးပို့ထားပါတယ်။

ERI အဖွဲ့အနေနဲ့ အခုလို ရှယ်ဗရွန်ရေနံကုမ္ပဏီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု
ပတ်သက်ပုံတွေကို ဒီကနေ့ပဲ အစီရင်ခံစာသစ်တရပ် ထုတ်ပြန်ပါတယ်။ ရှယ်ဗရွန်
ကုမ္ပဏီဟာ စစ်တပ်ကအုပ်ချုပ်တဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ
ကနေ ဘယ်လိုအမြတ်အစွန်းတွေယူတယ်၊ လူတွေကို ဖိနှိပ်နိုင်အောင် စစ်အစိုးရကို
ဘယ်လို ငွေကြေးထောက်ပံ့ကူညီနေတယ် ဆိုတာတွေကို ရေးသားထားတာပါ။
အစီရင်ခံစာကိုတော့ Human Cost of Energy စွမ်းအင်လုပ်ငန်းကြောင့် လူတွေ နစ်နာဆုံးရှုံးမှုဖြစ်နေတယ်လို့ အမည်ပေးထားပါတယ်။ ဒီအစီရင်ခံစာနဲ့ပတ်သက်လို့
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က နိုင်ငံခြားသတင်းထောက်များကလပ် (FCCT) မှာ သတင်းစာရှင်းလင်းပွဲလုပ်တော့ ERI တာဝန်ခံဖြစ်တဲ့ ကိုနိုင်ထူးက ရှယ်ဗရွန် ရေနံ ထုတ်လုပ်ရေးလုပ်ငန်းတွေကြောင့် ပတ်ဝန်းကျင်ဒေသတွေမှာ ဘယ်လို လူ့အခွင့် အရေးချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတာကို အခုလိုထောက်ပြပါတယ်။

“ဒီရေနံပိုက်လိုင်းတည်ဆောက်ထားတဲ့ ဒေသတ၀ိုက်မှာဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကတော့ အတင်းအကျပ် လုပ်အားပေးခိုင်းစေတာ၊ ပေါ်တာဆွဲအသုံး
ပြုတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ ဥပဒေမဲ့သတ်ဖြတ်တာ၊ အမျိုးသမီးတွေကို လိင်ပိုင်း
ဆိုင်ရာ အဓမ္မပြုကျင့်တာ၊ လုယက်တာနဲ့ အခြားလူ့အခွင့်အရေးချိုးဖောက်မှုတွေပါ။
ဒါတွေကို ပိုက်လိုင်းစောင့်ကြပ်ရတဲ့ လုံခြုံရေးတပ်ရင်းတွေက ကျူးလွန်ကြတာပါ။
ဒီတပ်ရင်းတွေဟာ ဒေသခံရွာသားတွေကို ခေါ်ယူပြီး ပိုက်လိုင်းစောင့်ကြပ်တဲ့ တပ်တွေ
အတွက် ရိက္ခာပစ္စည်းတွေ သယ်ယူခိုင်းပါတယ်။ ဒါ့အပြင် ဒေသခံကျေးရွာသားတွေကို
ခေါ်ယူ စစ်သင်တန်းပေးပြီး ပတ်ဝန်းကျင်ဒေသလုံခြုံရေးကို ယူခိုင်းပါတယ်။ ဒီတော့
ဒေသခံတွေက ဒီစစ်တပ်အတွက်၊ လုံခြုံရေးအတွက် လုပ်ပေးနေရပါတယ်။ ဒါတွေဟာ အခုအချိန်အထိ ဖြစ်နေတုန်းပါ။”

ဒါကြောင့်လည်း ပိုက်လိုင်းတလျှောက်ရှိနေတဲ့ ဒေသခံတွေဟာ အခုလို သူတို့ခံစား
နေရတာတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေဟာ ရှယ်ဗရွန်ရေနံလုပ်ငန်း
ကြောင့်ဖြစ်တယ်လို့ ယူဆကြတဲ့အကြောင်းလည်း ERI က သူတို့ရဲ့တွေ့ရှိချက်ကို
ပြောပါတယ်။ ဒီအဖြစ်အပျက်တွေအားလုံးအတွက် ရှယ်ဗရွန်ရေနံကုမ္ပဏီအနေနဲ့
တာဝန်ရှိတယ်၊ တာဝန်ယူရမယ်လို့လည်း ERI က ဆိုပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေကြောင့် အနောက်နိုင်ငံတွေ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေကို ကန့်ကွက်ပြီး စီးပွားရေးပိတ်ဆို့နေတဲ့အချိန်မှာပဲ အမေရိကန်အခြေစိုက် ရှယ်ဗရွန်ကုမ္ပဏီက အခုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပတ်သက်နေတာကြောင့် ဒါကို အမေရိကန်
လွှတ်တော် အစိုးရပိုင်းအထိသိရှိအောင် လုပ်သွားရမယ်လို့လည်း ERI လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ရှယ်ဗရွန်ကုမ္ပဏီရဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုနဲ့
ပတ်သက်လို့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတာကို ဒါဟာ ပထမ
အကြိမ် အစီရင်ခံစာ ထုတ်ပြန်လိုက်တာကြောင့် ဒီအစီရင်ခံစာနဲ့ အမေရိကန်
ပြည်ထောင်စုရဲ့ ဥပဒေတွေကို ပြန်ဆန်းစစ်စရာနဲ့ ရှယ်ဗရွန်ကုမ္ပဏီကိုယ်တိုင်ကလည်း သူ့လုပ်ငန်းတွေကို ပြန်စစ်ကြောစရာဖြစ်လာမယ်လို့ မျှော်လင့်တယ်လို့ ERI ရဲ့
အမှုဆောင်ဒါရိုက်တာ ကစောဝါးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ရှယ်ဗရွန်ဟာ အမေရိကားရဲ့ ပေါ်လစီရေးတဲ့သူတွေအပေါ်မှာ တော်တော်လေး
အာဏာရှိတဲ့အတွက် ကျနော်တို့ရဲ့ ဒီ Report ကို အမေရိကန်နိုင်ငံမှာရှိတဲ့ အန်န်ဂျီအို
တွေ၊ Activists တွေအနေနဲ့ ကောင်းကောင်းမွန်မွန်၊ စနစ်တကျနဲ့ လုပ်ရမှာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာ AFLCIO ဆိုရင် ကျနော်တို့ရဲ့ Report ကို စောင့်နေတာ
ကြာလှပြီ။ US Campaign for Burma တို့ကလည်း ဒီ Report မျိုးကို စောင့်နေတာ
ကြာလှပြီ။ ဒီ Report မျိုးက ပိုက်လိုင်းတလျှောက်မှာဖြစ်နေတဲ့ လူ့အခွင့်အရေးတွေကို ပီပီပြင်ပြင်မှတ်တမ်းတင်ပြီးတော့ ကမ္ဘာကိုဖြန့်ချိမှာဖြစ်တယ်။ ဒါကြောင့် ဒီမှာရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေက ပြတ်ပြတ်သားသားနဲ့ သူတို့ရဲ့ ဘာတွေကို
ဆောင်ရွက်ရမလဲ၊ ဘာတွေကို ပြောင်းလဲရမလဲဆိုတာကို ဖော်ပြမှာဖြစ်ပါတယ်။”

ဒါပေမယ့် ရှယ်ဗရွန်ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်တွေမှာတော့ သူတို့ကြောင့် လူ့အခွင့်
အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတာကို ငြင်းဆန်ထားပြီး သူတို့အနေနဲ့ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံတွေကို ပညာရေးနဲ့ ကျန်းမာရေး ထောက်ပံ့ကူညီ
တာတွေ လုပ်နေတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့
ပတ်သက်တဲ့ သက်သေအခိုင်အမာ သူတို့မှာ ရှိထားတယ်၊ အခုအစီရင်ခံစာမှာလည်း ဖော်ပြထားတယ်လို့ ကစောဝါးက ပြောပါတယ်။

“သူတို့ကတော့ အမြဲတမ်းငြင်းနေတာပဲ။ ဒီလူ့အခွင့်အရေးတွေ မဖြစ်ပါဘူး၊ သူတို့ လူ့အခွင့်အရေးချိုးဖောက်မှုမဖြစ်အောင် ပိုက်လိုင်းဒေသမှာ ဘာတွေဘာတွေ လုပ်နေ
တယ်ဆိုတာ အမြဲတမ်းပြောနေတယ်။ ဒါပေမယ့် အနေအထားတခုမှာ ရှယ်ဗရွန်က
ယူနိုကယ်ကို ၀ယ်လိုက်တဲ့အချိန်မှာ ကျနော်တို့မှာရှိတဲ့ သက်သေအထောက်အထား
တွေနဲ့ ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်နေပါတယ်ဆိုတာကို ရှယ်ဗရွန်ကိုတင်ပြ
နိုင်ရင် ရှယ်ဗရွန် တခုခုလုပ်လာလိမ့်မယ်လို့ ကျနော်တို့ယုံကြည်ပါတယ်။”

ERI အနေနဲ့ ရှယ်ဗရွန်ကုမ္ပဏီက လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်
တာကို အမေရိကန်ပြည်ထောင်စု ဥပဒေတွေအရ တရားစွဲဆိုဖို့ နောက်ပိုင်းမှာ
ဆက်လုပ်သွားမယ်လို့ သတိပေးထားပါတယ်။ အရင် ယူနိုကယ် ရေနံကုမ္ပဏီတုန်း
ကလည်း ERI အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရသူ ဒေသခံတွေအစား ယူနိုကယ်
ကုမ္ပဏီကို တရားစွဲဆိုခဲ့တာကြောင့် နောက်ဆုံး ယူနိုကယ်ကနေ ဒေသခံတွေအတွက် နစ်နာကြေးပေးခဲ့ရတဲ့အထိ အောင်မြင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုအဆင့်ကတော့
သူတို့မှာ သက်သေအထောက်အထား အခိုင်အမာရှိတယ်ဆိုတာကို အဓိကပြချင်တဲ့
သဘောပါပဲလို့ ကစောဝါးက ပြောပါတယ်။ ရှယ်ဗရွန်ကုမ္ပဏီဟာ ယူနိုကယ်ကနေ
၂၀၀၅ ခုနှစ်အတွင်းကစလို့ ရှယ်ယာတွေ ၀ယ်ယူခဲ့တာပါ။ အခု ERI ရဲ့ အစီရင်ခံစာ
သစ်မှာတော့ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အတွင်း ပိုက်လိုင်းတ၀ိုက် ဖြစ်ပျက်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်ဖော်ပြထားတယ်ဆိုတော့ ရှယ်ဗရွန်
ကုမ္ပဏီ လွှဲပြောင်းကိုင်တွယ်ချိန်မှာ ဖြစ်ပျက်ခဲ့တာတွေ အများစုလို့ ပြောရမှာပါ။
VOA NEWS

ဆက်လက်ဖတ်ရှုရန်...

Tuesday, April 29, 2008

ရန်ကုန်ရှိ ဝါဒဖြန့် ပိုစတာများ ကြက်ခြေခတ်ခံရ

29-4-2008
ရန်ကုန်တိုင်းအတွင်း မြို့နယ်များရှိ လူစည်ကားရာ လမ်းဆုံလမ်းထောင့်များနှင့် မီးပွိုင့်များတွင် စိုက်ထူထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း အတည်ပြုရေး မြေစိုက်ပိုစတာတချို့အား မှုတ်ဆေးများဖြင့် ကြက်ခြေခတ် သင်္ကေတများ ပြုလုပ် သောကြောင့် အဆိုပါ ဆိုင်းဘုတ်များအနီး ၀န်းကျင်တွင် လုံခြုံရေး အစောင့်များချထားပြီး စောင့်ကြည့်လျှက်ရှိကြောင်း သိရှိရသည်။

လှိုင်သာယာမြို့နယ် ရန်ကုန်-ညောင်တုန်း လမ်းမကြီးနှင့် ကျန်စစ်သားလမ်းထောင့်တွင် စိုက်ထူထားသော “မင်းမဲ့စရိုက်ဖြင့် ဒီမိုကရေစီမရနိုင်၊ ဆူပူမှုဖြင့် ဒီမိုကရေစီ မရနိုင်၊ အခြေခံဥပဒေဖြင့်သာ ဒီမိုကရေစီရနိုင်သည်” ဟူသော မြေစိုက်ပိုစတာပေါ် တွင် မှုတ်ဆေးဖြင့် ကြက်ခြေခတ်ထားသည်ကို မြင်တွေ့ခဲ့ရသည်ဟု လှိုင်သာယာ မြို့နယ် စက်မှုဇုန်မှ စက်ရုံဝန်ထမ်း တဦးက ပြောပြသည်။

အဆိုပါ ကြက်ခြေခတ်ခံရသော မြေစိုက်ပိုစတာမှာ ဧပြီလ ၂၆ ရက်နေ့က အခမ်းအနားဖြင့် စိုက်ထူခဲ့သော မြေစိုက်ပိုစတာ ဖြစ်ပြီး စိုက်ပြီး၍ မကြာခင်မှာပင် ယခုကဲ့သို့ ကြက်ခြေခတ် ခံရခြင်းဖြစ်ကြောင်း လှိုင်သာယာ စက်မှုဇုန် ဝန်ထမ်းက ပြောသည်။

ထို့ပြင် ရွှေပြည်သာမြို့နယ် အမှတ် ၄ လမ်းမကြီးနှင့် ဗိုလ်ချုပ်လမ်းထောင့်တွင် စိုက်ထူထားသော “ဒို့အနာဂတ် ဒို့ဖန်တီးဖို့၊ အခြေခံ ဥပဒေအတည်ပြုစို့” ဟူသော မြေစိုက် ပိုစတာကိုလည်း ယခု ရက်ပိုင်းအတွင်းမှာပင် ဖျက်ဆီး ခံရကြောင်း သိရသည်။

ယခုအခါ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့တွင် စိုက်ထူထားသော မြေစိုက်ပိုစတာများ အနီးဝန်းကျင်တွင် အစောင့်များ ချထားပြီး သက်ဆိုင်ရာ မြို့နယ်များမှ တာဝန်ကျရဲများကလည်း ဆိုင်ကယ်များဖြင့် လှည့်ပတ် စစ်ဆေးခြင်းများ ပြုလုပ်လျှက် ရှိသည်ကို မြင်တွေ့ရကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

“ကျနော်တို့ မြို့နယ်ထဲမှာ သွားလာနေထိုင်တဲ့သူက ၂ သိန်းနဲ့ ၃ သိန်းအထက်မှာ ရှိတယ်၊ မြို့နယ် စခန်းမှာ တာဝန်ကျရဲက ကျနော်အပါဝင် စုစုပေါင်း တရာကျော်ပဲရှိတယ်ဆိုတော့ ရဲတယောက်အနေနဲ့ နေ့စဉ် လူပေါင်း မြောက်မြားစွာကို စောင့်ကြည့် နေရပါတယ်” ဟု ရန်ကုန်ရှိ မြို့နယ် စခန်းမှူးတဦးက ဆိုသည်။

ရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ယနေ့ထိပင် ယူနီဖောင်း အပြည့်အစုံဝတ် လုံထိန်းများနှင့် စစ်သားများမှာ စစ်ကား ၄ စီးဖြင့် မြို့ကို ပတ်လျှက်ရှိကြောင်း ရန်ကုန်မြို့တွင် နေထိုင်သူများက ပြောပြသည်။
“မီးပွိုင့်လမ်းဆုံတွေမှာရှိတဲ့ မြေစိုက်ပိုစတာတွေကိုတော့ ယာဉ်ထိန်းရဲတွေကို စောင့်ကြည့်ဖို့ တာဝန်ပေးထားတယ်လို့ ကြားတယ်၊ အရပ်ဝတ်ရဲတွေအပြင်၊ စစ်ယူနီဖောင်းဝတ် စစ်ဗိုလ်တွေလည်း ဟမ်းဖုန်းတွေနဲ့ ဆိုင်ကယ်စီးပြီး လှည့်ပတ်ကြည့် နေကြတာပဲ” ဟု ရန်ကုန် ရန်ကင်းမြို့နယ်တွင် နေထိုင်သူ တဦးကလည်း ပြောသည်။

အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတည်ပြုရေး မြေစိုက်ပိုစတာများကို ရန်ကုန်တိုင်းအတွင်းရှိ တာမွေမြို့နယ် လမ်းငါး ခွဆုံ၊ ရန်ကင်းမြို့နယ် ဆရာစံလမ်းရှိ ရန်ကင်း စင်တာရှေ့၊ သင်္ကန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းရှိ သုဝဏ္ဏအားကစား ကွင်းရှေ့ ၊ ဒဂုံမြို့သစ်မြို့ တောင်မြောက်လမ်းဆုံ၊ အင်းစိန်မြို့နယ် မင်းကြီးလမ်း အင်းစိန်ပန်းခြံထောင့်၊ မင်္ဂလာဒုံမြို့နယ် ရန်ကုန်-ပြည်လမ်းနှင့် ခရေပင်လမ်းခွဲထောင့်၊ စသည့်နေရာများအပြင် ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံ၊ မရမ်းကုန်း မြို့နယ် သမိုင်းလမ်းဆုံ၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းဆုံ၊ စမ်းချောင်းမြို့နယ် မြေနီကုန်းလမ်းဆုံ၊ ကြည်မြင်တိုင်မြို့နယ် သီရိမင်္ဂလာဈေးရှေ့နှင့် အလုံမြို့နယ်ထော်လီကွေ့ စသည့်နေရာများနှင့် ကျန်နေရာတချို့တွင် စိုက်ထူထားသည်ကို တွေ့မြင်ရသည်။

ယခုရက်ပိုင်းအတွင်း အဆိုပါမြေစိုက်ပိုစတာများကို ရန်ကုန်တိုင်းတွင်သာမက တခြားတိုင်းနှင့်ပြည်နယ် အသီးသီးတွင် ရှိသော မြို့နယ်များနှင့် ကျေးရွာများပါမကျန် လူစည်ကားရာ နေရာများတွင် အခမ်းအနားဖြင့် စိုက်ထူလျှက်ရှိကြောင်း သိရှိရသည်။
irrawaddy news

ဆက်လက်ဖတ်ရှုရန်...

မြန်မာ ဆန္ဒခံယူပွဲ စိတ်ချယုံကြည်ဖွယ်ရာဖြစ်မည်ဟု ထိုင်းမျှော်လင့်

29-4-2008
မြန်မာနိုင်ငံတွင်ပြုလုပ်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူသစ် ဆန္ဒခံယူပွဲသည် စိတ်ချယုံကြည်နိုင် ဖွယ်ရာဖြစ်မည်ဟု ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး နော့ပ်ပဒွန် ပတ္တမားက မြန်မာနိုင်ငံဝန်ကြီး
ချုပ် ထိုင်းနိုင်ငံသို့ ရောက်ရှိမည့် တရက်အလို ယမန်နေ့ည၌ ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံသို့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ရောက်ရှိနေစဉ် ကာလအတွင်း ၂၀၁၀ ပြည့်နှစ် တွင် ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲအတွက် မြန်မာစစ်အစိုးရက ပြုလုပ်ပေးမည့် ဆန္ဒ ခံယူပွဲနှင့် ပတ်သက်ပြီး ဆွေးနွေးမည်ဟု နော့ပ်ပဒွန်က ပြောသည်။

“လာမယ့် မေ (၁၀) ရက်မှာ ပြုလုပ်မယ့် ဆန္ဒခံယူပွဲကို အောင်အောင်မြင်မြင်နဲ့ စိတ်ချလက်ချ ရှိစေချင်တဲ့အတွက် ထိုင်းနိုင်ငံအနေနဲ့ ပြောဆိုဆွေးနွေးကြရာမှာ ဒီမိုကရေစီ လုပ်ငန်းစဉ် အကြောင်းလည်း ပါလာနိုင်ပါတယ်။ မြန်မာနိုင်ငံ တိုးတက်ကောင်းမွန်တဲ့ လမ်းကြောင်းပေါ် ရောက်တာကို ကျနော်တို့ မြင်ချင်ပါတယ်” ဟု ပတ္တမားက သတင်းထောက်များကို ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ပါ ပြဋ္ဌာန်းထားချက်အရ နိုင်ငံခြားသားကို လက်ထပ်ထားခြင်းအတွက် နိုင်ငံအကြီးအကဲရာထူးတွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်မရစေရန် ပြုလုပ်ထားသည့် ကိစ္စနှင့်ပတ်သက်ပြီး မြန်မာ့ပြည်တွင်းရေး ဖြစ်နေသောကြောင့် ထိုင်းနိုင်ငံက
ပါဝင်စွက်ဖက်ခြင်း မပြုလိုကြောင်း ပတ္တမားက ပြောသည်။

(၂) နိုင်ငံခေါင်းဆောင်များသည် မူးယစ်ဆေးဝါးကိစ္စ၊ ထိုင်းတွင် လူဦးရေ (၂) သန်းခန့် အထိ ရှိနေသော တရားမ၀င် မြန်မာနိုင်ငံသားများကိစ္စနှင့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းပြီး ထိုင်းနိုင်ငံတွင် နေထိုင်နေသည့် လူဦးရေ (၂) သိန်းခန့်အကြောင်းတို့ကို ဆွေးနွေးသွားမည်ဖြစ်သည်။

မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် (၃) ရက်ကြာ လည်ပတ်မည့် ခရီးစဉ်တွင် မြန်မာနိုင်ငံခြား ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး၊ အလုပ်သမားဝန်ကြီးနှင့် ဆောက်လုပ်ရေးဝန်ကြီးတို့ လိုက်ပါကြမည်ဖြစ်သည်။

ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ထိုင်းဝန်ကြီးချုပ် ဆမတ် ဆန်ဒါရာဝပ်၊ ထိုင်းဘုရင် ဘူမိဘောတို့နှင့် လည်း ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံမည်ဖြစ်သည်။

မြန်မာနှင့် ကုန်သွယ်ဖက်လည်းဖြစ်သည့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံများထဲတွင် ပါဝင်ပြီး ထိုင်းနိုင်ငံအတွက် လိုအပ်နေသည့် သဘာဝဓာတ်ငွေ့နှင့် ဟိုက်ဒြိုပါဝါ အရင်းအမြစ်များကို မြန်မာနိုင်ငံမှ နှစ်စဉ် ဒေါ်လာ ဘီလီယံပေါင်းများစွာ ပေးဝယ်နေသော နိုင်ငံ လည်း ဖြစ်သည်။
.khitpyaing news

ဆက်လက်ဖတ်ရှုရန်...

စွမ်းအားရှင်များကို အဓိကရုဏ်း နှိမ်နင်းရေးသင်တန်းပေး

29-4-2008
နယူးဒေလီ။ ။ ပြည်သူ့ဆန္ဒ ခံယူပွဲအတွက် လုံခြုံရေး ပြင်ဆင်မှုဆိုကာ ရန်ကုန်တိုင်းအတွင်း စစ်အစိုးရ၏ ခါးပိုက်ဆောင် အဖွဲ့များကို ရိုက်နှက်ခြင်း သင်တန်းများ ပေးလျှက်ရှိသည်။

ဒဂုံမြို့သစ် တောင်ပိုင်းနှင့် မြောက်ပိုင်း ရပ်ကွက်များတွင် စွမ်းအားရှင်၊ ကြံ့ဖွံ့နှင့် အရံမီးသတ် တပ်ဖွဲ့ဝင်များကို မေလ ၁ဝ ရက် ပြည်သူ့ဆန္ဒ ခံယူပွဲအတွက် ၂၄ နာရီ အရန်သင့် ဖြစ်နေရမည်ဟု မြို့နယ် မယက ဥက္ကဋ္ဌက ညွှန်ကြားထားကာ သင်တန်းများ ပေးနေခြင်း ဖြစ်သည်။

“ကျိုက္ကဆံကွင်းမှာ မီးသတ်တွေ၊ စွမ်းအားရှင်တွေကို ခေါ်ပြီးတော့ ဒုတ်ရိုက် သင်တန်းတွေ၊ သေနတ်ပစ် သင်တန်းတွေကို လွန်ခဲ့တဲ့ ၃ ရက်က သင်ပေးတယ်” ဟု မျက်မြင်သက်သေ တဦးက ပြောသည်။

သင်တန်း တက်ရောက်ပြီး ဖြစ်သည့် မီးသတ်နှင့် စွမ်းအားရှင်များထဲမှ တရပ်ကွက်လျှင် ၁၅ ဦး ရွေးချယ်ကာ အထူး စွမ်းအားရှင်များအဖြစ် အပေါ်-အောက် အပြာရောင် ဝတ်စုံများ ဝတ်ဆင်စေပြီး လာမည့် ရက်ပိုင်းအတွင်း အထူး သင်တန်းပေးမည်ဟု ဒေသခံများက ပြောသည်။ သို့သော်လည်း သင်တန်း အသေးစိတ်ကိုမူ မသိရသေးပါ။

ဒဂုံမြို့သစ် မြောက်ပိုင်းမှ ဒေသခံတဦးကလည်း “ဒဂုံမြို့သစ် မြို့တော်ခန်းမ၊ တောင်ဒဂုံ မြို့တော်ခန်းမ၊ အားကစားကွင်းတွေမှာ လူရိုက်နည်းတွေ၊ လူတွေကို ကားပေါ်တင်တဲ့ နည်းတွေကို သင်တန်းပေးတယ်လို့ သိရပါတယ်။ အဓိက သင်တန်းပေးတာက ရပ်ကွက်အတွင်းမှာ နေတဲ့ ယာအိမ်မှူး၊ ဆယ်အိမ်မှူးတွေ၊ ကြက်ခြေနီ၊ မီးသတ်တွေကို သင်တန်းပေးတာ ဖြစ်တယ်” ဟု ပြောသည်။

ယခုအခါ ရပ်ကွက်များထဲမှ ရွေးချယ်ထားပြီး ဖြစ်သည့် အထူးစွမ်းအားရှင် (အမာခံ စွမ်းအားရှင်) များအား နံနက် ၆ နာရီခန့်တွင် ဒိုင်နာကားများနှင့် လိုက်လံခေါ်ယူကာ လူစည်ကားသည့် တောင်ဥက္ကလာ၊ စံပြဈေး၊ ရန်ကင်းစင်တာ၊ ရန်ကင်း ဆရာအတတ်သင်ကျောင်း နေရာများတွင် လူဦးရေ ၂ဝ ခန့်စီ ချထားပြီး ညနေ ၆ နာရီတွင် ပြန်လည် လိုက်သိမ်းနေသည်။

နံပါတ်ဒုတ်များ ကိုင်ထားသည့် အထူးစွမ်းအားရှင် အုပ်စုများတွင် လမ်းလျှောက် စကားပြောစက်နှင့် ရဲတဦးကျစီ ပါဝင်နေကာ စွမ်းအားရှင် တဦးကို လစာငွေအဖြစ် ကျပ် ၂ သောင်းခွဲ ပေးမည်ဟု ပြောဆို စည်းရုံးထားသည်။

စွမ်းအားရှင်များမှာ စစ်အာဏာပိုင်များက အခကြေးငွေပေး၍ စုဆောင်းထားသူများ ဖြစ်ပြီး သံဃာတော်များ ဦးဆောင်သည့် အောက်တိုဘာ၊ စက်တင်ဘာ ဆန္ဒပြမှုများကိုလည်း ဖြိုခွင်းရာတွင် ပါဝင်ခဲ့သည်။
mizzimaburmese news

ဆက်လက်ဖတ်ရှုရန်...

Monday, April 28, 2008

ဗန်းမော်မှာ ကြိုတင် ထောက်ခံမဲ ပေးခိုင်းနေပြီ

28-4-2008
ရွှေလီ။ ။ ကချင်ပြည်နယ် ဗန်းမော်မြို့ပေါ် ရပ်ကွက်များတွင် ရပ်ကွက် အာဏာပိုင်များက သက်ကြီးရွယ်အိုများနှင့် မှတ်ပုံတင် မရှိသူများအား ယမန်နေ့က ရယက ရုံးသို့ ခေါ်ယူကာ ထောက်ခံမဲများ ပေးခိုင်းနေပြီ ဖြစ်သည်။

ဧပြီလ ၂၇ ရက်နေ့က ဗန်းမော်မြို့ မြေနုရပ်ကွက် အာဏာပိုင်များက ကြိုတင်မဲ ပေးရမည်ဟု ပြောဆိုကာ ရပ်ကွက်အတွင်းရှိ အသက် ၅ဝ ကျော် အရွယ်များကို အိမ်တိုင်ရာရောက် လိုက်လံခေါ်ယူပြီး ထောက်ခံမဲများ ထည့်ခိုင်းခဲ့သည်။

“ဒီမနက်ပိုင်းပဲ။ လာခေါ်တာက ရယက ဥက္ကဋ္ဌရယ်၊ ကြံ့ခိုင်ရေးမှူးတွေ ကိုယ်တိုင်လာပြီး၊ ကြိုတင်မဲ ပေးရမယ်ဆိုပြီး လာခေါ်တယ်။ တခြားလူတွေကိုတော့ မခေါ်ဘူး။ အဖိုးကြီးအဖွားကြီးတွေ ရွေးပြီးခေါ်တယ်” ဟု ကိုယ်တိုင်မဲ ပေးခဲ့ရသူ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

မြေနုရပ်ကွက် ရယက ရုံးသို့ ကြိုတင်မဲပေးရန် ခေါ်ယူခံရသူ ဦးရေ ၂ဝ ခန့် ရှိကြောင်းနှင့် ရယက ဥက္ကဋ္ဌက ထောက်ခံမဲပေးရန် ဖိအားပေး ပြောဆိုမှုကြောင့် အများစုက ထောက်ခံမဲ ပေးခဲ့ရပြီး အဒေါ်ကြီးတဦးသာ ကန့်ကွက်မဲ ပေးခဲ့ကြောင်း သိရသည်။

“ရပ်ကွက် ဥက္ကဋ္ဌက ထောက်ခံမဲပေးဖို့ ပြောနေတော့ အားလုံးက ထောက်ခံမဲ ပေးခဲ့ရတယ်။ ကန့်ကွက်မဲ ပေးတာဆိုလို့ အဒေါ်ကြီးတယောက်ပဲ ရှိတယ်။ သူက ကန့်ကွက်မဲ ပေးလိုက်တော့ ဥက္ကဋ္ဌက “ခင်ဗျား ဒီမဲပေးတာကို တာဝန်ယူလား” လို့ ခြိမ်းခြောက်တယ်။ အဒေါ်ကြီးက “တာဝန်ယူတယ်” လို့ ပြန်ပြောလိုက်ပြီး ထွက်ခဲ့တယ်” ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

အာဏာပိုင်များက မဲပြားများကို ထုတ်ပေးခဲ့ပြီး လက်မှတ်ပေါ်တွင် အမှန်ခြစ်ခဲ့ရကာ မည်သည့်မဲပုံးမှ မထားရှိဘဲ မဲလက်မှတ်များကို အာဏာပိုင်များက သိမ်းဆည်းသွားသည်။

သာစည်ရပ်ကွက် ဥက္ကဋ္ဌ ဦးမောင်မောင်တာကလည်း ရပ်ကွက်အတွင်းရှိ မှတ်ပုံတင် မရှိသူ၊ ပျောက်ဆုံးနေသူများ စာရင်းရှိရာ နေအိမ်များသို့ ဧပြီလ ၂၄ ရက်နေ့က ကိုယ်တိုင်လာရောက် အကြောင်းကြားလာသဖြင့် မှတ်ပုံတင်ထုတ်ရန် သွားရောက်ခဲ့ရာမှ မဲပြားများ ထုတ်ပေးကာ ထောက်ခံမဲ ထည့်ခိုင်းခဲ့ကြောင်း ကိုယ်တိုင်မဲ ပေးခဲ့ရသူ ဒေါ်အုန်းက ပြောသည်။

“သာစည် ရပ်ကွက် ဥက္ကဋ္ဌ ဦးမောင်မောင်တာက လာခေါ်တယ်။ အန်တီက မှတ်ပုံတင် ပျောက်နေလို့ စာရင်းတင်ထားတော့ အရှေ့သာစည်က ဘိုဒိုဇာကုန်းဆိုတဲ့ ရပ်ကွက်ကို လိုက်သွားရတယ်” ဟု သူက စတင်၍ ပြောသည်။

ဘိုဒိုဇာကုန်းဆိုသည်မှာ ဆောက်လုပ်ရေး စက်ယန္တရားများ ထားရှိသည့် အရှေ့သာစည် ရပ်ကွက်အတွင်းမှ ရပ်ကွက်ငယ်တခု ဖြစ်သည်။

အဆိုပါ ရပ်ကွက်ရှိ သစ်ထုတ်ရေးဝန်း အနောက်ဘက်မှ ရယက ရုံးသို့ လိုက်သွားရကာ ရုံးခန်းအတွင်း ထောက်ခံမဲ ထည့်ခိုင်းခဲ့ပုံကို သူက ယခုလို ဆက်ပြောသည်။

“ဘိုဒိုဇာရပ်ကွက် ဥက္ကဋ္ဌ ဦးဘရမ်တောင်က မှတ်ပုံတင်မရှိလို့ လာတဲ့သူတွေကို ကြိုတင်မဲ ပေးရမယ်လို့ အရင် စပြောတယ်။ ပြောပြီးတာနဲ့ မဲပြား ထုတ်ပေးတယ်ပေါ့။ ဘာလုပ်ရမလဲလို့ ပြန်မေးလိုက်တော့ ဦးဘရမ်တောင်က “ဘာမှ လုပ်စရာမလိုဘူး၊ အမှန်ခြစ်သာ ခြစ်ပေးလိုက်” လို့ ပြောတာနဲ့ အန်တီလည်း အမှန် ထိုးပေးလိုက်ရတယ်။ အဲဒါမှ မှတ်ပုံတင်ဆိုပြီး ယာယီ သက်သေခံကဒ်ပြား အဖြူရောင်လေး ထုတ်ပေးခဲ့တယ်” ဟု သူက ပြောပြသည်။

ကြိုတင်မဲပေးခိုင်းပြီး ထောက်ခံမဲ ပေးခဲ့သူများတွင် သာစည်ရပ်ကွက်မှ စာမတတ်သည့် တရုတ်မ အဖွားကြီး တဦးလည်း ပါဝင်သည်။

“အဲဒီမှာ ရောက်နေတဲ့သူတွေ အားလုံး ၂ဝ ကျော်လောက်တော့ ရှိတယ်။ ကျန်တဲ့သူတွေရဲ့ အခြေအနေတော့ အန်တီက အတိအကျ မတွေ့ခဲ့ရဘူး။ တရုတ်မ အဖွားကြီး တယောက်က စာမတတ်တဲ့သူပေါ့။ သူ့ကိုလည်း ဒီအတိုင်းပဲ၊ လက်ကိုဆွဲပြီး လက်ဗွေနှိပ်ခိုင်းလိုက်ပြီး အမှန်ခြစ် ခြစ်လိုက်တာ တွေ့ခဲ့ရတယ်” ဟု သူက ပြောသည်။

မေလ ၁ဝ ရက်တွင် ကျင်းပမည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအတွက် မဲပေးနိုင်သူများ စာရင်းကို ဗန်းမော်မြို့နယ်ရှိ ရပ်ကွက်များ၊ ကျေးရွာများတွင် ယခုနှစ် ဖေဖော်ဝါရီလပိုင်းက စတင်၍ တအိမ်တက် တအိမ်ဆင်း စာရင်း ကောက်ယူမှုများ ပြုလုပ်ခဲ့ပြီး မှတ်ပုံတင်မရှိသူများ၊ ပျောက်ဆုံးသူများ စာရင်းကို ရပ်ကွက် အာဏာပိုင်များထံ စာရင်းပေးထားရကာ အချို့ကို နောက်ပိုင်းမှ မှတ်ပုံတင် ထုတ်ပေးခြင်း ဖြစ်သည်။

ဗန်းမော်မြို့တွင် အာဏာပိုင်များဘက်က ထောက်ခံမဲ ရရှိစေရန် ယခုလို နည်းလမ်းမျိုးနှင့် ကြိုးပမ်းနေသလို ကချင်ပြည်နယ် ကြံ့ခိုင်ရေး အတွင်းရေးမှူးလည်းဖြစ် စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး ဝန်ကြီးလည်းဖြစ်သူ ဗိုလ်မှူးချူပ် သိန်းဇော် ကိုယ်တိုင် ယခုလ ၂၂ ရက်နေ့မှ စတင်ကာ ဗန်းမော်နယ်တခွင် လှည့်လည်ကာ ထောက်ခံမဲပေးရန် ခြိမ်းခြောက် ပြောဆိုမှုများ ရှိနေကြောင်း ဒေသခံ နောက်တဦးက ပြောပြသည်။

သူက “ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာ ရှိတဲ့ ပါပေါင်း၊ မန်မလင်း၊ စင့်ကင်၊ မိုင်းကာ ရွာစဉ် တောက်လျောက်ပေါ့၊ တရွာဝင် တရွာထွက်ပေါ့။ ၂၂ ရက်နေ့ကစ လိုက်ပြောနေတယ်။ အခုက မိုးလဲချောင်းဘက်မှာ ရှိတဲ့ ရွာတွေကို ရောက်နေပြီ။ ချွေးတလုံးလုံးနဲ့။ ဒါပြီးရင် ဖါးကန့်ဘက် သွားမယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။

ဗိုလ်မှူးချုပ်သိန်းဇော်က ထောက်ခံမဲပေးရန် ပြောဆိုရာ၌ ထောက်ခံမဲကို မဖြစ်မနေ ထည့်ပေးရန်နှင့် ကန့်ကွက်မဲလည်း ထောက်ခံမဲ ဖြစ်မည်ဟု ဆိုကာ ရွာသားများကို ဘေထုတ်များ လက်ဆောင်ပေးသွားသည်။

ကချင်ပြည်နယ် ဝါးရှောင်ရွာ ဥက္ကဋ္ဌ ဆင်ဝါးနောင်ကလည်း ထောက်ခံမဲပေးရန် ကျေးရွာသားများကို ခြိမ်းခြောက် ပြောဆိုနေကြောင်း ဝါးရှောင်ရွာသား ကိုမာတန်က ပြောပြသည်။

“အခု ဥက္ကဋ္ဌ ဆင်ဝါးနော် ကိုယ်တိုင် ခြိမ်းခြောက်နေတယ်။ ကန့်ကွက်မဲ ထည့်တဲ့သူ ထောင်ဒဏ် ၃ နှစ်နဲ့ ငွေဒဏ် ၁ သိန်း ချမယ်ဆိုတော့ အကုန်လုံး ကြောက်နေကြတယ်” ဟု ကိုမာတန်က ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း နအဖ ကျင်းပမည့် မေလ ပြည်လုံးကျွတ် လူထုဆန္ဒ ခံယူပွဲသည် လွတ်လပ်မှုနှင့် တရားမျှတမှု မရှိကြောင်း ထောက်ပြ ဝေဖန်ထားသည့် ကြေညာချက်များ ထုတ်ပြန်ကာ နိုင်ငံတကာမှ လွတ်လပ်သည့် အဖွဲ့အစည်းများကိုယ်တိုင် စောင့်ကြပ်ကြည့်ရှုရန် တောင်းဆိုခဲ့သည်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် မြန်မာပြည်ဆိုင်ရာ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ပီညဲရိုးတို့ကလည်း နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး ထားရှိရန် အလားတူ ပြောဆိုခဲ့သော်လည်း နအဖ စစ်အစိုးရကမူ ၎င်းတို့တွင် ၉ဝ ခုနှစ် ရွေးကောက်ပွဲ အတွေ့အကြုံရှိသဖြင့် ၎င်းတို့ဘာသာ လုပ်ကိုင် ဆောင်ရွက်နိုင်သည်ဟု တုံ့ပြန်ခဲ့သည်။
mizzima news

ဆက်လက်ဖတ်ရှုရန်...

သံရုံးအမှုထမ်းအားလုံးသို့ မေတ္တာရပ်ခံချက်

ရက်စွဲ-၂၈၊ ၀၄၊ ၂၀၀၈ တနင်္ဂနွေနေ့
နိုင်ငံတကာရှိ မြန်မာသံရုံးများတွင် အမှုထမ်းနေကြသော သံရုံးအမှုထမ်းအားလုံးသို့ သီရိလင်္ကာရောက် မြန်မာ ကျောင်းသား ရဟန်းတော်များအဖွဲ့အနေဖြင့် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
သင်တို့သည် နိုင်ငံရပ်ခြားတိုင်းတပါးတွင် တာဝန်ထမ်းဆောင်နေသူများပီပီ ကမ္ဘာ့အခြေအနေ အရပ်ရပ် ကို နားလည် သဘောပေါက်သည်-ဟု ယုံကြည်ပါသည်။ မည်သူမှန်သည်၊ မှားသည်-ဟု မပြောလိုပါ။ လူတိုင်း၏ မွေးရာပါအခွင့်အရေးအရ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိပါသည်။ သို့သော် သင်တို့သည် ပြည်သူတို့၏ ဘဏ္ဍာကို စားသုံးနေကြသည့် ပြည်သူ့ဝန်ထမ်းများဖြစ်ကြသည်-ဆိုတာကို မမေ့သင့်ကြပါ။
နိုင်ငံတစ်နိုင်ငံတွင် တာဝန်ထမ်းဆောင်ခွင့်ရနေခြင်းသည် မိမိနိုင်ငံသားတို့၏ ကောင်းကျိုးကို ဆောင် ရွက်ဖို့ ဖြစ်ပါသည်။ ပြည်သူကို ဒုက္ခပေးရန် မဟုတ်ပါ။ အမှန်မှာ ပြည်သူ့ဝန်ထမ်းသည် ပြည်သူတို့၏ “အရှင် သခင်” လုံးဝမဟုတ်ပါ။ ပြည်သူတို့၏ “ကျွန်” ဖြစ်သည်-ဆိုသည်ကို သတိချပ်သင့်ပါသည်။ သင်တို့သည် ပြည်သူ့ကျွန် ဖြစ်ရမည့်အစား လက်တဆုပ်စာ န အ ဖ-စစ်အာဏာရှင်တို့၏ စစ်ကျွန်ဖြစ်နေခြင်းသည် သင်တို့ အတွက်သာ မက သင်တို့၏ သားစဉ်မြေးဆက်အတွက်ပါ ရင်နင့်ဖွယ်ဖြစ်နေပါသည်။
သင်တို့သည် ခေတ်ပညာတတ် သံတမန်များပီပီ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးတွင် သင်တို့ တာဝန် ထမ်းဆောင်နေကြသည့် နိုင်ငံများနှင့် ကောင်းသောအရာတို့တွင် ရင်ဘောင်တန်းနိုင်ရန် တစ်ထောင့်တစ်နေရာ မှ ပါဝင်ဆောင်ရွက်နိုင်မည်-ဟု အလေးအနက် ယုံကြည်ပါသည်။ ယခုအခါ အချို့နိုင်ငံများရှိ သံရုံးအမှုထမ်းတို့ သည် ပြည်သူ့မျက်နှာကို မကြည့်ပဲ အာဏာရှင်အလိုကျ မောက်မာစွာ ပြုမူဆက်ဆံနေသည်ကို ကြားသိရသဖြင့် အလွန်ပင် စိတ်မချမ်းမြေ့ ဖြစ်ရပါသည်။
ထို့ကြောင့် သင်တို့သည် န အ ဖ-စစ်အာဏာရှင်အလိုကျ ပြည်သူများအပေါ် မောက်မာစွာ ဆက်ဆံ ခြင်း၊ မချေမငံ ပြုမူပြောဆိုခြင်းများကို ရှောင်ကြဉ်ပြီး ယခုဖြစ်ပေါ်နေသောအခြေအနေတွင် အမှန်တရားဘက်မှ ပြတ်သားစွာ ရပ်တည်ပေးခြင်းဖြင့် ပြည်သူ့အကျိုး သည်ပိုးပေးပါရန် အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။
သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့

ဆက်လက်ဖတ်ရှုရန်...

Sunday, April 27, 2008

စင်္ကာပူမှ ကန့်ကွက်မဲပေးပွဲ ( Apr,27th,2008 )

27-4-2008









myochitmyanmar news

ဆက်လက်ဖတ်ရှုရန်...

နိုင်ငံအသီးသီးတွင် ယနေ့ မြန်မာတွေ မဲပေးကြသောအခြေအနေ

27-4-2008
တောင်ကိုရီးယား

ယနေ့ တောင်ကိုရီးယားမှာ ဆန္ဒမဲပေးရန်သွားရောက်သူများ မဲပေးခွင့်မရ ။ တောင်ကိုရီးယား ရှိ ပူဆန်း၊ဒေကူး နယ်များမှမဲပေးရန်လာရောက်သူ ၃၀ ကျော်တွင် ၃ ဦးသာမဲပေးခွင့်ရ ၊ တရားဝင်နေထိုင်သူများဖြစ်ပြီး အခွန်ဆောင်ထား သူ များသာလျှင်မဲပေးခွင့်ရရှိခဲ့သည် ။ သံရုံးအတွင်းသို့ တစ်ဦးချင်းဝင်ရပြီး အိတ်များကို အပြင်တွင်ထားခဲ့ရသည်။ ဒီနေ့ စုစုပေါင်းမဲပေးသူ ၂၀ ဦး ခန့် သာရှိ သည် ။ သံရုံးပြင်ပတွင် ဆန္ဒပြသူ ၅၀ ကျော်ခန့် ရှိသည် ။

စင်္ကာပူ

စင်္ကာပူ မြန်မာသံရုံးတွင် ယနေ့ လူ ထောင်ကျော် ရောက်ရှိခါ ဆန္ဓမဲပေးကြကြောင်း သတင်းရရှိပါသည် ။ ညနေ လေးနာရီခွဲ ပိတ်နေကြကို မပိတ်နိုင်ပဲ ပြန်လည်ဖွင့်ပေးရပြီး ခုချိန်ထိ မဲပေးသူများကို လက်ခံနေရပါသည် ။ နိုး ပါသော အနီရောင် အင်္ကျီများဝတ်ပြီး ဦးထုပ်နီများဆောင်းခါ ၊ နေပူဒဏ်အောက် စနစ်တကျတန်းစီပြီး မဲပေးဖို့ စောင့်ကြတာ တွေ့ နိုင်ပါသည် ။
soneseayar news

ဆက်လက်ဖတ်ရှုရန်...

ဘုန်းကြီးကျောင်းများအား စီစစ်မှုများ ပြုလုပ်နေ

27-4-2008
ရန်ကုန်။ ။ ဘုန်းတော်ကြီး ကျောင်းများတွင် သတင်းသုံးနေသည့် သံယာများအား ညဘက် အချိန် အပြင်ထွက်ခြင်းများ၊ ခရီးသွားလာမှုများ၊ ဘုန်းတော်ကြီးကျောင်းများသို့ ဧည့်သည် လာရောက် တည်းခိုမှုများအား ကြပ်မတ် စီစစ်နေသည်၊ ။

ရွှေတိဂုံဘုရား ကုန်းတော်ပေါ်သို့ တက်ရောက်ရန် သံဃာတော်အချို့မှ ယမန်နေ့က ကြိုးစားခဲ့သည်ဟူသော သတင်း မထွက်ပေါ်ခင် ကတည်းက အာဏာပိုင်များက ဘုန်းကြီးကျောင်းများကို စောင့်ကြည့်သွားရန် ညွန်ကြားမှုများ ပြုလုပ်ခဲ့သည်၊

ရွှေတိဂုံ အရှေ့ဘက်မုဒ် ဗဟန်း ဈေးအနီးတွင် လုံခြုံရေး တိုးမြင့်ချထားခြင်း၊ အနီးဝန်းကျင်တွင် ( သွေးဆေးကန်အနီး ) တပ်ချ ထားခြင်းဖြင့် အစိုးရဘက်မှ ပြင်ဆင်မှုများ ရှိနေခဲ့သည်။
Mizzima news

ဆက်လက်ဖတ်ရှုရန်...

ကြားဖြတ်သတင်း ဧပြီလ ၂၇ ရက်

27-4-2008
လွှင့်တင်ချိန် - ဧပြီ ၂၇ ရက်၊ ၂၀၀၈ ခုနှစ် ၁၆း၁၀ - မြန်မာစံတော်ချိန်

ထရိတ်ဒါးဟိုတယ်အနီး ရဲ တဒါဇင်ကျော် ကင်းလှည့်နေသည်။

ကျောင်းသားခေါင်းဆောင်တဦး အဆိုအရ ယနေ့ နံနက်က သာကေတ တံတားအနီး သံဃာတော်အချို့ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီး၍ ကားနှင့် ခေါ်ဆောင်သွားသည်ဟု ပြောသည်။ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

တချိန်တည်းမှာပင် ရန်ကုန်မြို့တွင်း အင်တာနက် သုံးရသည်မှာ အလွန်နှေးနေပြီး လိုင်းပြတ်တောက်မှု မကြာခဏ ဖြစ်ပွားနေကြောင်း သုံးစွဲသူများက ပြောသည်။ ရုံးပိတ်ရက်ဖြစ်၍ အင်တာနက်ကဖေးတွင် သုံးစွဲသူမှာလည်း သာမန်နေ့များထက် ပိုများနေသည်။

ချင်းမိုင်။ ။ ရန်ကုန်မြို့တွင်း သံဃာတော်များ ဦးဆောင်သော စစ်အစိုးရ ဆန့်ကျင်ရေး လမ်းပေါ် ဆန္ဒပြမှုများ ပြန်လည်ဖြစ်ထွန်းအောင် လူစုဝေးမှုများ ယနေ့ ဆက်လက် လုပ်ဆောင်မည် ဆိုသောသတင်းများ ထွက်ပေါ်လာပြီးနောက် အာဏာပိုင်များဘက်မှ စိုးရိမ်မှုများ ရှိနေသည်။

လွန်ခဲ့သည့် မိနစ်အနည်းငယ်က ဝတ်စုံပြည့် လုံထိန်းရဲကား နှစ်စီး တောင်ဥက္ကလာပ မြို့နယ်မှသည် ရန်ကုန်မြို့ထဲဘက် မောင်းနှင်သွားကြောင်း မျက်မြင်သက်သေ တဦးက ပြောသည်။

သံဃာတော်များသည် ဗိုလ်တထောင်ဘုရားနှင့် မိုးကောင်းဘုရားများတွင် စုဝေးမည်ဆိုသော ကောလာဟလများ ထွက်ပေါ်နေသည်။

ရန်ကုန်မြို့ခံ အချို့ကို တယ်လီဖုံးနှင့် ဆက်သွယ်မေးမြန်းရာတွင် သိသာထင်ရှားသော လူအုပ်စုကြီးလိုက် စုဝေးမှုများ မတွေ့ရသော်လည်း ရန်ကုန်မြို့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ သိသိသာသာ များပြားလာပြီး စစ်ဆေးရေးများ ရှိနေသည်ဟု ပြောသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်တဦး အပြောအရ လုံခြုံရေး တိုးမြှင့်ချထားခြင်းမှာ ဧပြီ ၂၁ ရက်နေ့က ရန်ကုန်မြို့လည်တွင် ဗုံးပေါက်ကွဲမှု ၂ ခု ဖြစ်ပွားပြီး နောက်ပိုင်းကတည်းက အာဏာပိုင်များက ရဲနှင့် စွမ်းအားရှင်များကို လုံခြုံရေးအတွက် တိုးမြှင့် စောင့်ကြည့်ခိုင်းထားခဲ့သည်ဟု ဆိုသည်။
Mizzima news

ဆက်လက်ဖတ်ရှုရန်...

Saturday, April 26, 2008

သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များ သီရိလင်္ကာနိုင်ငံ UN သံရုံးရှေ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့

26-4-2008

သီရိလင်္ကာရောက်မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့မှ
၂၆.၀၄.၂၀၀၈ ရက်နေ့တွင် သီရိလင်္ကာနိုင်ငံ ကုလသမဂ္ဂသံရုံးရှေ့တွင် အောက်ပါအစီအစဉ်အတိုင်း ကျင်းပသွားခဲ့ပါသည်။၁။ နမော တဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ခြင်း၊
၂။ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်းဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၊ ပြီးခဲ့သော ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလတွင် ဓမ္မအတွက် အသက်ပေးသွားခဲ့ရသော ရဟန်းရှင်လူ ပြည်သူများအား (၇)လပြည့် အထိမ်း အမှတ် (၁) မိနစ် ငြိမ်သက်ခြင်း၊
၃။ ကြွရောက်လာကြသော သံဃာတော်များနှင့် ဧည့်ပရိသတ်များမှ ပဋ္ဌာန်းဒေသနာတော်များ၊ ပရိတ်ဒေသနာ တော်များ ရွတ်ဖတ်ခြင်း၊
၎။ Referendum နှင့်ပတ်သက်၍

(က) သီရိလင်္ကာရဟန်းတော် ဘဒ္ဒန္တစန္ဒဝိမလမှ ဆင်ဟာလိဘာသာဖြင့် ဟောပြောခြင်း၊
(ခ) မြန်မာရဟန်းတော် ဘဒ္ဒန္တပညာမှ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောခြင်း၊
(ဂ) မြန်မာရဟန်းတော် ဘဒ္ဒန္တဇောတိကမှ မြန်မာဘာသာဖြင့် အကျယ်တဝင့် ဟောပြောခြင်း၊
(ဃ) မြန်မာရဟန်းတော် ဘဒ္ဒန္တဝါသေဋ္ဌ(ဥက္ကဋ္ဌဆရာတော်) မှ မြန်မာဘာသာဖြင့် အကျဉ်းချုပ် ဟောပြောခြင်း၊
၅။ ကြွရောက်လာကြသော သံဃာတော်များနှင့် ဧည့်ပရိသတ်များမှ မေတ္တာဘာဝနာ ပွားများခြင်း၊
၆။ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။
ဤအခမ်းအနားမှ အောက်ပါတောင်းဆိုချက် (၆) ချက်ကို သာသနာ့ဥသျှောင်အဖွဲ့ချုပ် နည်းတူ န.အ.ဖ အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအား တပြိုင်နက် တောင်းဆိုခဲ့ပါသည်။

တောင်းဆိုချက်များမှာ …………..

၁။ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံသားများ၏ သဘောထားဆန္ဒအမှန်ကိုသိရှိရန် လူထုခေါင်းဆောင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ သံဃာ့တပ်ပေါင်းစုခေါင်းဆောင် ဦးဂမ္ဘီရ၊ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီးတို့နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး အချုပ် အနှောင်မှလွတ်၍ တိုင်းသူပြည်သားများနှင့် တွေ့ဆုံခွင့်ရရှိအောင် မေလ ဆန္ဒခံယူပွဲ မတိုင်မှီ အမြန် ဆုံးလုပ်ဆောင်ပေးရန်၊
၂။ သံဃာတော်များအား မတရားဖမ်းဆီး၍ နိုင်ငံသားဖြစ်ကြောင်း အိမ်ထောင်စုစာရင်းမှ ထုက်ပယ်ကာ ထောင်ဝင်စာတွေ့ခွင့်မရ၍ သံဃာတော်များ၏ အသက်ရှင်ရေးမှာ အထူးစိုးရိမ် နေရသည်။ ထောင်အတွင်း၌ ဘာသာရေး၏ အထွဋ်အမြတ်သင်္ကန်းဝတ်ခွင့်နှင့် ဥပုသ်ပြုခွင့်လည်း မရတော့ဘဲ စစ်အစိုးရက သံဃာများအား နှိပ်စက်နေမူများကို လူ့အခွင့်ရေးအဖွဲ့များ၊ နိုင်ငံတကာ လွတ်လပ်စွာကိုးကွယ်ခွင့်အဖွဲ့များက မြန်မာနိုင်ငံရှိထောင်များအား သွားရောက် စစ်ဆေးပေးရန်၊
၃။ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်သားများကို သတ်နေသည့် စစ်အစိုးရအား လက်နက် မရောင်းရေးနှင့် ရောင်းချသော တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံစသည့် နိုင်ငံများကိုလည်း ထိရောက် စွာအရေးယူပေးရန်၊
၎။ တိုင်းရင်းသားခေါင်းဆောင်များအားအမြန်ဆုံးလွတ်ရန်နှင့် နယ်စပ်ဒေသတိုင်းရင်းသားများ ထိုးစစ် ဆင်သတ်ဖြတ်နေမှုများကို စစ်အစိုးရက အမြန်ဆုံးရပ်တန့်ရန်၊
၅။ သတင်းစာဆရာကြီး ဦးဝင်းတင်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွှတ်ပေးရန်၊
၆။ အိမ်နီးချင်း အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ စင်္ကာပူနိုင်ငံများ၊ အမေရိကန်နှင့် ဥရောပနိုင်ငံ ခေါင်းဆောင် များမှ မြန်မာ့ဒီမိုကရေစီအရေးအတွက် ပြတ်သားစွာ ထောက်ခံပေးကြရန် သီရိလင်္ကာရောက်မြန်မာ ကျောင်းသား ရဟန်းတော်များအဖွဲ့မှ တောင်းဆိုလိုက်သည်။


သာသနာ့ဥသျှောင်အဖွဲ့ခွဲ
သီရိလင်္ကာရောက်မြန်မာရဟန်းတော်များအဖွဲ့ (MSMA)

ဆက်လက်ဖတ်ရှုရန်...

မြန်မာအစိုးရနှင့် အတိုက်အခံတို့ ဆွေးနွေးရန်း ကုလလုံခြုံရေးကောင်စီ ဥက္ကဋ္ဌ ကြေညာချက် ထုတ်ပြန်နိုင်

26-4-2008


ထိန်းသိမ်းခံထားရတဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးသွားရန် မြန်မာအစိုးရအား တိုက်တွန်းထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်မူကြမ်းကို ဗုဒ္ဓဟူးနေ့က အဖွဲ့ဝင်နိုင်ငံများအကြား ထပ်မံဖြန့်ဝေလိုက်သည်။ အဆိုပါမူကြမ်းအား ကြာသပတေးနေ့တွင် လုံခြုံရေးကောင်စီသို့ တရားဝင် တင်သွင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ယခုတစ်ကြိမ်ထပ်မံဖြန့်ဝေလိုက်သည့် အဆိုပါမူကြမ်းမှာ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့က ကမကထပြု ရေးဆွဲထား ခဲ့သည်။ ဧပြီလအစောပိုင်းတွင် ဖြန့်ဝေခဲ့သည် အဆိုပါကနဦး မူကြမ်းအား တရုတ်နိုင်ငံက ကန့်ကွက်ခဲ့ပြီးနောက် ပြန်လည်ပြင်ဆင်ထားသည့် မူကြမ်းအား ယခုတစ်ကြိမ် ထပ်မံဖြန့်ဝေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အခြေခံဥပဒေမူကြမ်းအား အတည်ပြုနိုင်ရေး လူထုဆန္ဒခံယူပွဲ ကျင်းပပြုလုပ်မည့်အပေါ် ယုံကြည်ရလောက်သည့် လုပ်ငန်းစဉ် မဟုတ်သောကြောင့် ယခုလို ထုတ်ပြန်ချက်မူကြမ်းကို ပြန်လည်တင်သွင်းရန် ကြိုးပမ်းရခြင်းဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ပြည်ထောင်စု သံအမတ်က ပြောကြားသွားခဲ့သည်။

မြန်မာအစိုးရ၏ မေလ ၁၀ ရက်နေ့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းအား အတည်ပြုနိုင်စေရေးအတွက် လူထုဆန္ဒခံယူပွဲ ကျင်းပပြုလုပ် ပေးသွားမည့်အပေါ် ပြည်တွင်းပြည်ပရှိ မြန်မာ့အရေးလှုပ်ရှားသူများမှ ပြည်သူလူထုအနေဖြင့် အဆိုပါဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲများပေးကြရန် လှုံ့ဆော် တိုက်တွန်းနေပြီး မြန်မာအစိုးရက အခြေခံဥပဒေကိုထောက်ခံမှသာလျင် ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်းနှင့် ပြည်သူတစ်ရပ် လုံး၏ အမျိုးသားရေး တာဝန်တစ်ရပ်ပင်ဖြစ်ကြောင်း အစိုးရပိုင် သတင်းမီဒီယာကဏ္ဍများမှ ကျယ်ကျယ်ပြန့်ပြန့် နှိုးဆော်လျက်ရှိသည်။
Myanmarforum news

ဆက်လက်ဖတ်ရှုရန်...

ဒေါ်အောင်ဆန်းစုကြည်ပုံပါ ကန့်ကွက်မဲစာရွက် ပျံ့နှံ့

26-4-2008

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ မဲပုံးထဲသို့ ဒေါ်အောင် ဆန်းစုကြည်က ကန့်ကွက်မဲ ထည့်နေသည့်ပုံ စာရွက်များ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ စစ်ကိုင်း၊ မော်လမြိုင်နှင့် မြို့အချို့တွင် ပျံ့နှံ့နေကြောင်း
မြို့ခံများက ပြောသည်။

မန္တလေးမြို့ခံတဦးက “ကျနော် ဈေးချိုကနေ အိမ်ကို ဆိုက်ကားစီးပြီး အပြန် လမ်းမှာ ဆိုက်ကားဆရာက ပေးတာ။ သူတို့ ဆိုက်ကားဆရာတွေက စီးတဲ့လူ
တွေနဲ့ စကားစမည် ပြောကြည့်တယ်။ အစိုးရ အလိုတော်ရိလူတွေ မဟုတ်ဘူးဆိုရင် ဒီစာရွက် လေးတွေကို ဝေတယ်လို့ ပြောတယ်” ဟု ပြောသည်။

၎င်းရသည့် စာရွက်သည် (A4) ဆိုဒ်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ မဲပုံးထဲသို့ ကန့်ကွက်မဲ ထည့်နေပုံဖြစ်ကြောင်း၊ အဖြူအမဲ မိတ္တူကူးထားခြင်းဖြစ်ပြီး နောက်ခံမှာ စက်တင်ဘာ ဆန္ဒပြပွဲမှ သံဃာများ၏ ပုံကို ခပ်ဝါးဝါး ဖော်ပြထားကြောင်း၊ အခြား မည်သည့်စာ၊ မည်သည့်ကြွေးကြော်သံမှ ရေးမထားသော်လည်း အင်မတန် ထိရောက်သည့် ၀ါဒဖြန့် စာရွက် ဖြစ်ကြောင်း အဆိုပါ မြို့ခံဖြစ်သူက ပြောသည်။

ထိုကဲ့သို့ စာရွက်မျိုး ရန်ကုန်မြို့သို့လည်း ရောက်ရှိပျံ့နှံ့နေကြောင်း ရန်ကုန်မြို့ခံများက
ပြောသည်။

ရန်ကုန် တာမွေဈေးမှ အဆိုပါစာရွက် ရရှိခဲ့သူ အိမ်ရှင်မတဦးက “ကျမ မနက်ပိုင်း ဈေးဝယ်ပြီး
အထွက် ဟင်းသီးဟင်းရွက်တန်းထိပ်မှာ လူတယောက်က ဝေနေတာတွေ့လို့ တောင်းယူခဲ့တာ။ ဆန္ဒခံယူပွဲမှာ အစိုးရက အမှန်ခြစ် ထောက်ခံမဲပေးဖို့ ပြည်တွင်းမှာ လှုံ့ဆော်နေသလို ပြည်ပ
အသံလွှင့်ဌာနတွေကလည်း NO ပေးဖို့ လှုံ့ဆော်နေတာ ရေဒီယိုက ကြားရတယ်။ ဒါကြောင့် ကျမအနေနဲ့ NO ပေးဖို့ စဉ်းစားထားတယ်။ ဒါပေမယ့် အခု ဒေါ်စုပုံပါ ၀ါဒဖြန့်စာရွက်တွေ့မှ ကန့်ကွက်မဲကို ကြက်ခြေခတ်ပုံစံ ခြစ်ပေးရမယ်ဆိုတာ ပိုပြီး ကွက်ကွက်ကွင်းကွင်း သိလာတယ်” ဟုပြောသည်။

ရန်ကုန်မြို့မှ စာရေးဆရာတဦးက ယခု ကန့်ကွက်မဲ ၀ါဒဖြန့် စာရွက်ကို ကြည့်လိုက်သည်နှင့် ပြည်သူများ ရှင်းရှင်းလင်းလင်း နားလည်နိုင်ကြောင်း၊ အန်အယ်လ်ဒီကဲ့သို့ နိုင်ငံရေးပါတီဝင်
များက လုပ်ခြင်းမဟုတ်ဘဲ ပြည်သူလူထုကိုယ်တိုင်က ကိုယ့်အသိစိတ်နှင့်ကိုယ် ဝေငှဖြန့်ဝေနေ
ခြင်းဖြစ်သောကြောင့် ပြည်သူများ နိုင်ငံရေး အသိစိတ် နိုးကြားလာသည်ကို ပြသသည့် လက္ခဏာဖြစ်ကြောင်း ပြောကြားသည်။

လောလောဆယ်တွင် နအဖစစ်အစိုးရ အာဏာပိုင်များက အခြေခံဥပဒေမူကြမ်း (၂၀၀၈) လူထု ဆန္ဒခံယူပွဲကို ထောက်ခံမဲ ပေးကြရန် မီဒီယာအသီးသီးမှ ဆောင်းပါး၊ သီချင်း၊ ရုပ်သံဇာတ်လမ်း၊
ဝါဒဖြန့်ဆောင်ပုဒ် စသည်တို့ဖြင့် စည်းရုံးလျက်ရှိသည့်အပြင် မြို့အသီးသီး၌လည်း ၀ါဒဖြန့် မြေစိုက်ပိုစတာများ စိုက်ထူနေသည်။

အန်အယ်လ်ဒီပါတီကမူ ယခု အခြေခံဥပဒေမူကြမ်းသည် ပြည်သူ့ကိုယ်စားလှယ်များက ရေးဆွဲခြင်း မဟုတ်ကြောင်း၊ အခြေခံဥပဒေပါ အချက်အလက်များအရလည်း ဒီမိုကရေစီနိုင်ငံ ဖော်ဆောင်နိုင် လိမ့်မည်ဟု ယုံကြည်ရဖွယ် မရှိခြင်းတို့ကြောင့် ကန့်ကွက်မဲပေးကြရန် ပါတီဝင်များက ပြည်သူများ အကြား လှုံ့ဆော်နေသည်။

ယခု အန်အယ်လ်ဒီပါတီ ခေါင်းဆောင်တဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ လက်ကမ်း ပိုစတာတိုက်ပွဲမှာမူ ပြည်သူများကိုယ်တိုင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆင်နွှဲနေကြသည့် ကန့်ကွက် မဲထည့်ရေး တိုက်ပွဲတခုဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ဒေါက်တာ လွဏ်းဆွေ မှကူးယူပါသည်

ဆက်လက်ဖတ်ရှုရန်...

ဂျပန်ရဲနှင့် မဲပေးလိုသူ မြန်မာလုပ်သားများ ပဋိပက္ခဖြစ်၊ ၁၅ ဦး ဆေးရုံပို့ရ

26-4-2008
ချင်းမိုင်။ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ဆန္ဒမဲပေးမည့် ဂျပန်ရောက် မြန်မာ အလုပ်သမားများနှင့် ဂျပန်ရဲသားများ ယနေ့ နေ့လည်က ဂျပန်နိုင်ငံရှိ မြန်မာသံရုံးရှေ့၌ ပဋိပက္ခ ဖြစ်ပွားခဲ့ရာ မြန်မာ ၁၅ ဦး ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

ဆန္ဒမဲပေးရန် နံနက် ၈ နာရီခွဲကတည်းက လာရောက် စောင့်ဆိုင်းနေသည့် မြန်မာ အလုပ်သမားများကို ထိန်းသိမ်းပေးရန် မြန်မာသံရုံး ဝန်ထမ်းများက ဂျပန်ရဲကို ဖုန်းဆက်လိုက်သည့် နောက်ပိုင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားကာ မြန်မာ ၁ဝ ဦး ဆေးရုံ တင်လိုက်ရခြင်း ဖြစ်သည်။


“ယောက်ျားလေးတယောက်၊ မိန်းကလေး ၄ ယောက်နဲ့ မူးလဲသူ ၁ဝ ယောက်၊ စုစုပေါင်း ၁၅ ယောက်ပါ။ ကြက်ခြေနီ သူနာပြုတွေက ၅ ယောက်ကို သံရုံးနားက ပန်းခြံထဲမှာ ဆေးကုပေးနေပါတယ်။ ရုန်းရင်းဆန်ခတ် ဖြစ်လို့ လက်ကျိုးတဲ့သူက ကျိုး၊ မူးလဲသူက မူးလဲဆိုတော့ ဆေးရုံးကား ခေါ်ပေးပါလို့ ရဲကိုပြောတော့ ဆေးရုံးကား ခေါ်ပေးထားတာပါ ခင်ဗျာ။” ဟု ဆန္ဒပြရာတွင် ကိုယ်တိုင် ပါဝင်ခဲ့သူတဦးက မဇ္ဈိမသို့ ပြောသည်။

ရဲများ၏ လူစုခွဲမှုကြောင့်္ဒကမျငညါံသာန ဆေးရုံ၌ ဆေးကုသမှုခံယူရသော မြန်မာ ၁ဝ ဦးတွင် ကိုယ်ဝန်ဆောင် မြန်မာ အမျိုးသမီးတဦးနှင့် နှလုံးရောဂါ အခံရှိသူများ ပါဝင်ပြီး အချို့မှာ ခြေလက်ကျိုးသည့် ဒဏ်ရာများ ရရှိသွားခဲ့သည်ဟု သူက ဆက်ပြောသည်။

“ကိုယ်ဝန်ဆောင် ၃ လ လောက်ရှိတဲ့ မသော်တာမင်းထွန်းက နေလည်း သိပ်မကောင်းဘူး။ ရဲတွေကလည်း တယောက်ချင်းစီကို ဆွဲတာ ဖြစ်တယ်။ ကျမတို့ကလည်း မိန်ကလေး၊ ယောကျာင်္လေး တယောက်ချင်းကို လက်ဆက်ပြီးတော့ ခြေကန်ထားပြီးတော့ ကိုယ့်လူ မပါသွားအောင် ပြန်ဆွဲတာပေါ့။ ရုဏ်ရင်း ဆန်ခတ်ဖြစ်တဲ့ အချိန် အမ သော်တာမင်းထွန်းက စိတ်ကြောင့်လည်း ပါတယ် သတိမေ့ လဲကျသွားတယ်” ဟု လိုက်လံ စောင့်ရှောက်ပေးနေသူ မယမင်းက ပြောသည်။

မဲပေးရန် ယနေ့ လာရောက်ခဲ့ကြသည့် မြန်မာများမှာ ၃ဝဝ ခန့်ရှိပြီး ၎င်းတို့ထဲတွင် ဗီဇာသက်တမ်း ကျန်သေးသူများ သာမက နေထိုင်ခွင့်ဗီဇာ သက်တမ်း ကုန်ဆုံးသူများလည်း ပါဝင်သည်။

ဆက်သွယ်မေးမြန်းချိန် ဂျပန်စံတော်ချိန် ညနေ ၅ နာရီ မိနစ် ၃ဝ အထိ မဲပေးခွင့်ရခဲ့သူ ၁ဝ ဦးခန့်သာ မြန်မာသံရုံးထဲသို့ ဝင်ရောက် မဲပေးခွင့်ရခဲ့ပြီး အချို့မှာ မဲပေးရန် စောင့်ဆိုင်းမနေတော့ဘဲ အိမ်ပြန်သွားကြသည်ဟု ဂျပန်တွင် တရားဝင် အလုပ်လုပ်ကိုင်နေသူ မြန်မာ အလုပ်သမားတဦးက ပြောသည်။

“ကျနော်တို့က မဲပေးဖို့ စောင့်နေတယ်။ ဂျပန်ရဲတွေကလည်း ကျနော်တို့ကို တားနေတယ်။ ကျနော် တွေ့သလောက်တော့ မြန်မာသံရုံးက တခါးဖွင့်ပြီးတော့ ဝင်ခွင့်ပြုနေတာ ၃ - ၄ ယောက်ပဲ ရှိသေးတယ်။ ကျနော်ကျတော့ ဝင်ခွင့် မပြုသေးဘူးဗျာ” ဟု သူက ဆက်ပြောသည်။

မဲပေးပြီး ပြန်ထွက်လာသူများ၏ အဆိုအရ ဆန္ဒမဲကို လွတ်လွတ်လပ်လပ် ထည့်ခွင့်ပေးသော်လည်း မဲပေးသူများ၏ ကိုယ်ရေးရာဇဝင်များ၊ ပြည်တွင်းရှိ အိမ်ထောင်စု စာရင်းများကိုလည်း သံရုံးဝန်ထမ်းများက စစ်ဆေးခဲ့သဖြင့် မဲပေးသူများမှာ ကြောက်လန့် စိုးရိမ်မှုများနှင့် မဲပေးခဲ့ရသည်ဟု ပြန်လည်ပြောပြကြသည်။
Mizzima news

ဆက်လက်ဖတ်ရှုရန်...

Friday, April 25, 2008

ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး မပျက်မကွက်မဲပေးကြရန်

25-4-2008
မေလတွင် ကျင်းပတော့မည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲသည် လွတ်လပ်မှုနှင့် တရားမျှတမှု မရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဧပြီ (၂၄) တွင် အထူးကြေညာချက် ၇/၀၄/၀၈ ကို ထုတ်ပြန်လိုက်သည်။

အဆိုပါ ကြေညာချက်တွင် အဓိက ဖော်ပြထားသည့်အချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို အတည်ပြုရာတွင် လွယ်ကူစွာ အတည်ပြုနိုင်အောင် ဖန်တီးထားပြီး ပြင်ဆင်ရာတွင်မူ ခက်ခဲ
အောင် ရေးဆွဲထားသည်ဟု ဖော်ပြထားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ၂၀၀၈ ခုနှစ်၏ ကူးပြောင်း ရေးကာလ ပြဋ္ဌာန်းချက်များတွင် “ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး
၏ ထက်ဝက်ကျော် မဲပေးသည့် ဆန္ဒမဲ၏ မဲများဖြင့် အတည်ပြုပြဋ္ဌာန်းလိုက်သည့် ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေသည်......” ဟု ရေးသားထားချက်သည် မူကြမ်းကို လွယ်ကူစွာ အတည်ပြုနိုင် မည်ဖြစ်ကြောင်း၊ ယင်းအချက်သည် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံး၏ လေးပုံတပုံကျော် မဲဖြင့် လွယ်လင့်တကူ အတည်ပြုနိုင်ရန် ဖန်တီးထားခြင်းဖြစ်ကြောင်း အန်အယ်လ်ဒီက ဖော်ပြထား သည်။

ထို့အပြင် ယင်းမူကြမ်း၏ အခန်းအချို့ပါ ပြဋ္ဌာန်းချက်များ ပြင်ဆင်ခွင့်ကိုမူ “ပြည်ထောင်စုလွှတ် တော် ကိုယ်စားလှယ်အားလုံး၏ (၇၅) ရာနှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော်မဲဖြင့်သာ ပြင်ဆင်ရမည်” ဟူသည့် အချက်သည် လွယ်ကူစွာ ပြင်ဆင်၍ မရရန် ပြဋ္ဌာန်းထားချက်ဖြစ်ကြောင်း အန်အယ်လ်ဒီက ထောက်ပြထားသည်။ ဆိုလိုသည်မှာ ပြင်ဆင်ခွင့်ကိုမူ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ နှစ်ပုံတပုံကျော် မဲဖြင့်သာ ပြင်ဆင်ရမည်ဟု ခက်ခဲအောင် ရေးဆွဲထားသည်ဟု အန်အယ်လ်ဒီက တင်ပြသည်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေနှင့် နည်းဥပဒေတို့မှာ စံချိန်စံညွှန်း မမီကြောင်း၊ မဲရေတွက်ခြင်း နှင့် စာရင်းပြုစုခြင်းနှင့် ပတ်သက်၍လည်း စုပေါင်းစာရင်းချုပ်ချိန်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူ လူထု စောင့်ကြည့်လေ့လာခွင့် မရှိသည့်အတွက် ပွင့်လင်းမြင်သာမှုမရှိဘဲ မမှန်မကန်လုပ်နိုင်သည့် အခွင့်အရေးများကို ရရှိစေကြောင်း ကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။

အဆိုပါ မဲစာရင်းပြုစုခြင်းနှင့် ပတ်သက်၍ အန်အယ်လ်ဒီ ပြန်ကြားရေးအဖွဲ့ဝင်တဦးဖြစ်သည့် ဦးသိန်းညွန့်က “မဲပေးပြီးတဲ့အခါကျ မဲရုံမှူးတို့ မဲရုံအဖွဲ့ဝင်တို့က လက်မှတ်ထိုးသလို တဘက်မှာ လည်း သက်သေဆိုတဲ့ နေရာမှာလည်း သက်သေ (၅) ယောက် လက်မှတ်ထိုးဖို့ သတ်မှတ်ပေး ထားတာရှိတယ်။ အဲဒီ သက်သေ (၅) ယောက်က ရပ်ကွက်က လေးစားပြီးတော့ မှန်မှန်ကန်ကန် လုပ်တဲ့ပုဂ္ဂိုလ်များက သက်သေအဖြစ် ပါမယ်ဆိုရင်တော့ ဒီမဲတွေက ပြည်သူတွေ ဆန္ဒပြုတဲ့ အတိုင်း ဖြစ်လာမှာပေါ့။ ဒါပေမယ့် ဒီမဲတွေက သက်ဆိုင်ရာမြို့နယ်ကို ပို့တဲ့အခါ၊ တိုင်းနယ်ပြည် နယ်ပို့တဲ့အခါ ကော်မရှင်ကြီးကို ပို့တဲ့အခါကျတော့ မဲရေတွက်တဲ့အခါမှာတော့ သက်သေမပါ တော့ဘူး။ သက်သေမပါတဲ့အတွက် ကျနော်တို့ ထောက်ပြထားသလို မဲကို ရေတွက်စာရင်းပေါင်း တဲ့အခါမှာ ပြည်သူလူထုက စောင့်ကြည့်လေ့လာခွင့်မရဘူး။ အဲဒီမရတာကိုက မမှန်မကန်တဲ့ အခွင့်အရေးတွေကို လုပ်နိုင်တယ်လို့ ကျနော်တို့ အလေးအနက် ထောက်ပြထားတာပါ” ဟု ပြောသည်။

ကြေညာချက်တွင် အချက်ပေါင်း (၉) ချက်ပါဝင်ပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေး ကော် မရှင်မှာ လွတ်လပ်မှုမရှိဘဲ နအဖ၏ သြဇာသက်ရောက်မှုအောက်တွင်သာ ရှိနေကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်အလက်များကို မဲပေးကြမည့် ပြည်သူအများသိအောင် ကျယ်ကျယ် ပြန့်ပြန့် ချပြခြင်းမရှိကြောင်း၊ အစိုးရဌာနဆိုင်ရာ ၀န်ထမ်းများ၊ စက်ရုံအလုပ်ရုံ အလုပ်သမားများ ထံမှ ထောက်ခံမဲရရှိရန် ကြိုတင်ဆန္ဒမဲ ရယူနေကြောင်း၊ ဆန္ဒခံယူပွဲတွင် သိရှိရမည့် စာရွက် စာ တမ်းများ လိုက်လံဝေငှနေသည့် အန်အယ်လ်ဒီအဖွဲ့ဝင်များအား စစ်ဆေးမေးမြန်း ဖမ်းဆီးမှုများ ရှိနေကြောင်း စသည်တို့ကိုလည်း ဖော်ပြထားသည်။

သို့သော်လည်း ဆန္ဒခံယူပွဲသည် လျှို့ဝှက် ဆန္ဒမဲပေးသည့်စနစ် ဖြစ်သောကြောင့် ပြည်သူလူထု အနေဖြင့် ကြောက်ရွံ့စိုးရိမ်ခြင်းကင်းစွာဖြင့် ဒီမိုကရေစီရရှိရေးအတွက် မဲရုံသို့ သွားကြပြီး ကိုယ့် ကံကြမ္မာ ကိုယ်ဖန်တီးရန် ကြက်ခြေခတ် (X) ၍ မပျက်မကွက် ကန့်ကွက်မဲ ပေးကြရန် အန်အယ်လ်ဒီက ထပ်မံတိုက်တွန်းထားသည်။

အခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲ ပေးကြရန် အန်အယ်လ်ဒီအဖွဲ့ဝင်များ၏ စည်းရုံး လှုံ့ဆော်မှုများသည် ပြည်သူများအကြား တပြည်လုံး အတိုင်းအတာအထိ ပျံ့နှံ့နေကြောင်း အန် အယ်လ်ဒီ ပြောခွင့်ရသူတဦးဖြစ်သည့် ဦးဥာဏ်ဝင်းက ပြောသည်။

၎င်းက “တိုင်းနယ်ပြည်နယ် အကုန်လုံးကို အနှံ့အပြား ရောက်တယ်။ နောက်တခုက အန်အယ်လ်ဒီ တင်မကဘူး အန်အယ်လ်ဒီမဟုတ်သော ပုဂ္ဂိုလ်များကလည်း သူတို့အသိစိတ်ဓာတ်နဲ့ ၀င်ရောက်
ဆောင်ရွက်ပေးနေတာရှိတယ်။ ပြည်မဘက်မှာတော့ ပြည်သူ တော်တော်များများက ကျနော်တို့ ရှင်းပြတာတွေကို သူတို့ကိုယ်တိုင်တောင် နားလည်ပြီးသား ဖြစ်နေတယ်။ သူတို့ကိုယ်တိုင် ဘာ လုပ်ရမလဲဆိုတဲ့အဖြေကို ထုတ်ပြီးသားဖြစ်နေတာ အများအားဖြင့် တွေ့ရတယ်။ ဒါပေမယ့် အဖြေ ထုတ်တဲ့နေရာမှာ ဘယ်လို အမှားအယွင်းရှိမလဲ ဆိုတာတော့ စိုးရိမ်တာပေါ့ဗျာ” ဟု ပြောသည်။
khitpyaing news

ဆက်လက်ဖတ်ရှုရန်...

မြန်မာဝန်ကြီးချုပ် ထိုင်းသို့ အလည်အပတ် သွားရောက်မည်ွ

25-4-2008
နယူးဒေလီ။ ။ လာမည့် မေလတွင် ကျင်းပမည့် ဆန္ဒခံယူပွဲအတွက် အကြီးအကျယ် အလုပ်များနေချိန်တွင် မြန်မာဝန်ကြီးချုပ် ဒုဗိုလ်ချုပ်ကြီး သိန်းစိန်သည် ဤဧပြီလကုန်တွင် ထိုင်းနိုင်ငံသို့ ၂ ရက်ကြာ တရားဝင် အလည်အပတ်ခရီး သွားရောက်မည် ဖြစ်သည်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ဧပြီလ ၂၉-၃ဝ ရက်တွင် ထိုင်းနိုင်ငံသို့ အလည်အပတ် သွားရောက်ရန် စီစဉ်ထားသည့် မြန်မာဝန်ကြီးချုပ်သည် ထိုင်းဝန်ကြီးချုပ် စမတ် ဆွန်ထော်ရဝေ့ခ်ျ (Samak Sundaravej) ၊ နိုင်ငံခြားရေးဝန်ကြီး နွပ်ဖဒွန်း (Noppadon) တို့နှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။

“ဤအလည်အပတ် ခရီးစဉ်သည် နိုင်ငံအကြား လှိုက်လှဲသော ဆက်ဆံရေးကို ပေါ်ပေါက်စေမည် ဖြစ်သလို၊ လယ်ယာ အငှါးချထားခြင်း လုပ်ငန်းများ မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ လုပ်ကိုင်ရန် အတွက်လည်း နားလည်မှု စာချွန်လွှာများ လက်မှတ် ရေးထိုးကြလိမ့်မည် ဖြစ်သည်” ဟု ဧပြီလ ၁၇ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သောသတင်း ကြေညာချက်က ဆိုသည်။

မြန်မာစစ်တပ် အသိုင်းအဝိုင်းနှင့် နီးစပ်သော သတင်းရပ်ကွက်များ၏ အဆိုအရ ဦးသိန်းစိန်သည် ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံသည့်အခါ ထိုင်းနှင့်ထားဝယ် ဆက်သွယ်ဖေါက်လုပ်ထားမည့် ၄ လမ်းသွား မော်တော်ကားလမ်း နှင့် ရထား လမ်းဒွေးလမ်းတို့ ပါဝင်သည့် ထားဝယ် ရေနက်ဆိပ်ကမ်း အပါအဝင် စာချုပ် အများအပြားကို လက်မှတ် ရေးထိုးဘွယ်ရှိသည်ဟု ဆိုသည်။

“စာချုပ်မှာ ထားဝယ်-ရန်ကုန် အချင်း ၅ လက်မရှိ ဓါတ်ငွေ့ပိုက်လိုင်းနဲ့ ထားဝယ်နှင့် ရန်ကုန်မြို့တွေမှာ တည်ဆောက်မဲ့ ဓါတ်ငွေ့စက်ရုံတို့ပါ ပါဝင်မှာပါ” ဟု အဆိုပါ သတင်းရပ်ကွက်ကပင် ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

ယခု ခရီးစဉ်သည် ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့စဉ်က မြန်မာစစ်အစိုးရက ပေးအပ်ခဲ့သည့် ကတိအရ လာရောက်လည်ပတ်သည့် အပြန်အလှန် လည်ပတ်မှု ဖြစ်နိုင်ကြောင်းဖြင့် ထိုင်းအခြေစိုက် မြန်မာ့စစ်ရေးအကဲခတ် ဦးဝင်းမင်းက ဆိုလိုက်ပါသည်။

“ဒါပေမဲ့ လာရောက် လည်ပတ်တဲ့အချိန်က ဆန္ဒခံယူပွဲ ကျင်းပခါနီး အချိန်ဆိုတော့ စိတ်ဝင်စားစရာ ကောင်းနေပါတယ်” ဟု ဦးဝင်းမင်းက ဆိုလိုက်ပါသည်။

မြန်မာစစ်အစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို အတည်ပြုရန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ တရပ်ကို မေလတွင် ကျင်းပမည်ဟု ကြေညာထားပြီး အဆိုပါ ဆန္ဒခံယူပွဲ၌ ထောက်ခံမဲ ရရှိရေးအတွက် အကြီးအကျယ် ပြင်ဆင်မှုများ လုပ်နေသည်ဟု သတင်းများ ရရှိသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ဖြစ်လျှင် မြန်မာ စစ်အာဏာရှင်များက ယင်းတို့၏ တရားဝင်မှုကို ပြည်တွင်းရော ပြည်ပတွင်ပါ ပြောဆိုနိုင်တော့မည် ဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ အတိုက်အခံ အုပ်စုများနှင့် အနောက်နိုင်ငံများက စစ်အစိုးရ၏ ဆန္ဒခံယူပွဲ ဖြစ်စဉ်သည် “တရားမျှတမှုနှင့် လွတ်လပ်မှု” မရှိကြောင်း ဝေဘန် ပြောဆိုနေကြသည်။ အဆိုပါ ဆန္ဒခံယူပွဲတွင် ထောက်ခံမဲ ရရှိရေးအတွက် မဲဆန္ဒရှင်များကို ခြိမ်းခြောက်မှုများ လုပ်နေပြီး မဲခိုးမဲလိမ်မှုများလည်း ဖြစ်နိုင်ဘွယ်ရှိသည်ဟု ခန့်မှန်း ပြောဆိုနေကြသည်။

“အနောက်နိုင်ငံတွေက ခုလို ဝေဘန်မှုတွေ ရှိနေတာဆိုတော့ ခြိမ်းခြောက်တာတွေ၊ မဲခိုးတာတွေ ရှိနေဦးတော့ ထွက်လာတဲ့ ဆန္ဒခံယူပွဲ ရလဒ်ကို ထိုင်းနိုင်ငံ ထောက်ခံလာအောင် နအဖက လော်ဘီ လုပ်မှာဘဲ” ဟု ဦးဝင်းမင်းက ပြောဆိုသွားပါသည်။ မြန်မာစစ်အစိုးရ၏ တရားဝင်အမည် “နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ” (နအဖ) ကို ရည်ညွှန်းပြောဆိုသွားခြင်း ဖြစ်သည်။

စစ်အစိုးရသည် ဤသို့ ထောက်ခံမှုများ ရရှိရေးအတွက် အိမ်နီးချင်း နိုင်ငံများဖြစ်သည့် ထိုင်း၊ အိန္ဒိယ၊ တရုတ် နှင့် အာဆီယံနိုင်ငံများသို့ ဂရုတစိုက် စီစဉ်ထားသည့် လော်ဘီ ခရီးစဉ်များ ထွက်လျက် ရှိသည်ဟုလည်း သူကပင် ဆက်လက် ပြောဆိုသွားပါသည်။

“ရွေးကောက်ပွဲအပြီး အခြေအနေအပေါ် ထောက်ခံမှု ရရှိဘို့အတွက် အိမ်နီးချင်းနိုင်ငံတွေကို စီးပွါးရေး အခွင့်အရေးတွေ ပေးပြီး ဆွဲဆောင်ဘို့ နအဖက စီစဉ် လုပ်ဆောင်နေတယ်။ ကုလားတန် ရေလမ်း အသုံးပြုခွင့်ကို အိန္ဒိယကို ပေးလိုက်ပြီး၊ ရခိုင် ရေနက်ဆိပ်ကမ်းကိုတော့ တရုတ်ကို ပေးလိုက်တယ်။ အခုလည်း ထားဝယ် ရေနက်ဆိပ်ကမ်းကို ထိုင်းကိုပေးဘို့ လုပ်နေပြန်ပြီ” ဟု ဦးဝင်းမင်းက မဇ္ဈိမသို့ ပြောကြားသွားပါသည်။

မြန်မာနိုင်ငံ စစ်အစိုးရ ဒုတိယအကြီးအကဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး ယခု ဧပြီလဆန်းပိုင်းတွင် အိန္ဒိယနိုင်ငံသို့ အလည်အပတ် လာရောက်စဉ် ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်း ဖေါ်ထုတ်ရန် အိန္ဒိယအစိုးရနှင့် စာချုပ်တရပ် လက်မှတ် ရေးထိုးခဲ့ပါသည်။

ထိုအတောအတွင်း အစိုးရပိုင် စီးပွါးရေးလုပ်ငန်း ၂ဝ ကျော်ကို ပုဂ္ဂလိက ကုမ္ပဏီများသို့ လေလံတင် ရောင်းချမည်ဟုလည်း မြန်မာစစ်အစိုးရက အင်္ဂါနေ့တွင် ကြေညာသွားပါသည်။

ဤလုပ်ရပ်ကို ကြည့်ခြင်းဖြင့် မြန်မာစစ်အစိုးရသည် ယင်း၏ ဝန်ထုပ်ဝန်ပိုးများကို ဆက်လက် မထမ်းထားနိုင်တော့ကြောင်းနှင့် ဆက်လက် မထိန်းသိမ်းထားနိုင်တော့ကြောင်း နောက်ထပ် ပြဆိုလိုက်ခြင်းလည်း ဖြစ်သည်။ အလားတူပင် မြန်မာ စစ်အစိုးရကို ထောက်ခံရန် ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းရှင်များကို အလားတူ စီးပွါးရေး အခွင့်အလမ်းများပေး၍ ဆွဲဆောင်ခြင်း မပြုနိုင်ကြောင်းလည်း ပြဆိုနေသည်။
mizzima news

ဆက်လက်ဖတ်ရှုရန်...

ဒေါ်အောင်ဆန်းစုကြည်ကို ကွန်ဂရက်စ်ရဲ့ ရွှေတံဆိပ်ချီးမြှင့်ဖို့ အထက်လွှတ်တော် အတည်ပြု

25-4-2008
အမေရိကန်ပြည်ထောင်စုမှာ ကွန်ဂရက်စ်
လွှတ်တော်က ချီးမြှင့်တဲ့ ရွှေတံဆိပ်ဆုကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ကို ချီးမြှင့်ဖို့ အမေရိကန် အထက်လွှတ်တော်က တညီတညွတ်တည်း ဆုံးဖြတ်လိုက်ပါတယ်။
ဒီဆုဟာ ကွန်ဂရက်စ်လွှတ်တော်က အရပ်သား
တွေကိုချီးမြှင့်တဲ့ ဆုတွေထဲက အမြင့်ဆုံးဆုဖြစ်ပါ
တယ်။ အမေရိကန်အောက်လွှတ်တော်က ဒေါ်အောင်ဆန်းစုကြည်ကို ဆုချီးမြှင့်ဖို့ အရင်က
အတည်ပြုခဲ့ပြီး အခု အထက်လွှတ်တော်က ထပ်မံ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

အရင်က ဒီလိုဆုမျိုးကို ဗြိတိန်ဝန်ကြီးချုပ်ဟောင်း
ဝင်စတန် ချာချီ (Winston Churchill)၊ မေတ္တာရှင် ဖွားသီလရှင်ကြီး မာသာထရီဆာ (Mother Teresa)၊ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါ်လ်
(John Paul)၊ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလား (Nelson
Mandela) နဲ့ တိဘက်ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားတို့ကို ချီးမြှင့်ခဲ့ဖူးပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ဆုချီးမြှင့်တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲစွမ်း
သတ္တိနဲ့ ခိုင်မာတဲ့ ယုံကြည်ချက်ကို လေးစားတဲ့အကြောင်း ပြသလိုက်တာလို့ ဒီမိုကရက် အထက်လွှတ်တော်အမတ် ဒိုင်ယန် ဖိုင်းစတိုင်း (Deanne Feinstein) က ပြောပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ဆုချီးမြှင့်ဖို့အတွက် ဒီမိုကရက် အထက်လွှတ်တော်
အမတ် ဒိုင်ယန် ဖိုင်းစတိုင်းဟာ ရီပတ်ဘလင်ကန် အထက်လွှတ်တော်အမတ်
မစ်ခ်ျ မက်ကော်နယ်လ် (Mitch McConnell) နဲ့ အတူ ပူးတွဲအဆိုပြုခဲ့တာ ဖြစ်ပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စုက ဆုချီးမြှင့်ပြီး မြန်မာ့ ဒီမိုကရေစီရေးလှုပ်ရှားမှုကို အသိအမှတ်ပြုပေမယ့်လည်း မြန်မာစစ်အစိုးရကတော့ လူထုဆန္ဒခံယူပွဲနဲ့ အတည်ပြုနိုင်ရေး ပြင်ဆင်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြားသားကို လက်ထပ်တယ်ဆိုပြီး ရွေးကောက်ပွဲမှာ
ယှဉ်ပြိုင်ခွင့်ကို ပိတ်ပင်ထားပါတယ်။
VOA NEWS
emailme.gif

ဆက်လက်ဖတ်ရှုရန်...

Wednesday, April 23, 2008

ပြည်ပရောက် မြန်မာနိုင်ငံသားများ အခြေခံဥပဒေ အတည်ပြုရေး အဝေးရောက်ဆန္ဒမဲ ပေးနိုင်ပြီ

23-4-2008
ပြည်ပနိုင်ငံများတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအား အတည်ပြုရေး အဝေးရောက်ဆန္ဒမဲပေး ရေးကို သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများတွင် ဧပြီလနှောင်းပိုင်းမှစတင်၍ မဲပေးနေကြပြီဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ အဝေးရောက် ဆန္ဒမဲ ပေးမှုအစီအစဉ်ကို တောင်ကိုရီးယား၊ စင်္ကာပူ၊ ဂျပန်၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့ တွင် စတင်နေပြီဖြစ်သည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးတွင် ဧပြီလ ၁၉ ရက်နေ့မှ ၂၇ ရက်နေ့ အတွင်း နံနက် ၉ နာရီ ၃၀ မိနစ်မှ ညနေ ၅ နာရီ အထိလည်းကောင်း၊ စကာင်္ပူနိုင်ငံရှိ မြန်မာ သံရုံးတွင် ဧပြီလ ၂၅ ရက်မှ ၂၉ ရက်အတွင်းလည်းကောင်း၊ တောင်ကိုရီးယားရှိ မြန်မာသံရုံးက ဧပြီ ၂၇ ရက်တွင်လည်းကောင်း၊ ဂျပန်နိုင်ငံရှိ မြန်မာသံရုံးတွင် ဧပြီလ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့များတွင်လည်းကောင်း၊ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးတွင် ဧပြီ ၂၂ ရက်နေ့မှ စ၍ ဧပြီလ ၂၇ ရက်နေ့ အတွင်း နံနက် ၆ နာရီမှ ညနေ ၄ နာရီ အထိ လည်းကောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း ၂၀၀၈ အား အတည်ပြုနိုင်ရေး လာရောက်ဆန္ဒမဲများပေးကြရန် ဧပြီလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့ များတွင် သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများမှ မြန်မာနိုင်ငံ သားများထံသို့ ဖိတ်စာများပေးပို့၍ အသိပေးကြေညာချက်များ ထုတ်ပြန်ပေးပို့ ထားကြောင်းသိရှိရသည်။

ယင်းသို့ ဆန္ဒမဲလာရောက်ပေးရာတွင် မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားများနှင့် နိုင်ငံကူးလက်မှတ်ကို ယူဆောင်လာကြရန် အကြောင်းကြားထားသည်။

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား ၁ သိန်း ၈ သောင်းခန့် တရားဝင် နိုင်ငံကူး လက်မှတ် နှင့် နေထိုင်လုပ်ကိုင်နေကြပြီး တောင်ကိုရီးယားတွင် လက်ရှိ မြန်မာနိုင်ငံသား ၂၀၀၀ ခန့်ရှိကြောင်းသိရသည်။ ဂျပန်နိုင်ငံတွင် ဗီဇာရက်လွန်နေထိုင်သူ မြန်မာနိုင်ငံသား ၃ဝဝဝ ခန့်ရှိပြီး၊ ဗီဇာသက်တမ်း မကုန် သေးသူပေါင်း ၅ဝဝဝ ကျော်ရှိမည်ဟု ခန့်မှန်းရသည်။

အဆိုပါ ဆန္ဒမဲပေးရေးအတွက် ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ တောင်ကိုရီးယားတွင် နေထိုင်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအား ထောက်ခံမဲ ပေးရန် တိုက်တွန်းစည်းရုံးမှုများ ပြုလုပ်နေပြီး မြန်မာနိုင်ငံသားတချို့မှ လာမည့် ၂၇ ရက်နေ့တွင် ထောက်ခံမဲပေးနိုင်ဖွယ်ရှိကြောင်း မြန်မာ့အရေးလှုပ် ရှားသူတစ်ဦးမှ ပြောကြားသွားခဲ့သည်။

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့၌ ဧပြီလ ၂၂ ရက်နေ့ ညနေပိုင်းတွင် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံရေးသမားများနှင့် စာပေအသိုင်း အဝိုင်းက ဦးဆောင်ဖွဲ့စည်းထားသည့် ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ၏ အစီအစဉ်ဖြင့် ပြည်ဝင်ခွင့်ဗီဇာ သက်တမ်းလွန် မြန်မာနိုင်ငံသား ၁ဝဝ ကျော်တို့က အဝေးရောက် ဆန္ဒမဲထည့်ဝင်ခွင့်ပေးရေးကို ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ဆိုးလ်မြို့ မြန်မာသံရုံးရှေ့တွင်လည်း ဧပြီလ ၂၇ ရက်နေ့တွင် ကန့်ကွက်ပါသည်ဆိုသည့် ကန့်ကွက်မဲပုံးကြီးထောင်၍ မြန်မာ့အရေးလှုပ်ရှား သူများ စုဝေးပြီးဆန္ဒပြရန် စီစဉ်ထားကြသည်။ အလားတူ စင်္ကာပူနိုင်ငံရှိ မြန်မာ့ဒီမိုကရေစီရေး လိုလားသူများကလည်း ဧပြီ ၂၇ ရက်နေ့တွင် မြန်မာ သံရုံးသို့ သွားရောက်၍ ကန့်ကွက်မဲပေးရေး လှုပ်ရှားမှုများပြုလုပ်ရန် စီစဉ်လျှက်ရှိသည်။
Myanmarforum news

ဆက်လက်ဖတ်ရှုရန်...

မိမိကိုယ်ကို မီးရှို့ဆန္ဒပြသူ ကွယ်လွန်

23-4-2008
ချင်းမိုင်။ ။ ရွှေတိဂုံဘုရားပေါ်တွင် မိမိကိုယ်ကို မီးရှို့ခဲ့သဖြင့် ဒဏ်ရာ အပြင်းအထန် ရရှိသွားသူ လူငယ်သည် ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ပြီးခဲ့သည့်ရက်ပိုင်းက သေဆုံးသွားပြီ ဖြစ်ကြောင်း ရန်ကုန်မှလာသော အေပီ သတင်းတပုဒ်က ဆိုသည်။

ဆေးရုံမှ အရာရှိတဦးကို ကိုးကားသော သတင်းအရ ခန္ဓာကိုယ်တွင် (၆၀) ရာခိုင်နှုန်းကျော် မီးလောင်ခံထားရသူ အသက် (၂၆) နှစ်အရွယ် ကိုကျော်ဇင်နိုင်သည် ယခုလ (၁၇) ရက်နေ့ ကတည်းက သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ဇာတိဖြစ်သူ ကိုဇင်နိုင်သည် မတ်လ (၂၁) ရက်နေ့၊ သောကြာနေ့က ရွှေတိဂုံ ဘုရားပေါ်တွင် လူစည်ကားချိန်၌ ဓာတ်ဆီလောင်းပြီး မိမိကိုယ်ကို မီးရှို့ဆန္ဒပြရာ လုံခြုံရေးများက ၀ိုင်းဝန်း ဆေးရုံပို့ခဲ့သည်။

မျက်မြင်သက်သေများကို ကိုးကားသော အစောပိုင်း သတင်းများအရ ကိုကျော်ဇင်နိုင်သည် ကိုယ်ကို မီးရှို့ခြင်း မပြုလုပ်မီတွင် ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် စားဝတ်နေရေး အခက်အခဲများကို ရေရွတ် ပြောဆိုပြီးနောက် "စစ်အစိုးရ ကျဆုံးပါစေ" ဟု အော်ဟစ်ခဲ့သည်ဟု ဆိုသည်။

စစ်အစိုးရ အုပ်ချုပ်သော မြန်မာပြည်တွင် ကုန်ဈေးနှုန်းကြီး ကျဆင်းရေး ဆန္ဒပြမှုများ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ဆက်တိုက် ဖြစ်ပွားခဲ့သည်။

သို့သော် ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ရာ တိုင်းပြည်တွင် အစိုးရအပေါ် မကျေနပ်ရာမှ ယခုကဲ့သို့ မိမိကိုယ်ကို သေကြောင်း ကြံစည်သည်အထိ စွန့်စားမှုမျိုးသည် ပထမဦးဆုံး ဖြစ်သည်။
Mizzima news

ဆက်လက်ဖတ်ရှုရန်...

တိုင်းမှူးများနှင့် ဝန်ကြီးများလည်း ထောက်ခံမဲထည့်ရေး စည်းရုံးနေ

23-4-2008
စစ်အစိုးရ တိုင်းမှူးများနှင့် ဌာနဆိုင်ရာ ဝန်ကြီးများနှင့် အရာရှိများက လာမည့် မေလ ၁၀ရက်နေ့တွင်ကျင်းပ မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် ထောက်ခံမဲပေးရန် စည်းရုံးရေးဆင်းနေကြောင်း သိရသည်။

မကြာသေးခင်က မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချူပ်အုန်းမြင့်သည် ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ဗန်းမော် မြို့နယ်များရှိ ဒေသဆိုင်ရာ အဏာပိုင်များနှင့် ကြံ့ဖွံ့အဖွဲ့ဝင်များကိုတွေ့ဆုံကာ ယင်းဒေသခံများ ထောက်ခံမဲ ထည့်ရေးအတွက် စည်းရုံးလှုံ့ဆော်ရန် တိုက်တွန်း ပြောကြားခဲ့ ကြောင်းကို မြစ်ကြီးနား ဒေသခံတဦးကပြောသည်။

“မြစ်ကြီးနားဒေသခံတွေကို ထောက်ခံမဲပေးရမယ်၊ ထောက်ခံမဲထည့်ရင် လက်ကိုင်ဖုန်းချပေးမယ်၊ ကန့်ကွက်မဲ ပေးတဲ့သူတွေကိုတော့ အရေးယူထောင်ချခံရမယ်လို့ အာဏာပိုင်တွေက ခြိမ်းခြောက်တယ်”ဟု ၎င်းကဆိုသည်။

မတ်လအစောပိုင်းကလည်း ရန်ကုန်တိုင်းတိုင်းမှူး ဗိုလ်ချုပ်လှဌေးဝင်းနှင့် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် မောင်ဦးတို့ ၏ ညွန်ကြားချက်အရ ရယက အဖွဲ့ဝင်များက ဒေသခံများကို ထောက်ခံမဲပေးကြရန် စည်းရုံး နေကြောင်းကို ရန်ကုန်မြို့ခံ တဦးကပြောသည်။

တချိန်တည်းတွင် ဌာနဆိုင်ရာ ၀န်ကြီးများနှင့်အရာရှိများသည်လည်း ထောက်ခံမဲထည့်ရေးအတွက် သက်ဆိုင်ရာ ဌာနများသို့ သွားရောက်၍ စည်းရုံးရေးဆင်းနေသည် လည်းဟုသိရသည်။

မန္တလေးတိုင်း ကျောက်ဆည်ခရိုင် အိုင်ကုန်း စက်မှုလယ်ယာစက်ရုံတွင် စက်မှုလယ်ယာ ညွန်ချူပ် က ပြီးခဲ့သည့် အပတ် နှစ်ဆန်း ၂ ရက်နေ့က စက်မှုဝန်ထမ်းများအားလုံးကို ဒီမိုကရေစီစနစ်ကို လိုလားလျင် ထောက်ခံမဲပေးကြရန် ပြောကြားကြောင်း ၎င်းစက်ရုံမှ လုပ်သားတဦးကပြောသည်။

မန္တလေးမြို့မှ အသက်၂၃နှစ်ရှိသူ ၀န်ထမ်းတဦးကမူ“မဲကိုတခါးမှ မပေးဖူးဘူးဆိုတော့ ပေးဖူးသည်ရှိ အောင်တော့ သွားပေးမယ် ပေးရင်လည်း No ပဲထည့်မယ်” ဟု ပြောသည်။

မန္တလေးရှိ အစိုးရဌာနဆိုင်ရာများတွင် လုပ်ကိုင်နေသည့် လက်ထောက်မန်နေဂျာ တဦးနှင့် မောင်နှမတချို့ ကလည်း ဆန္ဒခံယူပွဲမဲကို လွတ်လပ်စွာပေးနိုင်ရန် ကြိုတင် ဆေးပင်စင် တင်ထားကြောင်းကို ထိုမိသားစုနှင့် နီးစပ်သူ တဦးက ယခုလိုပြောသည်။

“အဲဒီ လက်ထောက်မန်နေဂျာက လစာ ကျပ် ၈ သောင်းလောက်ရနေပြီ။ သူ့အစ်မ က မယက မှာ လူကြီး တယောက်ပဲ၊ သူ့ညီမက မြို့နယ်ပညာရေးမှူးရုံးမှာ အရာရှိဖြစ်နေပြီ အဲဒါကိုသူတို့တွေက သူတို့ဘာသာ သူတို့ဆေးပင်စင် တင်လိုက်ကြတယ်” ဟု ၎င်းကပြောသည်။

တချို့သောသာမန် လခစား အလုပ်သမားများကလည်း ကန့်ကွက်မဲ ပေးမည် ဟုပြောကြောင်းလည်း သိရ သည်။

ပြည်ပအခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ သုတေသနမှူး ဦးဌေးအောင်က စစ်ဗိုလ်ချုပ်များ အနေနှင့် အခြေခံဥပဒေ အတည်ပြုဆန္ဒခံယူပွဲ အောင်မြင်ရေးသည် သူတို့၏ တာဝန်ဖြစ်၍ အောင်မြင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောသည်။

“ဒီ စစ်အစိုးရက တော့ သူတို့ရဲ့ လမ်းပြမြေပုံ ၇ ဆင့် အတိုင်း အခြေခံဥပဒေ ဆန္ဒခံယူပွဲအောင်မြင်အောင် လုပ်သွားမှာပဲ”ဟု ဦးဌေးအောင်က ပြောဆိုသည်။

ယနေ့အစိုးရထုတ်မြန်မာ့အလင်းသတင်းစာတွင် အနောက်ပိုင်းတိုင်း တိုင်းမှူးဗိုလ်ချူပ်မောင်ရှိန်နှင့် ကြံ့ဖွံ့ဗဟို အလုပ်အမှုဆောင် ပို့ဆောင်ရေး ဝန်ကြီး ဗိုလ်ချူပ်သိန်းဆွေ တို့သည် ဧပြီလ ၁၉ရက်နေ့တွင် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် နှင့်စစ်တွေမြို့နယ် များရှိပြည်သူများနှင့် တွေ့ဆုံ အမှာစကားပြောကြားသည်ဟု ပါရှိ သည်။

ကြံ့ဖွံ့ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီးဦးအောင်သောင်းသည်လည်း မြင်းခြံခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး အစည်းအဝေးခန်းမဆောင်၌ မန္တလေးတိုင်း ကြံ့ဖွံ့ အလုပ် အမှုဆောင်နှင့်မြင်းခြံခရိုင် မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး နှင့်ငါန်းဇွန်မြို့နယ်များမှကြံ့ဖွံ့အတွင်း ရေးမှူးနှင့် အလုပ်အမှုဆောင်များကိုတွေ့ဆုံခဲ့ကြောင်းပါရှိသည်။ [Top]
Irrawaddy news

ဆက်လက်ဖတ်ရှုရန်...

Tuesday, April 22, 2008

ရန်ကုန်မြို့၌ ပေါက်ကွဲမှုနှစ်ခုဖြစ်ပွား ယာဉ်နှစ်စီး အနည်းငယ်ချို့ယွင်းပျက်စီးပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိ အကြမ်းဖက်အဖျက်သမားအား ပြည်သူလူထုက ပူးပေါင်

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်နှင့် ပန်းဘဲတန်းမြို့နယ်တို့၌ ဧပြီ ၂၀ ရက် ညက ပေါက်ကွဲမှု နှစ်ခု ဖြစ်ပွားခဲ့သဖြင့် ယာဉ်နှစ်စီး အနည်းငယ် ချို့ယွင်း ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းသိရှိရသည်။

ဧပြီ ၂၀ ရက် ည ၇ နာရီ ၅၅ မိနစ်တွင် ကျောက်တံတားမြို့နယ်၊ (၃) ရပ်ကွက် ၃၆ လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့် အနီးရှိ ABC စားသောက်ဆိုင်ဘေး ၃၆ လမ်းတွင် ရပ်ထားသည့် အငှားယာဉ်အမှတ် ခခ/၁၀၂၉ SUBARU အမျိုးအစား ယာဉ်၏ ရှေ့ဘက်ခြမ်းနှင့် ဘယ်ဘက် ဖလက်ဖောင်းကြားတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် အဆိုပါ ယာဉ်၏ ရှေ့လေကာမှန်အက်ကွဲခြင်း၊ ဘယ်တံခါး ပိန်ချိုင့်ပြီး မှန်အက်ကွဲခြင်း၊ နောက်ဆွဲတံခါးမှန်ကွဲခြင်းနှင့် ရှေ့ဘီးကြွဲုခင်းများဖြစ်ပွားခဲ့ကြောင်း၊ ထို့အတူ ည ၉ နာရီ ၁၀ မိနစ်တွင်လည်း ပန်းပဲတန်းမြို့နယ် (၁၁) ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ၃၂ လမ်းထောင့်ရှိ ကုန်သည်ကြီးများဟိုတယ် နောက်ဘက်တွင် ရပ်ထားသော ယာဉ်အမှတ် ပ/၇၀၆၂ Toyota Corona GX Salon အမျိုးအစား အဖြူရောင်ယာဉ်၏ အောက်တွင် ပေါက်ကွဲမှု တစ်ခု ထပ်မံဖြစ်ပွားခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် လမ်းပေါ်တွင် အကျယ် ၅ လက်မ၊ အနက် ၂ လက်မခန့်ရှိ ကျင်းတစ်ခု ဖြစ်ပေါ်ခဲ့ပြီး Corona ယာဉ်၏ နောက်ထိုင်ခုံနှင့် ယာဘက်ခြေနင်းပျက်စီးခြင်း၊ ယာဉ်ကြမ်းပြင် ၁၂ လက်မခန့် ပျက်စီးခြင်း၊ နောက်ဘန်ကာ ပြုတ်ထွက်ခြင်း၊ နောက်လေကာမှန်ပြုတ်ထွက်ခြင်း၊ ရှေ့ဘယ်ဘီးပေါက်ခြင်း၊ ဘယ်အချက်ပြမီး ပြုတ်ထွက် ခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ယင်းကဲ့သို့ ပေါက်ကွဲမှုများနှင့် စပ်လျဉ်းပြီး အဖျက်လုပ်ရပ်များအပေါ် မလိုလားသော တာဝန်သိပြည်သူအချို့၏ ၀ိုင်းဝန်း ကူညီ သတင်းပေးပို့ခဲ့မှုကြောင့် ဖောက်ခွဲမှု ကျူးလွန်ခဲ့သူမှာ မုန်တိုင်းဟူသည့် အမည်ဝှက်ဖြင့် တစ်ဖက်နိုင်ငံ နယ်စပ် စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့ (VBSW) တွင် ဖောက်ခွဲဖျက်ဆီးရေးသင်တန်း တက်ရောက်ခဲ့ကာ ပြည်တွင်း၌ အဖျက်လုပ်ငန်းများလုပ်ဆောင်ရန် တာဝန်ပေးစေလွှတ်ခံရသူဖြစ်ကြောင်း ဖော်ထုတ် သိရှိရသည်။

မဟာသင်္ကြန်ပွဲတော်နှင့် နှစ်သစ်ကူး ရုံးပိတ်ရက်ရှည်ပြီးဆုံး၍ နှစ်သစ်တွင် စိတ်ချမ်းမြေ့စွာ လွတ်လပ်တက်ကြွ ပျော်ရွှင် နေချိန်၌ ယခုကဲ့သို့ အကြမ်းဖက် အဖျက်လုပ်ရပ် ဖြစ်ပေါ်ခဲ့သဖြင့် ဤသတင်းကို ကြားသိရသည့် ပြည်သူများနှင့် ရန်ကုန်မြို့ရှိ ပြည်သူများအနေဖြင့် အမျက်ဒေါသဖြစ်ကာ မခံမရပ်နိုင်ဖြစ်နေကြကြောင်း သိရှိရသည်။

ဖောက်ခွဲဖျက်ဆီးရေးသမားမှာ အရပ် ၅ပေ ၆လက်မခန့်၊ အသားလတ်၊ ဆံပင်ကုပ်ထောက်၊ မျက်နှာသွယ်၊ အသက် (၃၀) ခန့်ရှိပြီး ၎င်း၏ ပုံပန်းသဏ္ဍန်ကို လုံခြုံရေးကင်မရာများမှ တစ်ဆင့် မှတ်တမ်းတင်နိုင်ခဲ့သဖြင့် ၎င်း၏ ဓာတ်ပုံအား ပြည်သူများ သိရှိနိုင်ရန် ဖော်ပြထားပြီး ၎င်းအား တွေ့ရှိပါက နီးစပ်ရာရဲတပ်ဖွဲ့၊ ရဲစခန်းအပါအ၀င် တာဝန်ရှိ အဖွဲ့အစည်း အသီးသီးသို့ သတင်းပေးတိုင်ကြား၍ ၀ိုင်းဝန်းကူညီဖော်ထုတ် ဖမ်းဆီးပေးကြရန် သက်ဆိုင်ရာက တိုက်တွန်းနှိုးဆော် ထားကြောင်း သတင်းရရှိသည်။

ကြေးမုံသတင်းစာ (၂၂-၄-၂၀၀၈)

ဆက်လက်ဖတ်ရှုရန်...

နအဖ အစိုးရက ထောက်ခံမဲထည့်ရန် လှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်နေ

22-4-2008
မြန်မာစစ်အစိုးရအနေနှင့် နေ့စဉ်ထုတ်သတင်းစာများ၊ ရုပ်မြင်သံကြားများတွင် အခြေခံ ဥပဒေကိုထောက်ခံရန် ပြင်းထန်စွာ လှုပ်ရှားမှုများ ပြုလုပ်၍ လူထုကို တိုက်တွန်းနှိုးဆော်နေသော်လည်း လူထုကမူ ထိုသို့တိုက်တွန်းနေခြင်းကြောင့် ပိုမို၍ ကန့်ကွက်ချင်နေကြောင်း ကြားသိရသည်။

ယခုအခါ စစ်အစိုးရက ၎င်းတို့ပိုင် နေ့စဉ်ထုတ် သတင်းစာများတွင် ရှေ့မျက်နှာဖုံး၌ “အခြေခံဥပဒေ အတည်ပြုရေးသည် ယနေ့ ပြည်သူအားလုံး၏ အမျိုးသားရေး တာဝန် ဖြစ်သည်။ အမျိုးသားရေး အကျိုး လိုလားသူတိုင်း ထောက်ခံမဲ ပေးကြစို့” ဆိုသည့် ဆောင်ပုဒ်၊ ကျောဖုံး၌ “ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို တခဲနက် ထောက်ခံမဲ ပေးကြစို့”၊ “ဘယ်သူခွဲခွဲ ဒို့မကွဲ ပေးကြပါစို့ ထောက်ခံမဲ”၊ “အခြေခံဥပဒေ အတည်ပြုရေး မဲရုံသွား၍ ထောက်ခံမဲပေး” စသည့် ဆောင်ပုဒ်များကို နေ့စဉ် ထည့်သွင်းဖော်ပြလျှက် ရှိသည်။

ထို့ပြင်ရုပ်မြင်သံကြားများတွင်လည်း ထောက်ခံမဲပေးရန် သီချင်းများဖြင့်လည်းကောင်း၊ ဇာတ်လမ်းတိုများဖြင့် လည်းကောင်း အနုပညာရှင်များကို အသုံးချကာ နေ့စဉ် အချိန်တိုင်း ထုတ်လွှင့်လျှက်ရှိသောကြောင့် ရုပ်မြင်သံကြားကြည့် ပရိသတ်များ စိတ်အနှောင့်အယှက် ဖြစ်နေရကြောင်း ကြားသိရသည်။

“ညနေ ၄ နာရီ ရုပ်မြင်သံကြား စပြတဲ့အချိန်ကနေစပြီး သီချင်းတပုဒ်ကို ငါးခါလောက် ပြန်ပြန်လွှင့်တယ်။ ၇ နာရီ ကိုရီးယား ကား မလာခင်အထိပဲ။ ၈ နာရီ သတင်းပြီးတော့လည်း ညပိုင်း ဇာတ်လမ်း မလာခင်အထိ လွှင့်နေပြန်ကော။ အဲလိုတွေ မြင်နေရတာနဲ့တင် ထောက်ခံချင်စိတ်မရှိဘူး” ဟု ရန်ကုန်နေ အိမ်ရှင်မတဦးက ပြောသည်။

ဇာတ်လမ်းတိုများတွင် ပါဝင်သရုပ်ဆောင်သူများနှင့် ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ စသည်တို့ကို ဖော်ပြခြင်းမရှိဘဲ ဇာတ်လမ်းအပြီးတွင်မှ ဤဇာတ်ကား ဖြစ်မြောက်ရေး အတွက် ကူညီသူများကို ကျေးဇူးတင်ပါသည် ဟူ၍သာ ပါရှိကြောင်း သိရသည်။

ထို့ပြင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင် များ စသည့် စစ်အစိုးရ၏ အဖွဲ့အစည်းများက ထောက်ခံမဲပေးရန် လက်ကမ်း ကြော်ငြာ စာရွက်များ ဝေလျှက်ရှိကြောင်း သိရသည်။

“မိခင်နဲ့ကလေးက ဝေတဲ့စာရွက်ဆိုရင် အရှေ့စာမျက်နှာမှာ အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ရောဂါတွေအကြောင်း ပညာပေး ရေးထားပြီး အနောက်ဘက်မှာ ထောက်ခံမဲ ပေးဖို့ ရေးထားတယ်။ မီးသတ်ကဆိုရင်လည်း မီးလောင်ရင် ဘယ်လိုငြိမ်းသတ် မလဲ ဆိုတာမျိုးကို ရှေ့စာမျက်နှာမှာ ရေးထားပြီး အနောက်ဘက်မှာ ထောက်ခံမဲပေးဖို့ ရေးထားတယ်” ဟု ရန်ကုန်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင် တဦးကပြောသည်။

ကချင်ပြည်နယ်ရှိ ကျေးရွာတချို့တွင်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်များက “မဲရုံသို့ သွားကြစို့၊ ထောက်ခံမဲပေးကြစို့” စာတန်းနှင့် “အမှန်” အမှတ် အသားပါ တီရှပ်များကိုဝတ်ဆင်ကာ ဆန်များကို ဈေးသက်သာစွာဖြင့် ရောင်းချပေးလျှက် ရှိကြောင်း ဒေသခံတဦးကပြောပြသည်။

“စစ်အစိုးရက အမေရိကန်ဆန့်ကျင်တဲ့ ဆောင်ပုဒ်တွေနဲ့ ပြည်သူတွေကို စည်းရုံးခဲ့ဖူးတာပဲ။ ဒါပေမယ့် ပြည်သူတွေက အဲဒီဆောင်ပုဒ်တွေကြောင့် အမေရိကန်ကို ပိုသဘောကျကြ တယ်လေ။ အဲဒါ လူတွေက အမေရိကန်အကြောင်းကို သိလို့ သိပ်ကြိုက်လို့တော့ မဟုတ်ဘူး။ စစ်အစိုးရကို မုန်းတာနဲ့ပဲ သူတို့လုပ်သမျှ ဆန့်ကျင်တာ” ဟု ရန်ကုန်မြို့နေ တက္ကသိုလ် ကျောင်းသား တဦးကပြောသည်။

စစ်အစိုးရဘက်က ၎င်းတို့၏ အခြေခံဥပဒေကို ထောက်ခံရန် အပြင်းအထန် လှုံ့ဆော်လျှက် ရှိသော်လည်း အတိုက်အခံ ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီပါတီနှင့် အခြားသော နိုင်ငံရေး တက်ကြွလှုပ်ရှားသူများဘက်က ကန့်ကွက်မဲထည့်ရန် နှိုးဆော်မှုများကိုမူ ရိုက်နှက် နှိမ်နင်းလျှက်ရှိသည်။

စစ်အစိုးရအနေနှင့် ပုဂ္ဂလိကပိုင် ဂျာနယ်များတွင် လာမည့်အပတ်မှစ၍ အခြေခံဥပဒေ ကိုထောက်ခံရန် ရေးသားထားသည့် ဆောင်းပါးများကို ဂျာနယ်တစောင်လျင် ၄ ပုဒ်ကျ ထည့်သွင်းဖော်ပြရန် ညွှန်ကြားထားကြောင်း ကြားသိရသည်။

ပုဂ္ဂလိက ဂျာနယ်များအနေနှင့် စာမျက်နှာ အပုပ်ခံကာ ထည့်သွင်းရမည့် အရေးအတွက် စိတ်အနှောင့်အယှက် ဖြစ်နေကြ သော်လည်း မဖြစ်မနေ ထည့်သွင်းခိုင်းပါက ငြင်းဆန်ရန် ခက်ခဲလှကြောင်း ဂျာနယ်အယ်ဒီတာများက ညည်းညူနေ ကြသည်။

“ကျမသိသလောက်တော့ လူတွေက သူတို့ ဒီလိုလှုံ့ဆော်မှုတွေလုပ်လေ စစ်အစိုးရကို ပိုမုန်းလေပဲ။ သင်္ကြန်တွင်းကဆို ညပိုင်းလာနေကျ ကိုရီးယားကားတွေတောင် မြန်မာ့ ရုပ်မြင်သံကြားက မလွှင့်ပေးတော့ဘဲ အဲဒီသီချင်းတွေပဲ လွှင့်နေတာ” ဟု မြောက်ဒဂုံ မြို့နယ်တွင် နေထိုင်သော တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသူတဦးကပြောသည်။

ဆက်လက်၍ ၎င်းက လူအများမှာ စစ်အစိုးရ ထုတ်လွှင့်လျှက်ရှိသော ရုပ်မြင်သံကြား ဇာတ်လမ်းတိုများကို သရော်လှောင် ပြောင်လျှက် ရှိကြကြောင်း ပြောပြသည်။
“လူတွေက ဇာတ်လမ်းတွေကိုကြည့်ပြီး စစ်အစိုးရကိုထောက်ခံတာ အရက်သမားရယ်၊ ထောင်ထွက်ရယ်၊ ကျပ်မပြည့်တဲ့ သူရယ် ပဲရှိတယ်ဆိုပြီး ဟားနေကြတယ်” ဟု သူက ဆက်ပြောပြသည်။ [Top]
Irrawaddy news

ဆက်လက်ဖတ်ရှုရန်...

နအဖ နိုင်ငံခြားရေးဝန်ကြီး Vote Yes စည်းရုံးရေးဆင်း

22-4-2008
နယူးဒေလီ။ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံမဲပေးရန် နအဖ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကိုယ်တိုင် ယခုလ ၁၃ ရက်နေ့က ပဲခူးတိုင်း ဇီးကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လှည့်လည်ကာ စည်းရုံးရေး ဆင်းခဲ့သည်။

နအဖ ဝန်ကြီးက ဇီးကုန်းမြို့၏ အရှေ့ဘက် ရွာဝိုင်းကြီးရွာ၊ မယင်းရွာနှင့် အနောက်ဘက်တွင် တည်ရှိသော သစ်နဖားရွာ၊ လယ်တွင်းရွာ၊ ကန်ညီအကို ရွာတို့ကို လှည့်လည်ကာ ဒေသအာဏာပိုင်များနှင့် ဒေသခံများကို ထောက်ခံမဲပေးရန် စည်းရုံးခဲ့ခြင်း ဖြစ်သည်။

“သူက ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ နှစ်ပေါင်းများစွာ ရေးဆွဲလာခဲ့တာမို့ ပျက်သွားခဲ့ရင် နောင် ရေးဖို့ဆိုတာ အကြာကြီး ဖြစ်မယ်။ နောက်ပြီး ဒီဟာကို ကြိုးစားပြီး ရေးထားတာမို့ အားလုံးက ထောက်ခံမဲ ထည့်ပေးဖို့ တိုက်တွန်းပါတယ်ဆိုပြီး ပြောသွားတယ်” ဟု ဇီးကုန်းမြို့ခံ ဈေးသည်တဦးက ပြောသည်။

ဦးဉာဏ်ဝင်းက လယ်တွင်းရွာရှိ အလယ်တန်းကျောင်း ပြန်လည် ပြုပြင်ရန်အတွက် သူ့ကိုယ်ပိုင်ငွေ ကျပ်သိန်း ၄ဝ လှူဒါန်း သွားခဲ့သေးသည်။

ယခုလို ဝန်ကြီးကိုယ်တိုင် ကျေးရွာများအထိ လှည့်လည်ကာ၊ ငွေကြေး လှူဒါန်းသည့်အပေါ် ဒေသခံ ရွာသားများနှင့် ဇီးကုန်းမြို့ခံများက သံသယ ဖြစ်နေကြသည်။

“အခွင့်အရေး တခုခုရှိလို့ လာတာပေါ့။ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ချင်ရင် နဂိုကတည်းက လာမှာပေါ့။ အခုဟာက ဆန္ဒခံယူပွဲအတွက် မျှော်လင့်ပြီး လာတာနေမှာပေါ့။ စည်းရုံးရေး ဆင်းနေတာပေါ့လေ” ဟု ဇီးကုန်းမြို့ခံ နောက်တဦးက ပြောသည်။

ဦးဉာဏ်ဝင်းမှာ ဇီးကုန်းမြို့နယ် အနောက်ဖက်ရှိ ကန်ညီအကိုရွာ ဇာတိဖြစ်သည်။

ဧပြီလ ၅ ရက်နေ့ကလည်း နအဖ စွမ်းအင်ဝန်ကြီး ဦးလှမြင့်ကိုယ်တိုင် ပဲခူးတိုင်း နတ္တလင်းမြို့နယ်သို့ လာရောက်ကာ အနီးအနား မြို့နယ်များဖြစ်သည့် ပေါင်းတည်၊ ဇီးကုန်း၊ ကြို့ပင်ကောက်တို့မှ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ခေါင်းဆောင်များ၊ မယက အာဏာပိုင်များကို ခေါ်ကာ ထောက်ခံမဲ ထည့်ကြရန် လမ်းညွှန်မှာကြား သွားခဲ့သေးသည်။

နအဖ ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းစာအုပ်သည် ယနေ့မှသာ ဇီးကုန်းမြို့၌ တအုပ်လျှင် ၁ဝဝဝ ကျပ်နှုန်းဖြင့် စတင်ရောင်းချနေပြီ ဖြစ်သော်လည်း ဝယ်သူ နည်းပါးနေသည်။

“ကျနော်တို့နယ်မှာတော့ ၁ဝဝဝ ဆိုတာ နည်းနည်းများတယ်လေ။ တော်ရုံတန်ရုံလူတွေက ဘယ်ဝယ်ကြမလဲ။ မဝယ်ကြဘူး။ ဝယ်တဲ့လူ နည်းတယ်” ဟု ဇီးကုန်းမြို့ခံ ဈေးသည်က ပြောသည်။
mizzima news

ဆက်လက်ဖတ်ရှုရန်...

Friday, April 18, 2008

Hip Hop အဆိုတော် ရန်ရန်ချမ်း ဖမ်းဆီးခံရ

18-4-2008
နယူးဒေလီ။ ။ မြန်မာ့ဂီတလောကတွင် နာမည်ရ အက်စစ်အဖွဲ့မှ Hip Hop အဆိုတော်တဦးဖြစ်သူ ရန်ရန်ချမ်းအား ယမန်နေ့ (နှစ်ဆန်းတရက်နေ့) တွင် မုံရွာ အာဏာပိုင်များက ဖမ်းဆီးသွားသည်။
ကိုရန်ရန်ချမ်း (၃ဝ နှစ်ဝန်းကျင်) အား စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ အသိမိတ်ဆွေ အိမ်တအိမ်တွင် တည်းခိုနေစဉ် ဒေသ အာဏာပိုင်များက ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်သည်။
“မနေ့မနက်ကပဲ မုံရွာ အသိတယောက်ဆီမှာ တည်းနေတဲ့အချိန်မှာ ဖမ်းသွားတယ်ဆိုတာပဲ ကျနော်တို့ ကြားလိုက်ရတယ်” ဟု ရန်ရန်ချမ်း၏ သူငယ်ချင်းဖြစ်သူ ထိုင်းနိုင်ငံသို့ မကြာခင်က ရောက်ရှိလာသည့် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး Generation Wave - GW အဖွဲ့မှ ကိုမင်းရန်နိုင်က မဇ္ဈိမကို ပြောသည်။
ရန်ရန်ချန်းသည် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ယခုနှစ် ဖေဖော်ဝါရီ လကုန်ပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည့် GW မှ ကိုကျော်ကျော် ခေါ် ကိုဇေယျာသော်နှင့်အတူ အက်စစ်အဖွဲ့ကို စတင် ထူထောင်ခဲ့သူ ဖြစ်သည်။
ဖမ်းဆီးခံရသည့် အကြောင်းအရင်းနှင့် ယခုအခါ သူ့ကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကိုမူ ရန်ကုန်ရှိ မိသားစုဝင်များအား အာဏာပိုင်များက တစုံတရာ အကြောင်းကြားခြင်း မရှိသေးပါ။
“ကျမတို့လည်း ကြားတယ်။ ဒါပေမဲ့ သေချာ ဟုတ်၊ မဟုတ် ကျမတို့ စုံစမ်းနေတုန်းပဲ ရှိတယ်။ အာဏာပိုင်တွေက ဘာမှ အကြောင်းကြားတာ မရှိသေးပါဘူးရှင်” ဟု မိသားစုဝင် တဦးက ပြောသည်။
Mizzima news

ဆက်လက်ဖတ်ရှုရန်...

Thursday, April 17, 2008

ပိတောက်မျက်ရည်

17-4-2008

တစ်နယ်တစ်ကျေး၊ ဟိုအဝေးက
တမ်းတမျှော်ရည်၊ ဖြေမဆည်အလွမ်းတွေနဲ့
အတိတ်ဟာ လန်းဆန်းနေဆဲပါလေ…

အင်းလျားရိပ်ခို၊ မြကျွန်းညိုမှာ
ကြည်သာငေးမော၊ ချစ်စိတ်ဇောနှင့်
နစ်မျောသက်ဝင်၊ ဒီရင်ခွင်ထဲ
အနမ်းတွေမစဲခဲ့တုန်းက
မခွဲဘူးယုံ၊ သစ္စာပုံလျက်
ရက်လကြာရှည်၊ သစ္စာတည်ရင်း
ချစ်တင်းနှောခဲ့ဖူးပါတယ်…

ဘ၀တိုက်ပွဲ၊ ကြိမ်ကြိမ်နွှဲစဉ်
ရင်ခွင်နှစ်ခု၊ ထပ်တူပြုလျက်
ခက်ခဲများစွာ၊ မမှုပါဘဲ
အားမာန်ဇွဲတူ၊ ဖေးမကူစေ
မေတ္တာဝေခဲ့ဖူးပါတယ်…

နှစ်ယောက်ရှေ့ရေး၊ မျှော်ကာတွေးလို့
ဆို့နစ်ကြေကွဲ၊ တို့လမ်းခွဲစဉ်၊
ရင်ခွင်လှိုက်ဆူ၊ ကျွမ်းသည်းပူလျက်၊
မျက်ဝန်းလဲ့စို၊ မငိုအောင်ထိန်း
စိမ်းကားသယောင်၊ ဟန်ဆောင်သော်လည်း
“ပြန်လာခဲ့နော်…”
ချစ်ရည်ရွှန်းလဲ့၊ မျက်ဝန်းသွဲ့ညို
ခွန်းဆက်ဆိုစဉ်၊ ကြည်မရွှင်ပြီ
နာရီချောက်ချက်၊ အိပ်မက်ဆိုးလား
ဝိုးတ၀ါးနှင့်၊ ထားရစ်ထွက်ခွာ
မျက်နှာလွှဲတော့၊ ခေါင်းမမော့နိုင်
မှိုင်တွေငိုကြွေး၊ လွမ်းတေးဆိုခဲ့ဖူးပါတယ်…

ဖူးစာရည်ကျဲ၊ လက်မတွဲနိုင်
ခွဲချိန်တိုင်တော့၊ မနိုင်ကိုယ့်စိတ်
ကျိတ်မှိတ်ရင်းငို၊ မာန်လည်းပြိုပြီ
မရီ(ရယ်)မရွှင်၊ စိတ်ဘ၀င်ညှိုး
လှော်တက်ကျိုးသို့၊ ချို့တဲ့မေတ္တာ
မဲ့သစ္စာတွက်၊ စိတ်မကွက်ငြား
နှလုံးသားကိုတော့၊ သော့ခတ်သိမ်းဆည်းခဲ့ဖူးပါတယ်…

နှစ်ဟောင်းလည်းကြွေ၊ နှစ်သစ်ဝေပြီ
သွေဖည်ကြမ္မာ၊ ပြစ်တင်ပါဘဲ
အားမာန်ဇွဲနှင့်၊ စွဲစိုက်စူးနစ်
နှစ်ကူးအတာ၊ သင်္ကြန်ခါမို့
တူးပို့တေးသံ၊ လမ်းတိုင်းညံစဉ်
ပိတောက်ပင်အောက်၊ ကိုယ်ပြန်ရောက်ခဲ့ဖူးပါတယ်…

ပိတောက်ပင်အောက်၊ ခေတ္တရောက်စဉ်
ကြည်ရွှင်ဝင်းနု၊ ချစ်သူ့မျက်နှာ
ပြန်မြင်လာ၍၊ သာယာစိတ်မှန်း
တမ်းတအချစ်၊ အသစ်ပြန်တွေး
ခပ်ရေးရေးမြင်၊ လွမ်းသံစဉ်ဝယ်
ငြိတွယ်ရစ်မူး၊ လွမ်းတေးကျူးခဲ့ဖူးပါတယ်…

လွမ်းတေးမပီ၊ စိတ်မကြည်ပြီ
ပြန်မည်ဟုထ၊ ခြေလှမ်းကြွခိုက်
“သွားချင်ပြီလား…”
ဝိုးတ၀ါးသွင်၊ ပိတောက်ပင်မှ
ခွန်းဟစကား၊ မြွက်ကြားလေဟန်
စိတ်သဏ္ဍာန်ဖြစ်၊ ပြန်ဆန်းစစ်တော့
ခေါင်းမော့ကြည့်ခိုက်၊ လေအတိုက်ဝယ်
မြေ၀ယ်ဆင်းသက်၊ ပိတောက်ခက်သည်
မျက်ရည်ခြောက်ခမ်း၊ ပါးကိုနမ်းစဉ်
စိတ်ရွှင်ပျိုနု၊ မျက်ရည်ဥတို့
စုစုပြိုကျ၊ မိုးရွာချလျက်
မျက်ရည်ပိတောက်၊ ပိတောက်မျက်ရည်
ပေါင်းစပ်သည်တွင်၊ စိတ်ဘ၀င်မှ
တွင်တွင်တောင်းဆု၊ သစ္စာပြုသည်
ချစ်သူ ကြည်ရွှင်ပျော်စေသား…

(ရေခဲငှက်)
yan aung

ဆက်လက်ဖတ်ရှုရန်...

စင်္ကာပူတွင် ကန့်ကွက်မဲပေးရေး လှုပ်ရှားမှုများပြုလုပ်

17-4-2008
စင်္ကာပူနိုင်ငံရှိ မြန်မာနိုင်ငံသားများအနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း ၂၀၀၈ အတည်ပြုဆန္ဒမဲ လာရောက်ပေးကြရန် စင်္ကာပူနိုင်ငံဆိုင်ရာမြန်မာသံရုံးက ဖိတ်ကြားသည့်အပေါ် မြန်မာ့ဒီမိုကရေစီရေး လိုလားသူများက ကန့်ကွက်မဲပေးရန် လှုပ်ရှားမှုများ ပြုလုပ်နေကြောင်း သိရသည်။

“ဧပြီလ ၂၇ ရက် တနင်္ဂနွေနေ့ မနက် ၉ နာရီမှာ အားလုံးပြိုင်တူသွားပြီး ကန့်ကွက်မဲကို ပြတ်ပြတ်သားသားပေးကြပါလို့ တိုက်တွန်းချင်ပါတယ်”ဟု စင်္ကာပူရှိ ကန့်ကွက်မဲပေးရေးလှုပ်ရှားသူတဦးက တယ်လီဖုန်းမှတဆင့်ပြောသည်။

ယင်းသို့ သံရုံးကိုသွား၍ တရက်တည်း တချိန်တည်း ကန့်ကွက်မဲပေးမည်ဆိုပါက ပြည်သူသည်အင်အားဆိုသည်ကို သက်သေပြနိုင်မည်ဖြစ်ကြောင်း၊ ဤလုပ်ဆောင်ချက်သည် နိုင်ငံသားအားလုံး၏ လွတ်လပ်ခွင့်အတွက်ဖြစ် သောကြောင့် အလေးအနက် လုပ်ဆောင်သင့်ကြောင်းလည်း ၎င်းက ဆိုသည်။

ဧပြီလ ၁၀ ရက်နေ့ ရက်စွဲဖြင့် စင်္ကာပူနိုင်ငံရှိမြန်မာနိုင်ငံသားများကို ဖြန့်ဝေသော အဆိုပါဖိတ်ကြားစာတွင် မြန်မာ နိုင်ငံကူး လက်မှတ်၊ မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားများကို ကိုင်ဆောင်၍ ဧပြီလ ၂၅၊ ၂၆၊၂၇၊ ၂၈၊ ၂၉ ရက်များတွင် နံနက် ၉ နာရီ မှ ညနေ ၅ နာရီအတွင်း မြန်မာသံရုံးသို့ လာရောက် ဆန္ဒမဲပေးကြပါရန် သံအမတ်ကြီးကိုယ်စား သံမှူး ဦးကျော်ဆွေတင့်က လက်မှတ်ထိုးထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ ယင်းဖိတ်ကြားစာမှာ လူအများထံသို့ ပြန့်နှံ့ရောက်ရှိနေ ကြောင်း ဖိတ်ကြားစာရရှိသည့် စင်္ကာပူတွင် နေထိုင်သူ တဦးက ပြောသည်။

စင်္ကာပူနိုင်ငံရှိ ဆက်သွယ်ရေးနည်းပညာ အင်ဂျင်နီယာ ကိုလှက မြန်မာနိုင်ငံသားအများစုသည့် မဲမပေးလိုသူနှင့် ကန့်ကွက်မဲ ပေးလိုသူကများသည်ဟု ဆိုသည်။

“ကျနော်ကြားရသလောက်တော့ ထောက်ခံမဲပေးမယ့်သူ မရှိသလောက်ပါဘဲ”ဟု ကိုလှက ဧရာဝတီသို့ ပြောပြသည်။

အခြေခံဥပဒေအတည်ပြုရေး ဆန္ဒမဲသည် မြန်မာနိုင်ငံသားဖြစ်သည့် မိမိအတွက်လည်းအရေးကြီး၍ မဲပေးရမည် ဖြစ်ကြောင်း စင်္ကာပူတွင် ဆောက်လုပ်ရေး အင်ဂျင်နီယာလုပ်နေသော ကိုမျိုးထက်က ပြောသည်။

“ပြည်တွင်းက လူတွေတောင် ကန့်ကွက်မဲဆန္ဒရှိကြရင် ကျနော်တို့က ဘာကြောင့် သူတို့လို ကန့်ကွက်မဲမထည့်နိုင်ရမှာလဲ”ဟု လည်း ကိုမျိုးထက်က ဆိုသည်။

စင်္ကာပူသင်္ဘောကျင်းအလုပ်သမားတဦးကမူ ၎င်းအနေနှင့် သံရုံးသို့ သွားရောက်၍ မဲမပေးလိုကြောင်း ပြောသည်။

“ကျနော် ခွင့်ယူဖို့ မလွယ်လို့ မဲပေးလို့ရမှာမဟုတ်ဘူး”ဟု သူက ပြောပြသည်။

တချိန်တည်းတွင်ပင် အမေရိကန်နိုင်ငံရှိ မြန်မာသံရုံးက အခွန်ကောက်ခံသည့် စာရင်းပေါ်အခြေခံ၍ မဲစာရင်းများ ပြုစု နေကြောင်းလည်းသိရသည်။
Irrawaddy news

ဆက်လက်ဖတ်ရှုရန်...

တမ်းတခြင်း

17-4-2008

သတိရတယ်......ချစ်သူ
ကြားယောင်မိတယ်...ချစ်သူ့အသံ
မြင်ယောင်မိတယ်......ချစ်သူ့ပုံရိပ်
လွမ်းဆွတ်မိတယ်........ချစ်သူ့အနမ်း
တမ်းတမိတယ်............ချစ်သူ့အကြင်နာ
ခုတော့မင်းဘယ်မလဲ.....ချစ်သူ
ငါအိမ်မက်မက်တာမဟုတ်ဘူးလို့
ယုံကြည်ပါတယ်....
ချစ်သူရယ်မင်းငါ့ကိုချစ်ခဲ့တယ်ဆိုတာ
ငါအမြဲယုံကြည်နေမှာပါ ----ချစ်သူ
Myatnoe

ဆက်လက်ဖတ်ရှုရန်...

အထိန်းသိမ်းခံ နိုင်ငံရေး ခေါင်းဆောင်များ ဆန္ဒခံယူပွဲ မဲပေးခွင့်ရှိကြောင်း NLD ပြောဆို

16-4-2008
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ထိန်းသိမ်းခံ နိုင်ငံရေး လှုပ်ရှားသူတွေ အနေနဲ့ မြန်မာစစ်အစိုးရရဲ့ သတ်မှတ်ပြဋ္ဌာန်းချက်တွေအရ မကြာခင် ကျင်းပ ပေးဖို့ရှိတဲ့ ဆန္ဒခံယူပွဲမှာ မဲပေးပိုင်ခွင့်ရှိတာကြောင့် သူတို့ကို ထိန်းသိမ်းထားရာက ပြန်လွှတ်ပေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က တိုက်တွန်းလိုက်ပါတယ်။ မနက်ဖြန်ကျရောက်တော့မယ့် မြန်မာ့ရိုးရာနှစ်သစ်မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရှေ့ရှုပြီး ဆောင်ရွက်ဖို့ကိုလည်း အန်အယ်လ်ဒီက ပြောဆိုလိုက်တာပါ။ အကြောင်းစုံကို ဦးအောင်လွင်ဦး က တင်ပြပေးပါတယ်။

ရှေ့လ (၁၀) ရက်နေ့ ကျင်းပမယ့် လူထုဆန္ဒခံယူပွဲနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရက ထုတ်ပြန် ကြေငြာထားတဲ့ ပြဋ္ဌာန်းချက်တွေအရ မြန်မာနိုင်ငံက အဓိက အတိုက်အခံ နိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရဲ့ ထိန်းသိမ်းခံ ထိပ်တန်း ခေါင်းဆောင်တွေ၊ နောက် ၈၈ မျိုးဆက်ကျောင်းသားတွေအပါအ၀င် နိုင်ငံရေး လှုပ်ရှားသူတွေ အနေနဲ့ ဆန္ဒမဲပေးဖို့ အခွင့်အရေးတွေ ရှိတယ်လို့ ပြောဆိုလိုက်တာပါ။

“ဒေါ်အောင်ဆန်းစုကြည်ရော ဦးတင်ဦးအပါအ၀င် နိုင်ငံတော် နှောက်ယှက်ဖျက်ဆီးခြင်းဆိုတဲ့ ဥပဒေအရ အိမ်မှာ ထိန်းသိမ်းထားခံရတဲ့သူတွေဟာ ထောင်ကျ အကျဉ်းသားမှ မဟုတ်ဘဲ။ ထောင်ကျ အကျဉ်းသမားမဟုတ်တဲ့သူ အားလုံးဟာ ဒီ ဆန္ဒမဲပေးပိုင်ခွင့်မှာ မဲပေးပိုင်ခွင့်ရှိပါတယ်။ အခုမှ ထောင်ကျ အကျဉ်းသားဆိုတာကို မပေးရဘူးလို့ ကန့်သတ်တာကို။ တကယ်ဆိုရင် ဟိုအရင် (၇၄)တုန်းကဆိုရင် သာသနာ့ဘောင်ဝင်ထားတဲ့ သူနဲ့ စိတ်ပေါသွပ်သူမှ တပါး ကျန်သူ အားလုံးကို မဲပေးခွင့်ပြုခဲ့တာပဲ။ ဥပမာ ပြစ်မှုတခုကြောင့် တရားရေးရုံး အမိန့်အရ၊ စီရင်ချက်အရ ထောင်ဒဏ် ကျခံနေရသူများ၊ ပြည်ပသို့ တရားမ၀င်ရောက်ရှိနေသူများ၊ နိုင်ငံခြားသားများဆိုတာ အခုမှ ပါလာတာကိုး။ ဒီအပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးတင်ဦးတို့တောင် မဟုတ်ပါဘူး။ မင်းကိုနိုင် တို့၊ ကိုကိုကြီးတို့ ကျောင်းသားခေါင်းဆောင်တွေလည်း ဆန္ဒခံယူပွဲမှာ ဆန္ဒမဲပေးလို့ရပါတယ်။”

အန်အယ်လ်ဒီရဲ့ အထူးပြန်ကြားရေးအဖွဲ့ဝင် တဦးဖြစ်သူ ဦးသိန်းညွန့် ဖြစ်ပါတယ်။ ဒီလို သတ်မှတ် ပြဋ္ဌာန်းချက်တွေအရ ဆန္ဒမဲပေးပိုင်ခွင့် ရှိတယ်ဆိုပေမယ့် တကယ်တမ်း လွတ်လွတ်လပ်လပ် ဆန္ဒမဲ ပေးပိုင်ခွင့်တွေ ရှိမရှိကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမယ့်လည်း မြန်မာ စစ်အစိုးရဖက်က သူတို့ကိုယ်တိုင် သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့အညီ မဆောင်ရွက်ဘူး ဆိုရင်တော့ ဆန္ဒခံယူပွဲအပေါ် အများပြည်သူက ယုံကြည်လက်ခံဖို့ ပိုလို့သာ ခက်ခဲစေလိမ့်မယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။

“မဲပေးခွင့်ပြုရမှာကတော့ သူတို့ ဥပဒေအရရော၊ ထုတ်ပြန်ထားတဲ့ အသစ်ဥပဒေအရရောက ပေးကိုပေးရမှာပဲ။ မပေးဘူးဆိုရင် ဆန္ဒခံယူပွဲနဲ့ ပတ်သက်ရင် လူတွေရဲ့ ယုံကြည်မှုဟာ ပို၍ပို၍ လျော့သွားမှာပေါ့။ သူတို့ကို မဲပေးခွင့် ပြုလားမပြုလားဆိုတာ သူတို့ ပြဒါန်းထားတဲ့ ဥပဒေကို သူတို့ အတိအကျ ကျင့်သုံးသလား မကျင့်သုံးဘူးလား၊ ဒီဆန္ဒခံယူပွဲရဲ့ ယုံကြည်မှု ဘယ်လောက်ရှိလဲဆိုတာ ဖော်ပြမဲ့ သက်သေခံချက်တွေဖြစ်သွားမှာပါ။”

တကယ်တော့ အခြေခံဥပဒေမူကြမ်းတရပ်ကို အတည်ပြုနိုင်ဖို့ အခုလို ဆန္ဒခံယူပွဲတရပ်ကို မြန်မာ စစ်အစိုးရက ကျင်းပပေးမယ့် အပေါ် အန်အယ်လ်ဒီ အပါအ၀င် ဒီမိုကရေစီလိုလားသူတွေက ဆန့်ကျင်ကန့်ကွက်ထားကြတာပါ။ တိုင်းပြည်မှာ လက်တွေ့ကြုံနေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အထွေထွေ ပြဿနာတွေကို ကျော်လွှားနိုင်ဖို့ကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်မှသာ အောင်မြင်မယ်လို့ အန်အယ်လ်ဒီ ဖက်ကယုံကြည်ထားကြောင်းလည်း ဦးသိန်းညွန့် က ပြောပါတယ်။ အထူးသဖြင့် ရိုးရာအတာသင်္ကြန်ကုန်ဆုံးပြီး နှစ်သစ်ကူးအခါသမယမှာ ဒီလို အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ ဆောင်ရွက်ချက်တွေကို လုပ်ဆောင်ပါလို့လည်း ဦးသိန်းညွန့် က တိုက်တွန်းလိုက်တာပါ။

“အမျိုးသား ပြန်လည်သင့်မြတ်ရေး ဘောင်အတွင်းကနေ တွေ့ဆုံဆွေးနွေးရေး မလုပ်ဘဲနဲ့ အခု ပုံစံအတိုင်း တဖက်သက် ဆောင်ရွက်မယ်ဆိုရင် ပြဿနာရဲ့ အဖြေရမှာ မဟုတ်ဘူး။ အကြပ်အတည်းကိုသာ နောက်ထပ် မွေးထုတ်တာပဲ ရမှာပဲ။ မြန်မာနှစ်သစ် အခါသမယ မနက်ဖြန် မှာ အမျိုးသား ယဉ်ကျေးမှုအရ ဘေးမဲ့ပေးရတဲ့ အလုပ်၊ သတ္တ၀ါတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရတဲ့ အလုပ်ဟာ ကျွန်တော်တို့ အမျိုးသားအစဉ်အလာပါ။ အဲဒီတော့ ကျွန်တော်တို့ဟာ ကိုယ့်အမျိုးသား ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းတယ်၊ အမျိုးသားချင်း ပြန်လည်သင့်မြတ်စေချင်တယ်ဆိုရင် အကောင်းဆုံးကတော့ နှစ်သစ်မှာ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ နောက်တခါ နှစ်ပေါင်းများစွာ ထောင်ကျပြီးမှ ဆက်လက်ဖမ်းဆီးထားတဲ့ ဒေါက်တာဒေါ်မေ၀င်းမြင့်တို့၊ ဒေါက်တာ သန်းငြိမ်းတို့ အပါအ၀င် အားလုံးသော နိုင်ငံရေး ခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေ အကုန်လုံးကို အချုပ်ခန်းတံခါးတွေ၊ ထောင်တံခါးတွေကို ဖွင့်ပြီးတော့ မိဘရင်ခွင်၊ မိသားစု ရင်ခွင်ကို ပြန်ပို့်ပြီး တော့ တိုင်းပြည်ပြန်လည်ထူထောင်ရေးမှာ အတူလက်တွဲလုပ်ရမယ့် အင်အားစုတွေ အဖြစ် ဖိတ်ခေါ်နိုင်မယ်၊ ကမ်းလှမ်းနိုင်မယ်၊ လမ်းဖွင့်ပေးနိုင်မယ်ဆိုရင် လာမယ့် နှစ်သစ်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံ တမျိုးသားလုံးအတွက် မင်္ဂလာလဲ ရှိပြီးတော့ အားလုံး ကြည်နှူးပျော်ရွှင်ရမယ့် နှစ်သစ်ဖြစ်မှာပါ။”

အန်အယ်လ်ဒီရဲ့ အထူးပြန်ကြားရေးအဖွဲ့ဝင် တဦးဖြစ်သူ ဦးသိန်းညွန့် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို နှစ်သစ်အခါသမယမှာ အမြန်ဆုံး ပြန်လွှတ် ပေးဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ဖို့ မြန်မာစစ်အစိုးရကို သူက တိုက်တွန်းသွား ခဲ့တာပါ။

VOA NEWS

ဆက်လက်ဖတ်ရှုရန်...

ဆန္ဒခံယူပွဲနှင့်ပတ်သက်ပြီးအရေးကြီး အစီရင်ခံစာ

16-4-2008
သို့ /
တိုက်ပွဲဝင်ရဲဘော်များ

အကြောင်းအရာ။ ။ဆန္ဒခံယူပွဲနှင့်ပတ်သက်ပြီးအရေးကြီး အစီရင်ခံစာတင်ပြခြင်း

အထက်ပါအကြောင်းအရာနှင့်ပတ်သက်ပြီး ပြည်သူ့ ဆန္ဒခံယူပွဲတွင် ပြည်သူများမဲပေးပုံနှင့်ပတ်သက်ပြီး ကန့် သတ်ချုပ်ချယ်မှုများ
နှင့်မသမာမှုများကိုတွေ့ ရှိရပါသည်။ ကျွန်ုပ်သည် ၁၀/၁၁/၁၂/၁၃ ၇က်နေ့ များတွင်
မိတ္ထီလာ/မန္တလေး/စစ်ကိုင်း/မုံရွာရှိဌာနဆိုင်ရာဝန်ထမ်းများ /အင်အားစုများNLD တိုင်းစည်းများ နှင့်တွေ့ ဆုံပြီး မေးမြန်းဆွေးနွေးတိုင်ပင်ခဲ့ပါသည်။

ဆန္ဒခံယူပွဲနှင့်ပတ်သက်ပြီး တိုင်းမှူးများ/၀န်ကြီးများ၏ လုပ်ဆောင်ချက်များကို ကွက်ကွက်ကွင်းကွင်းသိခွင့်ရခဲ့ပါသည်။ စစ်သားအားလုံးသည် တပ်ရင်း/တပ်မ/ဌာနချုပ် တို့ တွင်သာမဲပေးရခြင်း၊
ရဲတပ်ဖွဲ့ ဝင်အားလုံးသည် သက်ဆိုင်ရာရဲစခန်းတွင်သာမဲပေးရခြင်း၊
ဌာနဆိုင်ရာဝန်ထမ်းများက ၄င်းတို့ ရုံးများတွင်သာမဲပေးရခြင်း၊
ကြံ့ဖွံ့ /စွမ်းအားရှင်/မီးသတ်/ကြက်ခြေနီ/အမျိုးသမီးေ၇းရာ/မိခင်နှင့်ကလေးစသည့် နအဖ ၏အဖွဲ့ စည်းများမှာ
ဆန္ဒခံယူပွဲ လုံခြုံရေးယူ၇န် အကြောင်းပြချက်ဖြင့် အားလုံးကြိုတင်ထောက်ခံမဲပေးပြီးဖြစ်သည်။
ရပ်ကွက်/ကျေးရွာများတွင်လဲမဲရုံများတွင် ကင်မရာများ တပ်ထားသယောင် သတင်းများ ထုတ်လွှင့်ပြီး
ကန့်ကွက်မဲပေးလျှင် မည်သို့ ဖြစ်မည်ကို ကြိုတင်ကောလဟာလ သတင်းများ ဖြန့် လျက်ရှိနေပါသည်။

တိုင်းမှူး/၀န်ကြီးများ ၏လုပ်ဆောင်ချက်များ
၁။ ၀န်ကြီးဦးအောင်သောင်းသည် မန္တလေးဈေးချိုထဲရှိ ဈေးဆိုင်များသို့  ကိုယ်တိုင်ဆင်းပြီး ဆိုင်တိုင်းသို့  ပါတိတ်ဝမ်းဆက်ပေးပြီး ထောက်ခံမဲပေးရန် စည်းရုံးလှုပ်ဆော်ခဲ့ပါသည်။
၂။ ပညာရေးဝန်ကြီးသည် ပညာရေးဌာနပေါင်းစုံသို့  ကိုယ်တိုင်ဆင်းပြီး ၀န်ထမ်းအားလုံးကို ထောက်ခံမဲပေးရမည်ဖြစ်ကြောင်း ထပ်တလဲလဲပြောဆိုစည်းရုံးကာမထည့်ပါက အရေးယူမည်ဟု ပြောကြားနေပါသည်။
၃။ မုံရွာတွင် တိုင်းမှူးသည် (တပ်/ရဲ/ကြံ့ဖွံ့ /မီးသတ်/စွမ်းအားရှင်/ကြက်ခြေနီ/အမျိုးသမီးရေးရာ/မိခင်နှင့်ကလေး/ကုန်သည်ကြီးများအသင်း စသည့် အသင်းအဖွဲ့ များပါမကျန် ခေါ်ယူပြီး နံနက်မှ ညနေထိ ဟောပြောစည်းရုံးပြီး ထောက်ခံမဲထည့်
ရန် ပြောကြားသွားပါသည်။
၎။ဌါနပေါင်းစုံရှိဝန်ထမ်းများကို၎င်းတို့၏ဆန္ဒမပါဘဲနာမည်နဲ့မှတ်ပုံတင်နံပါတ် ယူပြီးနောက်တနေ့တွင် ကြံဖွံကဒ်များ/အမျိုးသမီးရေးရာကဒ် များကိုအပြီးလုပ် လာပြီး အသင်းဝင် ပြီးဖြစ်ကြောင်းအသိပေးပြီးမတရားသဖြင့်အသင်းဝင်ခိုင်းခြင်း များ ပြုလုပ်လျက် ရှိပါသည်။
၅။နအဖ အနေဖြင့် ၀န်ကြီးဌါနများတွင်ကန့်ကွက်မဲတစုံတရာမရှိစေရဟု အမိန့် ထုတ်ပြန်ထားရာ ၀န်ကြီးများအနေဖြင့် ၄င်းတို့ကိုယ်တိုင် ဌာနများသို့ကွင်းဆင်းပြီး အားလုံး ထောက်ခံခိုင်းနေပါသည်။
၆။အရေးကြီးဆုံး အချက်မှာ ၀န်ကြီးဌါန /စစ်တပ်/ရဲ /ကြံဖွံ့များ/စွမ်းအားရှင် စသည့် ၄င်းတို့ဌါနများမှာ ယခုသိရသည့်အချိန်တွင် ထောက်ခံမဲပေးပြီးပြီ ဟုသိရပါသည်။ဝန်ထမ်းများမှာကိုယ်တိုင်မဲမပေးရဘဲ ၄င်းတို့ဘာသာထောက်ခံမဲ လုပ်ယူခြင်းကိုမကျေနပ်ကျခြေ။

၎င်းအခြေအနေများကို ဌါနဆိုင်ရာအကြီးအကဲများ NLD တိုင်း/စည်း များ၏ သုံးသပ်ချက်နှင့် သဘောထားများ
၁။ ၄င်းကိစ္စများကို ရိုးသားမှုမရှိဟု မြို့ကြီးတမြို့မှ တိုင်း/စည်း တဦးမှ သုံးသပ်ပြီး ဒီပွဲတွင် မိမိတို့လုံးဝ ရှုံးနိမ့် နိုင်မည်ဟုသုံးသပ်ပြီး ဆန္ဒခံယူပွဲကို ဖျက်ပစ်ရန်ဆန္ဒ ရှိပါသည်။
၂။ဌါနဆိုင်ရာတခုမှ အရာရှိတဦးကမူ ၄င်းပွဲတွင် ထောက်ခံမဲများ ရရှိပါက ၄င်းတို့ထင်တိုင်းကြဲနိုင်ပြီး ပြည်သူလူထုဒုက္ခရောက် မည်ဟု မှတ်ချက်ပြုပါသည်။
၃။အဖွဲ့ချုပ်ဗဟိုမှလူကြီးများမှာပြည်သူလူထုမှကန့်ကွက်မဲပေးကြမည်ဟုအထင် ဖြင့်မျှော်လင့်နေကြပြီးအောက်ခြေတွင် နအဖ မှ ပြည်သူလူထုကိုမည်သို့မည်ပုံ စည်းရုံးသိမ်းသွင်းနေသည်ကို သိရှိခြင်းမရှိပါ ။ဆန္ဒခံယူပွဲ ၏ အကျိုးကျေးဇူး အဆိုးအကောင်းကို ပြည်သူများသိရှိနိုင် ရန် အင် တိုက် အားတိုက် နှင့် လုပ်ဆောင် နိုင် ခွင့် မရှိပါ။ ၄င်းတို့နှင့် နီးစပ် ရာ အသိုင်းအ၀ိုင်းတွင် သာ လှုံ့ဆော်နိုင်ခဲ့ပါသည်။
၎။နအဖ မှာ အစစ အရာရာ သေချာအောင် စီစဉ်ပြုလုပ် ပြီးမှ မေလ (၁၀) ရက်နေ့ ကိုကျင်းပရန်ကြေငြာခဲ့ပါသည်။
TV တွင် ပြသနေသော မဲပေးပုံ မဲပေးနည်း နည်းစနစ် များမှာ အယောင် ပြ ယုံ ဖြစ်ပြီး လူကြားကောင်းအောင် ပြောနေခြင်းများဖြစ်ပါသည်။

မိမိ၏ သုံးသပ်ချက်

၁။ယခုဆန္ဒခံယူပွဲတွင် မိမိတို့ဘက်မှ လုံးဝမနိုင်နိုင်ပါ။
၂။မိမိတို့၏ အထင်မှာ စစ်တပ် /ရဲ / ဌါနဆိုင်ရာ / ကြံ့ဖွံ့ / စွမ်းအားရှင် / မီးသတ် /ကြက်ခြေနီ / ယရက / အမျိုးသမီးရေးရာ / မိခင် နှင့် ကလေးစောင့်ရှောက်ရေးတို့တွင် ရှိနေသော ပြည်သူများထဲတွင် ၄င်းတို့ကို မကြိုက်သူများရှိနေမည် ဟု မိမိ တို့ ထင်မှတ်နေပါသည်။၎င်းမှာ မှန်ပါသည် ။ သို့ပင်မဲ့ နအဖ အစိုးရသည် ၄င်းကိစ္စကိုမိမိတို့ထက် ကြိုသိနေပြီး အဖွဲ့အစည်း အားလုံး၏အဖွဲ့ဝင်အားလုံးအတွက်ထောက်ခံမဲကိုကြိုတင်ပေးစနစ်ဖြင့်ုအတင်းအကြပ် ရယူ ပြီး ဖြစ်သည်။
၃။၎င်းကိစ္စကိုပြည်တွင်းပြည်ပရှိအင်းအားစု အားလုံးသို့ ချက်ချင်းအသိပေး ကြောင်းကြား ပြီး မည်သို့ ဆက်လုပ်ရမည်ကို ချက် ချက်ဆွေးနွေးပြီး အကြောင်းပြန်စေချင်ပါသည်။ှ
၎။နအဖ မှာ ၄င်းတို့ သေချာပေါက်နိုင်ရန် ကြိုတင်အကွက်ချပြီး ဖြစ်သည်။
၅။မိမိတို့၏မဟာမိတ်အဖွဲ့အစည်းများကိုချက်ချင်းအစည်းအဝေး ခေါ်ယူပြီး ဆုံးဖြတ်ချက်တခု အမြန်ဆုံးပို့ပေးပါရန်

မှတ်ချက်။
အရေးကြီး သဖြင့် ချက်ချင်းဆောင် ရွက်စေချင်သည်။

သင်တို့၏သွေးသောက်ရဲဘော်
myochit myanmar news

ဆက်လက်ဖတ်ရှုရန်...

Wednesday, April 16, 2008

ဆန္ဒခံယူပွဲ ဆန့်ကျင်လှုပ်ရှားသူတွေ ထပ်မံဖမ်းဆီးခံရ

16-4-2008

မြန်မာစစ်အစိုးရက ကျင်းပပေးဖို့ရှိတဲ့ လူထုဆန္ဒခံယူပွဲ နီးကပ်လာတာနဲ့အမျှ အာဏာ ပိုင်တွေဘက်က အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းတဲ့ဆီးတဲ့ အသံတွေ
လည်း ဆက်တိုက်ဆိုသလို ကြားနေရပါတယ်။ အခုနောက်ဆုံးဆိုရင်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) က မြို့နယ်စည်းရုံးရေးမှူးတဦးကို အာဏာပိုင်
တွေက ဖမ်းဆီးအရေးယူတာတွေ လုပ်ခဲ့ပါသေးတယ်။ အကြောင်းစုံကို ကိုအောင်လွင်
ဦးက တင်ပြပေးထားပါတယ်။

ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းတာဆီးတာတွေ ဆက်လက်ရှိနေရာမှာ အခုနောက်ဆုံး ရန်ကုန်မြို့ အလုံမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(အန်န်အယ်လ်ဒီ) တွဲဖက်အတွင်းရေးမှူး ကိုမျိုးညွန့်ကို အာဏာပိုင်တွေက ခေါ်ယူ
ထိန်းသိမ်းခဲ့ပြီး အခုဆိုရင် ထောင်ဒဏ်အပြစ်ပေး အရေးယူတဲ့အထိ လုပ်ခဲ့တာပါ။
တနင်္လာနေ့ မနက်အစောပိုင်းက မိသားစုနေအိမ်မှာ ရောက်နေတုန်း ဧည့်စာရင်းမတိုင်
လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ သူ့ကို ဖမ်းဆီးအရေးယူခဲ့တာလို့ အန်န်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ်
ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အလုံမြို့နယ်က တွဲဖက်အတွင်းရေးမှူး ကိုမျိုးညွန့်။ အရင်တုန်းကတော့ လူငယ်ပေါ့။
အခုတော့ ဗဟိုမှာလည်း လူငယ်အထောက်အကူပြုပေါ့၊ အမြဲတမ်းလာတယ်။ သူ နဂို
နေတဲ့အိမ်ကနေ အခု သူ့သန်းခေါင်စာရင်းက ဒဂုံကိုရောက်နေတာပေါ့၊ အမေနဲ့
အတူတူ။ အဲဒီမှာ မနေ့ညက နှစ်နာရီမှာဝင်ဖမ်းတယ်။ ဧည့်စာရင်းမတိုင်မှုနဲ့။ ဒီနေ့
သူ့ကို ထောင် ၁၅ ရက်ချတယ်။”

ဒီလို ဧည့်စာရင်းတိုင်ဖို့ ပျက်ကွက်လို့ အာဏာပိုင်တွေက ဖမ်းဆီးအရေးယူခဲ့တာ ဖြစ်ပေ
မယ့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ ကိုမျိုးညွန့်ရဲ့ မကြာသေးခင် ကာလတွေ
အတွင်း လုပ်ကိုင်နေတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့်သာ အခုလို အရေးယူခံရတာလို့
ဦးဉာဏ်ဝင်းက ယုံကြည်ထားတာပါ။

“ဒါကတော့ အကြောင်းရှာတာပေါ့ဗျာ။ အဓိကကတော့ အခုကာလမှာ ကိုမျိုးညွန့်ရဲ့ လှုပ်ရှားမှုအပေါ်မှာ အခြေပြုပြီး ဖမ်းဆီးပြစ်ဒဏ်ချတယ်လို့ ကျနော်တို့ ဒီလိုပဲမြင်ပါ
တယ်။ ကိုမျိုးညွန့်က ကျနော်ကြားတာ ပြည်သူသို့ ပန်ကြားချက်ဆိုတာကို သူ့ကိုယ်ပိုင်
သီးခြား အစောင်တရာလောက်ဝယ်ပြီးတော့ ဖြန့်ဝေတယ်ပေါ့။ အဲဒီလို ကျနော်တို့
ကြားရတယ်။ အဖွဲ့ချုပ်အနေနဲ့ မြို့နယ်စည်းရုံးရေးအဖွဲ့အနေနဲ့ ဆောင်ရွက်တာ
သတ်သတ်၊ သူ့ကိုယ်ပိုင်ကိုတောင် သူက အဲလိုဆောင်ရွက်တယ်။ ဒါတွေအတွက်
သူ့ကို စောင့်ကြည့်ခံရတယ်လို့ ကျနော်တို့ ကြားရတယ်။”

မကြာခင် မြန်မာစစ်အစိုးရက ကျင်းပပေးမယ့် လူထုဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲပေးကြဖို့ အန်န်အယ်လ်ဒီက ထုတ်ပြန်ထားတဲ့ ကြေညာချက်ကို တက်တက်ကြွကြွ လိုက်လံဖြန့်ဝေ
နေတာမို့ အာဏာပိုင်တွေက အရေးယူအပြစ်ပေးတာ ခံခဲ့ရတာဖြစ်တဲ့အကြောင်း
ဦးဉာဏ်ဝင်းက ပြောပြခဲ့တာပါ။

အန်န်အယ်လ်ဒီက တက်ကြွလှုပ်ရှားသူတွေကို အာဏာပိုင်တွေဘက်က ဖမ်းဆီးမှုတွေ ရှိနေတဲ့အထဲက ဒါဟာ နောက်ဆုံးဖြစ်ရပ်လို့ ဆိုရမှာပါ။ ဒီလဆန်းပိုင်းတုန်းကလည်း
ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် အန်န်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးတင်မြ၊ နောက် လူငယ်
စည်းရုံးရေးမှူး ကိုအောင်ထွန်းတို့ဟာလည်း နေအိမ်တွေမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီ မတိုင်ခင်တုန်းကလည်း သင်္ကန်းကျွန်းမြို့နယ်ထဲက အန်န်အယ်လ်ဒီလူငယ် ၆ ယောက်
ကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါသေးတယ်။ ဒီလို အန်န်အယ်လ်ဒီ အဖွဲ့ဝင်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ပစ်မှတ်ထား အရေးယူနေတာဟာ ဒီမိုကရေစီ ဖော်ဆောင်ပါမယ်လို့ အာဏာပိုင်တွေရဲ့အပြောနဲ့ ကွဲလွဲနေပါတယ်လို့လည်း ဦးဉာဏ်
ဝင်းက မှတ်ချက်ပေးပါတယ်။

“သူတို့က ဒီမိုကရေစီဆောင်ရွက်မယ်လို့ ပြောပေမယ့် ဒီမိုကရေစီ လက္ခဏာ တစုံတရာ
ကိုမှ မပြဘူး။ မပြတဲ့အပြင် ဒီမိုကရေစီအရ ရထိုက်တဲ့အခွင့်အရေး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကိုလည်း အနှောင့်အယှက်တွေ အများကြီးပေးနေတယ်လို့
ကျနော် ပြောချင်ပါတယ်။”
အန်န်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းပါ။

အလားတူဆိုသလိုပဲ အန်န်အယ်လ်ဒီအဖွဲ့ဝင်တွေ အပါအ၀င် အတိုက်အခံ နိုင်ငံရေး
လှုပ်ရှားသူတွေကို ဖမ်းဆီးအရေးယူမှုတွေ ဆက်တိုက်ဆိုသလို ရှိနေတဲ့အပေါ် လူ့အခွင့်
အရေး လှုပ်ရှားနေသူတွေက စိုးရိမ်ပူပန်ကြတဲ့ အသံတွေကိုလည်း ကြားနေရတာပါ။ ဒီလဆန်းတုန်းကလည်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty
International) က အခြေခံဥပဒေတရပ်ကို အတည်ပြုဖို့အတွက် မြန်မာစစ်အစိုးရက
မေလ ၁၀ ရက်နေ့မှာ ကျင်းပဖို့ရှိတဲ့ ဆန္ဒခံယူပွဲ နီးလာလေလေ ဖိနှိပ်မှုတွေ ပိုမို
များပြားလာလေလေဖြစ်မှာကို စိုးရိမ်မကင်းဖြစ်ရတဲ့အကြောင်း ပြောဆိုခဲ့ပါသေးတယ်။

မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ် စစ်တွေမြို့မှာလည်း သင်္ကြန်ကာလအတွင်း
ဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲပေးကြဖို့ လှုံ့ဆော်သူ အနည်းဆုံး ၂၀ ကျော်ကို အာဏာပိုင်
တွေက ဒီရက်ပိုင်းမှာပဲ ဖမ်းဆီးခဲ့တယ်လို့ အန်န်အယ်လ်ဒီနဲ့ တက်ကြွလှုပ်ရှားသူ နိုင်ငံ
ရေးအသိုင်းအ၀ိုင်းက ပြောပြကြပါတယ်။ ဖမ်းဆီးခံရသူတွေရဲ့ နောက်ဆုံးအခြေအနေ အသေးစိတ်ကတော့ အတိအကျ မသိရသေးပါဘူး။
VOA NEWS

ဆက်လက်ဖတ်ရှုရန်...